Sunday, September 18, 2016

အပန်းဖြေပါ ပန်းမခြွေပါနှင့်

အပန်းဖြေပါ ပန်းမခြွေပါနှင့်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဖတ်လိုက်ရသော စာပိုဒ်လေးတစ်ပိုဒ်ကို သဘော ကျမိသည်။ ပြန်ရေးပြဖို့ ရှာတော့ မတွေ့တော့။ မှတ်မိ သလောက် ပြန်ပြောရလျှင် ရွာ တစ်ရွာမှာ အမယ်အိုမုဆိုးမတစ်ဦး ရှိသည်။ တစ်နေ့...သူတို့ရွာကို ဓားပြ၀င်တိုက်တော့ ရွာလုံးကျွတ် ရှိသမျှပစ္စည်းတွေ ပါသွားသည်။ အမယ်အိုက ရွာကခွန်အားရှိသူ တွေ စုပြီး ဓားပြတွေနောက်လိုက် ကာ တိုက်ခိုက်ပြီး ပစ္စည်းတွေပြန် ယူလာခဲ့ဖို့ တိုက်တွန်းသည်။တုတ် တုတ်မျှ မလှုပ်ကြ။ နောက်ဆုံး တော့ အမယ်အိုက ဓားပြတွေ နောက်လိုက်သွားပြီး ဓားပြတွေ နှင့် ဘယ်ပုံဘယ်လို ညှိနှိုင်းခဲ့သည် မသိ။ တိုက်ရာပါပစ္စည်းအချို့ ပြန်ပါလာသည်။ သည်အချိန်ကျ မှ ရွာက သကောင့်သားတွေ တစ် စခန်းထတော့သည်။ အမယ်အို ပြန်ယူလာသည့် ပစ္စည်းတွေကို ခွဲ ဝေပေးဖို့ ဟိုပစ္စည်းက ဟိုလူပိုင် သည် ဒီပစ္စည်းက သည်လူပိုင် သည်နှင့် အမယ်အို့ကို ရန်လုပ်သူ ကလုပ်ကြသည်။ အသုံးမကျတဲ့ အဘွားကြီးဆိုပြီး မြည်တွန်သူက တွန်သည်။ တဲ့...။
စာရေးသူက လက်ရှိမြန်မာ နိုင်ငံအခြေအနေကို သူခံစားမိသ လို ပုံပြင်လေးတစ်ပုဒ်သဖွယ် တင်ခဲ့ခြင်းဖြစ်သည်။စာရေးဆရာ မဟုတ်၍ သူ့ရေးသားမှုက ရသ မြောက်ချင်မှ မြောက်ပါလိမ့်မည်။ အလင်္ကာတို့နှင့် တန်ဆာဆင်ထား သော်လည်း ဖွဲ့နွဲ့မှုပါချင်မှ ပါပါ လိမ့်မည်။ သို့သော် ကျွန်တော့် ရင်တွင်းသို့ နင့်နင့်နဲနဲ ၀င်သွားခဲ့ သည်။ ၁၉၄၅ ခုနှစ်ဖွား အမေ သည် အသက် (၇၁) နှစ်ကျော်ခဲ့ လေပြီ။ မြန်မာ့လူမှုဝန်းကျင်တွင် အသက် (၇၀) ကျော်အရွယ်သည် အမယ်အို အဘွားအိုအဖြစ်သို့ ရောက်နေလေပြီ။ ဇရာဒုဗ္ဗလအ ရွယ်သို့ ချင်းနင်းခဲ့လေပြီ။ သို့ သော် မုဆိုးမအမေကား မအိုနိုင် သေး။ ၀မ်းမနာသားသမီးများဇော၊ ဆင်းရဲတွင်းနက်နက် ပညာမဲ့မဲ့ သားသမီးမြေးမြစ်တို့၏ သောက ဒုက္ခများက အမေ့ကို အိုဇာတာ မ ကောင်းစေခဲ့။ တတိယအရွယ် ရောက်သည့်တိုင် အမေ့မှာ ဗုဒ္ဓ အဆုံးအမ ၀ိပဿနာအောက် ကျွတ်ကျွတ်လွတ်လွတ် မခိုလှုံ နိုင်သေး။ တစ်ကိုယ်ရေလွတ် မြောက်ရေးကို ဦးစားမပေးနိုင်။ သားအရင်းတို့၏ မေတ္တာငတ်မွတ် မှုကို မဖြေသိမ့်ပေးနိုင်။ မြန်မာ ၀တ်စုံအကျအန၀တ်၊ ပ၀ါခြုံကာ ခေါင်းတွင်ပန်းပန်လျက် အမေ လှုပ်ရှားသွားလာနေသည်က သူ့ အတွက်မဟုတ်။ သူ့သွေးသား ရင်းတို့အတွက်မဟုတ်။ ဆွေမျိုး   အရင်းအချာတို့အတွက် မဟုတ်။ သူ့ဖခင်ပျိုးခဲ့သော ပန်းလေးများ ညှိုးနွမ်းနေသည်ကို ပြန်လည် လန်းဆန်းလာအောင် သူ ရေ လောင်းပေါင်းသင်နေခြင်းဖြစ် သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာပြည်ကြီးကို နွံ ထဲက ဆွဲတင်ဖို့ သူကြိုးစားနေခြင်း သာဖြစ်သည်။
အသက်နှင့် မမျှအောင် ခရီး တွေထွက်နေရသည်။ အရွယ် နှင့်မလိုက်အောင် စကားတွေ မ နားတမ်းပြောရသည်။ ဇရာကို မမှုဘဲ စီမံခန့်ခွဲနေရသည်။ ချမ်း သာသည့်နိုင်ငံကြီးတွေဆီကနည်း ပညာရင်းနှီးမြှုပ်နှံမှုတွေ အကူအ ညီတောင်းရသည်။ သို့သော် လည်း သူ့မျှော်မှန်းချက်။ သူရည် ရွယ်သည့်ပန်းတိုင်ကို မသိသော သကောင့်သားများက ပုံပြင်ထဲက ရွာသားတွေပမာ သူ့ဆီက ဝေစု အတင်းအကျပ်ခွဲသည်။ ဝေဖန် ပြစ်တင်ရှုတ်ချသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကိုအကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်ခြင်း အပေါ် ပွက်လောဆူညံ ရိုက်သံတွေကိုကြားရသည်။ ကော်မရှင်နှင့် မဆက်ဆံ ကော်မရှင်နှင့် မပူးပေါင်းမဆောင်ရွက်ဟု ပြည်နယ်လွှတ်တော်က ဆုံးဖြတ်သည်။မပူးပေါင်းလျှင်ကော ကော်မရှင်ပျက်သွားမှာလားဟု ဆန်းစစ်ရန် ရှိသည်။ ကော်မရှင်နှင့် မပူးပေါင်းမဆောင်ရွက်လျှင် နစ်နာမည်က ရခိုင်ပြည်သူများသာ ဖြစ်ပါလိမ့်မည်။
အမေရိကန်သမ္မတနှင့်တွေ့ ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများအား ပြောကြားရာ တွင် ‘‘ရခိုင်ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ လူမျိုးရေးအမြင်ကွဲပြားမှု တွေ၊ တင်းမာမှုတွေကို လေ့လာ ဆန်းစစ်ဖို့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ခံရသူ တိုင်းကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိတာမျိုး လိုလား တယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ မှန်ကန် ကိုက်ညီတဲ့ ဘယ်သူမဆိုနိုင်ငံသား  အဖြစ် သတ်မှတ်နိုင်ရေး တတ်နိုင် သမျှအမြန်ဆုံးနဲ့ အမျှတဆုံး ဆောင်ရွက်နေပါတယ်။ ရခိုင် ပြည်နယ်နဲ့ ပတ်သက်ပြီး ကျွန်မ တို့လုပ်နေတာ အဲဒီကိစ္စတွေပါ။  အရင်ဆင်းရဲနွမ်းပါးပေမယ့် အ လားအလာကောင်းတွေ ကြွယ် ကြွယ်၀၀ ပိုင်ဆိုင်ထားတဲ့ ပြည် နယ်တစ်ခုမှာ ကွဲပြားတဲ့လူမှုအ  သိုက်အ၀န်းတွေကို စုစည်းဖို့ကြိုး စားဖို့ ကျွန်မတို့အစွမ်းကုန် ကြိုး စားဆောင်ရွက်နေတယ်ဆိုတာ ကို နိုင်ငံတကာက သိရှိနားလည်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ ကျွန်မတို့စုပေါင်းပြီး ရခိုင်ပြည် နယ်ရဲ့ အလားအလာကောင်းတွေ ကို ဖွံ့ဖြိုးတိုးတက်လာအောင်လုပ် ဆောင်ပေးနိုင်ရင်၊ စည်းလုံးညီ ညွတ်မှုကိုပျက်ပြားစေတဲ့ ဆင်းရဲ နွမ်းပါးမှုကို တိုက်ဖျက်ပေးနိုင်မယ် ဆိုရင်၊ ဒါဟာ နိုင်ငံတစ်နိုင်ငံ တည်းကို သာမကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပါ အမြင်ကွဲ ပြားမှုတွေကို ကျော်လွှားနိုင် ကြောင်း၊ မတူကွဲပြားမှုတွေကို ပေါင်းစည်းနိုင်ကြောင်း၊ သံသယ နဲ့ နားလည်မှုလွဲမှားခြင်းတွေကို ဖယ်ရှားနိုင်ပြီး အတူလက်တွဲ ဖြေ ရှင်းနိုင်ကြောင်း ပြသနိုင်တဲ့ အကျိုးကျေးဇူးမျိုး ဖြစ်လာစေမှာပါ’’
ကမ္ဘာကို ကြေညာခဲ့သည့် ရခိုင်နှင့်ပတ်သက်သည့် ရှေ့လုပ် ငန်းစဉ်ဖြစ်သည်။ ရခိုင်တိုင်းရင်း သားအချို့စိုးရိမ်သလို အချုပ်အ ခြာအာဏာထိပါးခြင်းတို့၊ ရိုဟင် ဂျာလူမျိုးတရားဝင်ဖြစ်ခြင်းတို့စိုး စဉ်းမျှမပါ။ ဒုသမ္မတ ဂျိုဘစ်ဒန် အိမ်မှာ နံနက်စာ စားကြတော့ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီဥက္ကဋ္ဌက တောင် ရိုဟင်ဂျာကိစ္စနှင့်ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်မှုအပေါ် မောက်မောက်မာ မာ တုံ့ပြန်သည်ဟု စိတ်မကျေမ နပ်ဖြစ်ရသည်အထိ ပြတ်ပြတ် သားသား တုံ့ပြန်ခဲ့သည်တဲ့။
ပြည်သူပြည်သားတို့ မမေ့မ လျော့ကြပေမယ့် အချို့အတ္တနောမတိဖုံးနေသော ပုဂ္ဂိုလ်များ အမေ အိုလာရာလမ်းကို မေ့လျော့နေ လေရော့သလား။ မေ့ဟန်ဆောင် နေသလားမသိ။ လင်ကွဲသားကွဲ ဖြင့် အပုပ်ချမှုအမျိုးမျိုး၊ ယုတ်မာ ရိုင်းစိုင်းမှုအမျိုးမျိုးကို နှစ်ပေါင်း များစွာ ခါးစည်းခံခဲ့ရသည်ကို လျစ်လျူရှုလေသလား။ ဗိုလ်မင်း ရောင်မှစ၍ အမေအဆင်ပြေနေ တဲ့ အချိန်မှာလာရင် သူတို့အမေ့ ကိုပြောကြမယ်ဆိုသည့် သားငယ် ကင်မ်၏ နှလုံးသားများအထိ အမေ့မျိုးဆက်က သူ့ကျော်ကြားမှု၊ သူဂုဏ်သိန်၊ သူ့ဥစ္စာဓနအတွက် တိုင်းပြည်ကို ချနင်းမည်လားဆို သည်မှာ တွေးစရာပင်မလိုသည့် အရာသာဖြစ်သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ချင်းအတူတူ အမေ က နှာတစ်ဖျားသာသည်။ စွန့်လွှတ်တဲ့သူချင်း တူလျှင်တောင် အမေက တစ်ဆစ်တစ်မြစ်ပိုပါလိမ့်မည်။ အမေရိကန်လွှတ်တော်အ မတ် မစ်ခ်ျမက်ကော်နယ်လ်က ‘‘ဒေါ်အောင်ဆန်းစုကြည်က မ ဟတ္တမဂန္ဒီလို ငြိမ်းချမ်းရေးသင်္ကေ တတစ်ခုအဖြစ် ရပ်တည်နိုင်တဲ့ လမ်းကြောင်းမျိုးရွေးချယ်ခွင့်ရှိခဲ့ တယ်။ ဒါပေမဲ့ အဲဒီအစား သူက မာဂရက်သက်ချာရဲ့လမ်းကို ရွေး ခဲ့တယ်။ နိုင်ငံရဲ့ အမှောင်ခေတ် မျိုးမှာ သူ့ရဲ့တာဝန်ကို မရှောင်လွှဲ ဘဲ လက်ခံယူခဲ့တယ်’’ဟု မှတ် ချက်ပြုခဲ့သည်။
အမေရိကန်သမ္မတအိုဘား မားက ‘‘မြန်မာနိုင်ငံရောက်ပထမ ဆုံးအမေရိကန်သမ္မတအနေနဲ့ အဲ ဒီကို ကျွန်တော်ရောက်သွားချိန် မှာ အလားအလာကောင်းတွေ အများကြီးကို သတိထားမိတယ်။ ဒီအလားအလာကောင်းတွေကို လက်တွေ့ကျကျအခွင့်အရေးအ ဖြစ် အသုံးချဖို့ ဦးဆောင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် တခြားဘယ်သူမှ ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အနာဂတ်ကို ကျွန်တော်တို့အများ ကြီး မျှော်လင့်ထားပါတယ်’’တဲ့။
သူတို့တွေ ဒေါ်အောင်ဆန်းစု ကြည်ကို မြှောက်ပင့်ပြောဆိုနေ သည်ဟု ထင်ပါသလား။ နိုင်ငံရပ် ခြားမှ ကမ္ဘာ့အဆင့်ပုဂ္ဂိုလ်များက ထိုသို့ ယုံကြည်မျှော်မှန်းနေချိန် တွင် ပြည်တွင်းမှ ပုဂ္ဂိုလ်အချို့က တော့ ငါတို့အစာပဲစား၊ငါတို့အ ချင်းချင်းပဲယူ၊ ငါတို့ပဲ အုပ်ချုပ်၊ ငါတို့ပဲ မင်းသားကြီးလုပ်မယ်ဆို သော အတွေးမျိုးနှင့် ပြည်တွင်း ရေးကိုဝင်မရှုပ်နှင့် ကိုယ့်ပြဿနာ ကိုယ်ရှင်းမည်ဆိုသည့် စစ်အစိုးရ လက်သုံးစကားကို မြိန်ရေရှက်ရေပြောပြီး လေထဲတိုက်အိမ်ဆောက်တုန်းဖြစ်သည်။
ယမန်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီ ၁၀ ခုတို့စုပေါင်းကာ ရခိုင်ကော်မရှင်ဖွဲ့စည်းခြင်းကို တရားမ၀င်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
သြော်...ကိုယ်မရှင်းလင်းခဲ့ မရှင်းနိုင်ခဲ့သည့် ပြဿနာကြီးကို အမယ်အို လက်ထဲထည့်ပြီးခါမှ အချုပ်အခြာအာဏာ ထိပါးမှာ နိုင်ငံတော်လုံခြုံရေးထိခိုက်မှာ စိုး ရိမ်ပြန်သတဲ့ဟုသာ အံ့သြလိုက်ရ သည်။
 လက်သန်းဖျားမှာ မင်စွန်း နေသူတိုင်းကတော့ ရွာကိုမည် သူက ဓားပြ၀င်တိုက်သွားသည်။ မည်သူက သူရဲဘောကြောင်သည်။ အမယ်အိုဆီမှ မည်သူက ဝေစုခွဲနေသည်ကို ပြတ်ပြတ်သား သား မြင်ပြီးဖြစ်သည်။ အမယ်အို စွမ်းဆောင်သမျှကို မယုံကြည်ခွင့် ရှိပါသည်။ ပျက်စီးအောင်တော့ မလုပ်စေချင်ပါ။ အဆိုတော် ညိုမြလေး၏ သီချင်းတစ်ပုဒ်ကိုသာ အော်ညည်းလိုက်ချင်သည်။ အပန်းဖြေပါ ပန်းမခြွေပါနှင့် ဟု...။

http://www.7daydaily.com/story/75735

No comments: