Tuesday, September 6, 2016

မင်းကိုနိုင် ● ဂုဏ်ဆိုတာ ဘာလဲ


မင်းကိုနိုင် ● ဂုဏ်ဆိုတာ ဘာလဲ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ဦးတို့ငယ်ငယ်က တချို့လူကြီးတွေဟာ တနေ့ကျရင် အိမ်ထဲမှာ ရုပ်ရှင်ထိုင်ကြည့်ရမယ်ဆိုတာ မယုံကြဘူးကွ”

“ဘယ်လို နားမလည်ဘူး”

“အဲဒီတုန်းက တီဗီတွေ မပေါ်သေးဘူး လေကွာ။ ရုပ်ရှင်ရုံတွေမှာပဲ တန်းစီကြရတယ်၊ တိုးကြရတယ်။ ရုပ်ရှင်ရုံဆိုတာ လူ တွေထောင်နဲ့ချီ ကြည့်နေတော့ စိတ်ထဲမှာ ရုပ်ရှင်ရုံကို အိမ်ထဲထည့်လို့မရဘူးဖြစ်နေတာပေါ့”

“အခုတော့ ရုပ်ရှင်တွေကို လက်ဖ၀ါးထဲ ထည့်ကြည့်လို့တောင်ရနေပြီလေ ဦးဦးရဲ့။ ရုပ်ရှင်မှ တစ်ကားတောင် မဟုတ်ဘူး။ အများကြီးထည့်ထားတာ။ မိုဘိုင်းရုပ်ရှင်ရုံပေါ့။ လူသွားတိုင်းလိုက်ရွှေ့နေတဲ့ ရုပ်ရှင်ရုံ”

“ဘယ်လိုလဲကွ”

“သမီးဖုန်းထဲမှာလေ။ ကြည့်…ရုပ်ရှင်တွေ အများကြီး။ ဘိုးဘိုးတို့ခေတ်က လူတွေ အရမ်းအံ့သြမှာနော်။ မိုဘိုင်းရုပ်ရှင်ရုံတောင်
ပေါ်လာမယ်ဆိုတာ ပြောရင်”

“မအံ့သြဘူးကွ။ မိုဘိုင်းရုပ်ရှင်ရုံက ဦးတို့ ငယ်ငယ်ကတည်းက ရှိပြီးသား”

“ဟာ…ဟုတ်လည်း မဟုတ်ဘဲနဲ့”

“တကယ်ကွ။ ဆလွန်းကားလေးလောက်ရှိတဲ့ လက်တွန်းလှည်းကို သွပ်ပြားတွေနဲ့ အလုံပိတ်တယ်ကွာ။ ရှေ့ခန်းမှာ လက်နဲ့ လှည့်ပြရတဲ့ ရုပ်ရှင်ပြစက်က ထိုးပြတာ”

“စောင်းဘောက်တွေ တပ်ထားလား။ အသံအတွက် ဘာစောင်းဘောက်မှ မလိုဘူး။ ပြတဲ့လူက လက်တဖက်က ပြစက်ကို လှည့်တယ်။ နောက်တဖက်က ဗုံနဲ့လင်ကွင်းကို အဆက်မပြတ်တီးတာ တုံချမ်း တုံချမ်းနဲ့ ပါးစပ်ကလည်း အနားမနေရပါဘူး။ ဇာတ်ကြောင်းပြောလိုက်၊ သရုပ်ဆောင်လိုက်နဲ့”

“အထဲမှာ အဲကွန်းရှိလား”

“ကြံကြံဖန်ဖန်ကွာ။ ပန်ကာတောင် မရှိဘူး။ ကလေးတွေ ကြည့်တဲ့ ရုပ်ရှင်ရုံပါဆို။ ပူအိုက်ပြီး ချွေးတွေ ရွှဲနေတာပဲ။ ပြန်ထွက် လာပြီဆို အင်္ကျီတွေပါ ချွတ်ကုန်ကြတာ များတာ”

“အမလေး သမီးဆို အိုက်လို့ သေမှာပဲ။ ရုပ်ရှင်တစ်ကားက တစ်နာရီလောက် ကြာတာ”

“မဟုတ်ဘူး သမီးရဲ့။ ရုပ်ရှင်ဖလင် အပိုင်းအစလေးတွေ လျှောက်ကောက်ဆက်ပြီး ပြတာ။ ဘာမှမကြာဘူး။ သုံးလေးမိနစ် လောက်ပဲ”

“ဟင်…ဘာမှလဲ မဟုတ်ဘဲနဲ့ ပင်ပန်းလိုက်တာ”

“ခုခေတ် ပေါများနေတော့ ဒီလိုပြောတာပေါ့ကွယ်။ ဟိုတုန်းက ရုပ်ရှင်ကြည့်ဖို့ဆိုတာ မဟာအခွင့်အရေးကြီးကိုး။ စာမေးပွဲပြီးရင်ရုပ်ရှင်လိုက်ပို့မယ်တို့၊ လူကြီးတွေကျေနပ်အောင် တစ်ခုခုလုပ်ပေးလို့ ဆုချတဲ့အနေနဲ့ ရုပ်ရှင်ပြမယ်ဆိုတာမျိုး ရှားပါးတာ ကိုး သမီးရဲ့ ”
/-*-*-*-/

“တီဗီပေါ်ခါစကဆို လမ်းတစ်လမ်းမှာ တီဗီရှိတဲ့အိမ်မှာ လူတွေစုကြည့်ကြတာ”

“ဟုတ်လား ။ အများကြီးလား လူတွေလာတာ”

“အေးပေါ့။ ပြီးရင် နေကြာစေ့ခွံတွေ၊ ဆီးယိုထုပ်တွေရှုပ်ပွပြီး ကျန်ခဲ့တာ။ ရုပ်ရှင်ရုံအတိုင်းပဲ”

“တီဗီရှိတဲ့ အိမ်ရှင်တွေ စိတ်ညစ်ရမှာပေါ့နော်”

“ညစ်တော့ ညစ်တာပေါ့ကွာ။ ဒါပေမယ့် သူက ဂုဏ်ရှိတယ်လေ။ အိမ်ခေါင်မိုးမှာ ငါးရိုးထောင်ထားရင် လူတွေ အားကျရပြီပေါ့”

“ဘာ…ငါအရိုးလဲ”

“တီဗီအင်တင်နာလေကွာ။ ငါးအလယ်ရိုးနဲ့ တူလို့ အဲသလိုခေါ်ကြတာ။ သူငယ်ချင်းအသစ်တွေ ပေါင်းလို့ အိမ်အလည်သွားရင် ခေါင်မိုးမှာ ငါးရိုး ရှိ/ မရှိ ကြည့်ပြီး သူဌေးပဲ၊ ဘာပဲ သတ်မှတ်ကြတာကွ”

“ဟား…ဟား…။ ဟုတ်လား ရယ်စာရာကြီး”

“ခုတော့လည်း ရယ်စရာပေါ့ကွာ။ ဟိုတုန်းကတော့ မော်စရာ ကြွားစရာ သမီးရဲ့ ”
--/*-*-*-*/--

“သမီးအဘိုးတို့ ငယ်ငယ်တုန်းက ဓာတ်စက်ဆိုတာ ရှိတယ်။ဓာတ်ပြားထည့်ပြီး သံပတ်ကို လက်နဲ့လှည့်ဖွင့်ရတာ။ အဲဒါသံ ပတ်ကုန်သွားရင် သီချင်းက အီလည်လည်ကြီး နှေးပြီးရပ်သွားတာ။ ဦးတို့လည်း ငယ်ငယ်တုန်းက အဲဒါကို ပြောရင်သိပ်ရယ်ရ တာပဲပေါ့ ။ နောက်တော့ မရယ်ရက်တော့ပါဘူး”

“ဘာလို့လဲ ဦးဦးရဲ့”

“သမီးကြည့်လေ။ ဘိုးဘိုးအိမ်ခေါင်မိုးမှာ ဘာရှိလဲ”

“ဟုတ်တယ်၊ သမီးလည်းပြောမလို့ အဲဒါကြီးက အကြီးကြီးနဲ့ အိမ်ကိုတောင် ပိတော့မယ်”

“အဲဒါ ရှစ်ပေ စလောင်းခေါ်တယ် သမီး။ တချိန်တုန်းက ငါးအရိုးတွေ အိမ်တိုင်းတပ်ပြီးတဲ့ခေတ်မှာ၊ ရှစ်ပေစလောင်း တပ်တဲ့ အိမ်ကလူတွေ အားကျရတဲ့ တစ်ခေတ် တကယ်ရှိခဲ့တာကိုး။ သူက အစိုးရပြတဲ့လိုင်းတင် ကြည့်နေရရာက တခြားလိုင်းတွေ ဖမ်းလို့ရတယ် မဟုတ်လား”

“ဘယ်လို အစိုးရကပြတာပဲ ဖမ်းလို့ရတာလဲ”

“အေး…သမီးတို့ မမွေးသေးတော့ ဘယ်သိမလဲ။ တီဗီသာရှိတာ အခုခေတ်လို အင်တာနက်ကတော ကိုယ်ကြည့်ချင်တာ လိုက်ရှာလို့ ရတာမဟုတ်ဘူး။ ချန်နယ်တွေလည်း ရွေးခွင့် မရှိဘူးလေ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါပဲကြည့်။ သူ့ဟာကြီးပဲ ထိုင်ကြည့်နေရတာ”

“ဦးဦးကလည်း ပြောရင်း ဒေါတွေကန်နေပြီ”

“သတိရလို့ပါကွာ။ ကြည့်တဲ့ လူတွေကလည်း ရုပ်မြင်အသံကြားနေတာကိုပဲ ကုသိုလ်ထူးလှပြီထင်ရာက ရွေးစရာတွေ ရချင် လာတော့ ရှစ်ပေစလောင်းမြင်ရင် အားကျတဲ့ခေတ် တကယ်ဖြစ်ခဲ့တာ”

“ဟုတ်တယ် သမီး၊ ဒီရှစ်ပေစလောင်းကြီးကို ဓာတ်ပုံ ရိုက်ထား။ နောင် မွေးလာမယ့်ကလေးတွေ လက်ထက်ပြလိုက်ရင် ခွက်ထိုးခွက်လှန် ရယ်ကြမှာ။ ဂြိုဟ်တုက လွှင့်တာဖမ်းဖို့ ဒီလောက်တောင်ပင်ပန်းခံကြသလား။ ခေါင်မိုးအလေးခံပြီး ထမ်းခဲ့ ကြသလားလို့ ပြောမှာမဟုတ်လား”

“ဟုတ်တယ် ရယ်ကြမှာပဲ ”
--/*-*-*-*/--

“သမီးကိုင်တဲ့စမတ်ဖုန်းနဲ့ ကြီးကြီးကိုင်တဲ့ ဖုန်း လဲကိုင်မလား”

“အာ..ကြီးကြီးဖုန်းက ခေတ်တုံးနေပြီ။ သမီးကို သူငယ်ချင်းတွေ ၀ိုင်းဟားမှာပေါ့။ ဒီဖုန်းတောင် မော်ဒယ်အသစ် သမီးက လဲချင်နေတာ”

“အေး…အဲဒီကြီးကြီးကိုင်တဲ့ဖုန်းကလည်း တချိန်က ဖုန်းမကိုင်နိုင်တဲ့လူတွေ ငေးကြည့်ပြီး သွားရည်ယိုခဲ့ရတဲ့ လက်ကိုင်ဖုန်း ပဲကွယ့်”

“အို…ဟုတ်လား”

“ဟုတ်ပဗျာ..အဲဒီတုန်းက ဟန်းဖုန်းကိုင်နိုင်တယ်ဆိုတာ သူဌေးလေ”
--/*-*-*-*/--

“သမီး ဘာတွေ စဉ်းစားသွားတာလဲ”

“သြော်…မော်ဒယ်တွေ အောက်သွားတာ မြန်လိုက်တာ။ အသစ်တွေပေါ်တာနဲ့ အဟောင်းက အောက်သွားတာပဲလို့”

“အေးလေ ဖလင်ကနေ တိပ်၊ တိပ်ကနေ ဒစ်ဂျစ်တယ်၊ ခုဆို အင်တာနက်ထဲ ရှာကြတာ။ အသုံးအဆောင်တွေဆိုတာ အသစ် ထွင်နေကြဦးမှာပဲ။ အသစ်ပေါ်လာတော့ အဟောင်းတွေ အောက်သွားဦးမှပဲ။ အခုပဲ ကြည့်လေ။ စမတ်ဖုန်းတွေ ဟိုနေ့က ဂုဏ်ရှိတယ်။ တော်ကြာသူ့ကိုင်ရတာ ရှက်တောင် ရှက်တဲ့တစ်နေ့ ရောက်ဦးမယ်။ လူတွေအတွက် အသုံးအဆောင်တွေ ဆိုတာ အမြဲဂုဏ်ရှိဖို့ အားကျဖို့မဖြစ်နိုင်ဘူးပေါ့”

“အသစ်ကိုင်ရင် ဂုဏ်ရှိတယ်လေ”

“အေးလေ .. အဲဒီအသစ်ကလည်း နောက်တစ်မျိုးပေါ်ရင် အဟောင်းဖြစ်ဦးမှာလေ”

“အာ…ဟုတ်သားပဲ ”
--/*-*-*-*/--

“ဦးဦး..ဒါဆို အမြဲတမ်း လူတွေ အားကျစရာ အမြဲ ဂုဏ်ယူရမှာက ဘာလဲ”

“တခြား လူတွေကို လိုက်မေးဦးကွာ။ ဦးဦး မအားတော့ဘူး”

“လုပ်ပြီး အမြင်ကို ကတ်တယ်”
- #မင်းကိုနိုင်[ ပြည်သူ့အရေးဂျာနယ် ၊ အတွဲ - ၂၊ အမှတ် ၉၈ ဆောင်းပါးမှ

 http://blog.moemaka.com/2016/09/blog-post_6.html

No comments: