Monday, September 12, 2016

မဲသဝေါဒေသတွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာသောကြောင့် မြိုင်ကြီးငူသို့ တိမ်းရှောင်လာသူ ၄၀၀၀ ခန့် ရှိလာ

မဲသဝေါဒေသတွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာသောကြောင့် မြိုင်ကြီးငူသို့ တိမ်းရှောင်လာသူ ၄၀၀၀ ခန့် ရှိလာ

Monday, September 12, 2016
 
စက်တင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၀န်းကျင်မှ စ၍ ကရင်ပြည်နယ် မဲသဝေါဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းကြောင့် မြိုင်ကြီးငူသို့ တိမ်းရှောင်လာရသူ ၄၀၀၀ ခန့် ရှိလာကြောင်း သတင်းရရှိသည်။
...
မဲသဝေါဒေသ၌ ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့် စက်တင်ဘာ ၉ ရက်မှစ၍ ဒေသခံကျေးရွာ ၁၂ ရွာခန့်မှ ရွာသူရွာသား ၂၂၀၀ ကျော်အား မြိုင်ကြီးငူဒေသသို့ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရွှေ့ပြောင်း ရှောင်တိမ်းခဲ့ခြင်းဖြစ်သည်။
“ဆရာတော်ရဲ့ အစီအစဉ်ပါ။ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်လာရင် ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်မှာ စိုးလို့ပါ။ ပစ်ခတ်မှုတွေကြောင့် ပိတ်မိနေရင် အန္တရာယ် မဖြစ်အောင် ဆရာတော်က ကားတွေနဲ့ လာကြိုပြီး ရှောင်တိမ်းခိုင်းလိုက်တာပါ” ဟု မဲသဝေါဒေသမှ BGF တပ်မှူးတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၁၀ ရက်အထိ မြိုင်ကြီးငူ ဒေသသို့ ကျေးရွာပေါင်း ၁၂ ရွာမှ မိသားစု ၃၇၂ စု၊ လူဦးရေ ၂၂၁၂ ဦး ရွှေ့ပြောင်းလာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် နောက်ထပ်ကျေးရွာ ကိုးရွာမှ လူဦးရေ ၂၀၀၀ ကျော်ကို ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု သိရသည်။
“အခု လူနှစ်ထောင်ကျော်အတွက် တစ်နေ့ကို ဆန် ၂၃ အိတ် ကုန်ပါတယ်။ သက်သတ်လွတ် ကျွေးတာပါ။ နောက်ထပ်ရောက်လာမယ့်သူတွေ အတွက်ရော ဆိုရင် တစ်နေ့ကို ဆန်အိတ် ၄၀ လောက် ကုန်လိမ့်မယ်။ ကျန်းမာရေး အတွက်တော့ မြိုင်ကြီးငူ အထူးဒေသက တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင် ဦးစီးပြီး ဆေးခန်းဖွင့် ကုသပေးနေပါတယ်” ဟု မြိုင်ကြီးငူသို့ ရောက်ရှိနေသည့် မြ၀တီမြို့ခံ တစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၂ ရက်ညနေမှစပြီး နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသလို ရင်ဆိုင်တိုက်ခိုက်ရမှုများလည်း ရှိကြောင်း၊ ခွဲထွက် DKBA အဖွဲ့မှ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်လာမည် ဆိုလျှင် အပြန်အလှန် တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် မြိုင်ကြီးငူဆရာတော်ကြီးက ဒေသခံပြည်သူများအား ဒုက္ခ မဖြစ်စေလိုခြင်းကြောင့် စစ်လွတ်ရာသို့ ရှောင်တိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Writer:
ကိုရွှေသိန်း
Eleven Media Group
 


 
 

No comments: