Monday, September 12, 2016

အစိုးရသစ်၏ စီမံကိန်းသစ်ကြီးများအတွက် မြစ်ဆုံက ပေးတဲ့ သင်ခန်းစာ

အစိုးရသစ်၏ စီမံကိန်းသစ်ကြီးများအတွက် မြစ်ဆုံက ပေးတဲ့ သင်ခန်းစာ
 
12 September 2016
 
// သတင်းဆောင်းပါး //
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်သည် မတ် ၃၁ တွင် စတင်တာဝန်ယူပြီးနောက် ၀န်ကြီးဌာနသစ်များ၏ သဘောထားကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် စီးပွားရေး လုပ်ငန်းများက စောင့်ကြည့်လျက်ရှိလာပြီး တရုတ်နိုင်ငံနှင့် တရုတ်ကုမ္ပဏီများက ထိပ်ဆုံးမှ ပါဝင်သည်။ ယခုအထိမူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှုများရရှိရန် ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။
အစိုးရသစ်သည် သစ်ထုတ်လုပ်ခြင်းအား ယာယီပိတ်ပင်ခဲ့ပြီး သတ္တုတွင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနတို့ကို ပေါင်းစပ်ခဲ့သည်။ ထို့အပြင် ဖားကန့်ဒေသရှိ ကျောက်စိမ်းတွင်းများနှင့် အထက်မြန်မာနိုင်ငံရှိ ရွှေတူးဖော်ရေး လုပ်ငန်းများ အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် လုပ်ငန်းများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချရန် ဦးစားပေးထားကြောင်း ပြသခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် ထိုလုပ်ငန်း အများအပြားတွင် တရုတ်စီးပွားရေး သမားများ ပါဝင်ပတ်သက်လျက်ရှိသည်။ တရုတ်စီးပွားရေး သမားများတွင် တိုင်းရင်းသား တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ နယ်စပ်ဖြတ်ကျော်ကာ လာရောက် အလုပ်လုပ်ကိုင်နေသူ အများစု ပါဝင်သည်။ ထို တရုတ်စီးပွားရေးသမားများက တရုတ်နိုင်ငံကို အပြည့်အ၀ ကိုယ်စားပြုသည်ဟု မဆိုနိုင်သော်လည်း တရုတ်စီးပွားရေး လုပ်ငန်းများအပေါ် မြန်မာလူထု၏ ရှုမြင်ပုံမှာ ယင်းတို့အပေါ်တွင် မူတည်နေသည်။ သို့သော် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက မရှိမဖြစ် လိုအပ်လျက်ရှိသည်။
တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတိုင်းတွင် လွှမ်းမိုးထားသည့် ကိစ္စရပ်တစ်ခုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံ၌ တည်ဆောက်လျက်ရှိသည့် မြစ်ဆုံဆည ပြသ၁နာ ဖြစ်သည်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်တွင် စတင်ခဲ့သည့် ထိုစီမံကိန်းကို လူထုဆန့်ကျင်မှုများကြောင့် ၂၀၁၁ တွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ခဲ့သည်။ ထို ဆိုင်းငံ့မှုကြောင့် မြစ်ဆုံဆည် ပြသ၁နာမှာ နောက် ငါးနှစ်ကြာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တိုင် ဆက်လက်ရှိနေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ ခရီးစဉ် မတိုင်မီတွင် ဆည်စီမံကိန်း လေ့လာဆန်းစစ်ရေး ကော်မရှင်သည် နိုင်ငံတကာ စံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့် ကိုက်ညီမှုရှိမရှိ၊ ရေအရင်းအမြစ်၊ ရေကြောင်းသွားလာမှုနှင့် ဧရာဝတီမြစ်၏ ရေရှည်တည်တံ့မှု အပါအ၀င် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆန်းစစ်ကာ မြန်မာနှင့် တရုတ် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အဆိုပြုချက်များကို နိုဝင်ဘာ ၁၁ တွင် တင်သွင်းရမည်ဖြစ်သည်။
ထိုသို့ ကျယ်ပြန့်သော သုံးသပ်မှုများကို ကော်မရှင်က သုံးလအတွင်း ပြုလုပ်နိုင်ရန်မှာ အလွန်ခက်ခဲသည်။ ထိုအစီအစဉ်အတွက် ကျွမ်းကျင်သူများက စစ်ဆေးအစီရင်ခံထားသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှု စစ်ဆေးချက် (EIA) ပြုလုပ်ခြင်းက ပိုမိုထိရောက်စေမည်ဖြစ်သည်။ သို့သော် ပြည့်စုံသည့် EIA ကနေ ပြုစုရေးသားခြင်းကပင် နှစ်နှင့်ချီကြာမြင့်နိုင်သည်။ စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ CPI နှင့် ၂၀၀၆ တွင် စတင် လက်မှတ်ရေးထိုးခဲ့စဉ်က EIA ပြုလုပ်ရန် ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။
၂၀၁၂ တွင် မြန်မာအစိုးရသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ပထမဆုံး ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ EIA လုပ်ငန်းစဉ်ကို လိုအပ်ချက်တစ်ခုအဖြစ် ၂၀၁၅ ဒီဇင်ဘာတွင် သတ်မှတ်ခဲ့သည်။ ထိုစည်းမျဉ်းများ ချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဥပဒေများတွင် ဒေသခံ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပတ်သက်၍ ဖော်ပြမှုမရှိသဖြင့် ယင်းလစ်ဟာချက်ကို ဖြည့်ဆည်းရန် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ စံနှုန်းအတိုင်း လိုက်နာရမည်ဟု သတ်မှတ်ခဲ့သည်။
CPI သည် စွမ်းအင်ဝန်ကြီးဌာန၏ တောင်းဆိုချက်အရ ၂၀၀၈ တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် EIA ပြုလုပ်ခဲ့သော်လည်း လူထု ဆန့်ကျင်မှုများ ပေါ်ပေါက် ခဲ့သည့် ၂၀၁၁ တွင်မှ ထုတ်ဖော်ပြသခဲ့သည်။ CPI ၏ EIA မှာ သီးခြားလေ့လာသုံးသပ်မှု နည်းပါးခြင်း၊ မြစ်အောက်ပိုင်းပေါ် သက်ရောက်မှုကို မှန်က်စွာ ထည့်သွင်း စဉ်းစားမှုမရှိခြင်း၊ ဒေသခံများ၏ လူမှုဝန်းကျင်အပေါ် သက်ရောက်မှုကို ထည့်သွင်း တွက်ချက်မှုမရှိခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ ခိုင်မာသော အခြေခံ အချက်အလက်များ မရှိသဖြင့် သစ်ခုတ်မှုများကြောင့် မြစ်ချောင်းများ စီးဆင်းပုံ ပြောင်းလဲမှု၊ ရာသီဥတု ပြောင်းလဲမှုများနှင့် အခြား ဆည်စီမံကိန်းများမှ သင်ခန်းစာများကို ပြန်လည် လေ့လာသုံသပ်ရန် လိုအပ်လျက် ရှိသည်။ မြစ်ဆုံဆည်က မြစ်အထက်ပိုင်းနှင့် အောက်ပိုင်းပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ EIA ထပ်မံ ပြုလုပ်ရမည် ဖြစ်သည်။
စီမံကိန်း ရှေ့ဆက်လိုပါက အပြောင်းအလဲများ ပြုလုပ်ရမည်မှာ အသေအချာပင်ဖြစ်သည်။ အကယ်၍ လူထုဆန့်ကျင်မှုများကြောင့် စီမံကိန်း ရပ်ဆိုင်းမည်ဆိုပါက စီးပွားရေးအရ ထပ်မံဆုံးရှုံးမှုများ ရှိလာမည်ဖြစ်သည်။ မြစ်ဆုံကော်မရှင်သည် လက်ရှိတွင် EIA သစ် ထပ်မံလိုအပ်နိုင်သည်။ သို့သော် အဆုံးသတ်တွင် မရေရာမှုများ၊ ဆန့်ကျင်မှုများ ကြုံတွေ့နေရသည့် စီမံကိန်းကို စာချုပ်အရ ညှိနှိုင်းလျော်ကြေးပေးကာ အဆုံးသတ်ခြင်း ဖြစ်လာနိုင်သည်။
မြစ်ဆုံစီမံကိန်းမှာ ထူးခြားသည့် အခြေအနေ ဖြစ်သော်လည်း အခြား ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် ဆည်၊ သတ္တုတွင်းနှင့် လမ်း စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်ကုမ္ပဏီများအတွက် သင်ခန်းစာ ယူစရာများ ရှိနေသည်။ ပထမသင်ခန်းစာမှာ ယခုအခါ မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ကာကွယ်ရေးဆိုင်ရာ ဥပဒေအခြေခံတစ်ခု ရှိနေပြီ ဖြစ်သည်။ သတ်မှတ်ရေးဆွဲထားပုံနှင့် လက်တွေ့ အသုံးပြုပုံ အားနည်းချက်များ ရှိသော်လည်း ဥပဒေအကာအကွယ် တစ်ခုရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ဥပဒေများတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော်လည်း IFC နှင့် ကမ္ဘာ့ဘဏ် စံနှုန်းများကို လိုက်နာရန် ဖော်ပြထားသဖြင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုစံနှုန်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။ ဒုတိယသင်ခန်းစာမှာ ၂၀၀၁ ရှေ့ပိုင်းက အရေးပါခြင်းမရှိခဲ့သည့် လူထုအသံက ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် လူထုအနေဖြင့် ဂရုပြုရန် လိုအပ်သည်။
တတိယသင်ခန်းစာမှာ မြစ်ဆုံဆည် ပြသ၁နာ ပေါ်ပေါက်လာရခြင်း အဓိက အကြောင်းရင်းမှာ ထိုစဉ်က မြန်မာအစိုးရ၏ ဆုံးဖြတ်ဆောင်ရွက်ချက် အမှားကြောင့် ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီက အဓိက အပြစ်တင်ခံရသူ ဖြစ်လာခြင်းဖြစ်သည်။ EIA လုပ်ငန်းစဉ်အသစ်အရ အစိုးရသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာဆန်းစစ်ချက် (SEA) ပြုလုပ်ရမည် ဖြစ်သည်။ SEA က စီမံကိန်းတစ်ခုချင်း၊ ကုမ္ပဏီတစ်ခုချင်းထက် ကျော်လွန်၍ ပိုမိုကျယ်ပြန့်သော စီမံကိန်း မူဝါဒသုံးသပ်ချက် ပြုလုပ်ကာ လူထုအမြင်ကို ရယူနိုင်စေမည် ဖြစ်သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် SEA ပြုလုပ်ခြင်း မရှိသေးပေ။
အစိုးရအနေဖြင့် SEA ပြုလုပ်ရန် ရန်ပုံငွေနှင့် နိုင်ငံတကာ ကျွမ်းကျင်သူ လုံလောက်မှု မရှိပေ။ သို့သော် ဖွံ့ဖြိုးရေး မိတ်ဖက်ကုမ္ပဏီများအနေဖြင့် ပြုလုပ်ပေးနိုင်ဖွယ် ရှိသည်။ တရတ်ကုမ္ပဏီ CITIC က ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ခွင့်ရထားသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍လည်း အစိုးရက ဦးဆောင်၍ SEA ဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။ စက်မှုဇုန်တွင် လုပ်ငန်းဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် သက်ရောက်မှုနှင့် လမ်းညွှန်ချက်များကို သတ်မှတ်ရမည် ဖြစ်သည်။
သံလွင်မြစ်ပေါ်၌ တည်ဆောက်မည့် ဆည်စီမံကိန်းများအတွက်လည်း SEA ပြုလုပ်ရန် လိုအပ်သည်။ ထိုစီမံကိန်းများကိုလည်း ဒေသခံလူထုက အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။ မဲခေါင်မြစ်တွင် ဆည်များကြောင့် သက်ရောက်မှု ကြီးမားလာခြင်းက သံလွင်ဆည်များအပေါ် စိုးရိမ်မှု ပိုမိုလာစေသည်။ ထိုစီမံကိန်းမှ မြစ်ဆုံစီမံကိန်းနှင့် ယှဉ်ပါက ကနဦးအဆင့်တွင်သာ ရှိသေးပြီး ပဋိပက္ခ အမြဲဖြစ်ပွားနေသည့် ဒေသတွင် တည်ရှိသဖြင့် SEA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှုများ ရရှိချိန်အထိ ဆိုင်းငံ့ထားသင့်သည်။ IFC က မြန်မာအစိုးရနှင့် ပူးပေါင်း၍ “ရေရှည်တည်တံ့သော ရေအားလျှပ်စစ်” စနစ် ဖော်ဆောင်ရေး ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ ရေအားလျှပ်စစ်ကဏ္ဍအား စိတ်ဝင်စားသည့် မည်သည့် ကုမ္ပဏီမဆို ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။
ယခင်က ရင်းနှီးမြှုပ်နှံသူများတွင် ဆက်သွယ်ရေးနှင့် ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည်။ နိုင်ငံရေး အခြေအနေ ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံတွင် အစိုးရ မီဒီယာများ၊ လူမှုကွန်ရက်များ၌ လူထုအမြင် ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရသည်။ ယခုအခါ ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာရန်လိုပြီး ထိုသို့မဟုတ်ပါက အခြားသူများ၏ သတ်မှတ်ဆုံးဖြတ်ခြင်းကို ခံရဖွယ်ရှိသည်။ အချက်အလက်များ၊ မြေပုံများ စသည်တို့ကို ဒေသခံများ၊ ရှယ်ယာရှင်များနှင့် ဒေသအဆင့် ၊ နိုင်ငံအဆင့်တွင် တက်ကြွစွာ မျှဝေပြောကြားရန် လိုအပ်သည်။ ပုံကြီးချဲ့ထားသည့် အလှူများဖြင့် လူထုထောက်ခံမှုရရန် ဆောင်ရွက်ခြင်းမျိုး မလုပ်သင့်တော့ပေ။ လူထုက စစ်မှန်သည့် အခွင့်အရေးရယူလိုပြီး ကုမ္ပဏီများကို ယဉ်ကျေးမှုအား လေးစားရန် ပွင့်လင်းမြင်သာရန် လိုလားလျက်ရှိသည်။
ပွင့်လင်းမြင်သာမှုရှိရန်အတွက် ဥပဒေကြောင်းအရ လိုအပ်မှု အနည်းငယ်သာ ရှိနေသေးသည်။ EIA လုပ်ငန်းစဉ်သစ်မှာ လူထုကို ထုတ်ဖော်ပြသရန် လိုအပ်သည်။ EIA မှာ စနစ်တကျ ဆောင်ရွက်ပါက ကုမ္ပဏီများအတွက် လူထုနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်း ရစေသည်။ သို့သော် အရေးပါသူများနှင့် ဒေသခံများကြား လက်ရှိဆက်ဆံရေးကို အစားထိုးရန် မဟုတ်ပေ။ ဥပဒေအရ သတ်မှတ်ထားခြင်း မရှိသော်လည်း ကုမ္ပဏီများအနေဖြင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ အခြေခံမူများနှင့်အညီ ဒေသခံ လူထု၏ စိုးရိမ်မှုများကို တိုက်ရိုက်ပြောကြားနိုင်မည့် စနစ်တစ်ခု တည်ထောင်ရန် အရေးကြီးသည်။
ကုမ္ပဏီများအနေဖြင့် စွန့်စားရမှုများ လျှော့ချရန် ထိုက်သင့်သော အားထုတ်မှု ပြုလုပ်ရန်လည်း လိုအပ်သည်။ ယခင်က အဆက်အသွယ် ကောင်းရှိပြီး အရေးပါ ခဲ့သော်လည်း ယခုအခါ အခက်ကြုံရနိုင်စေသည့် စစ်ဘက်ဆိုင်ရာ စီးပွားရေး၊ မိတ်ဖက်ဟောင်းများပေါ်တွင်လည်း ထိုက်သင့်သည့် သဘောထားရှိရန် လိုပြီး လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ၊ အထူးသဖြင့် မြေယာသိမ်းပြသ၁နာရပ်များနှင့် ပတ်သက်၍လည်း အလားတူ အားထုတ်မှု လိုအပ်သည်။
မြန်မာနိုင်ငံ တွင် တရားရေးအရ ကန့်ကွက်ရန်မှာ စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။ ဥပဒေသစ်များမှာ ကြိုတင် သတိပေးမှုမရှိဘဲ ပေါ်ထွက်လာတတ်ပြီး မြန်မာ ဘာသာဖြင့်သာ ဖော်ပြထားလေ့ရှိသည်။ ဥပဒေပြဋ္ဌာန်းမှုနှင့် ကုမ္ပဏီများအား ဥပဒေသစ်များ အကြောင်း နိုင်ငံတကာက သိရှိစေရန် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရန် ရှိနေသေးသည်။ သို့သော် မရေရာမှုများလည်း အပြောင်းအလဲကာလတွင် ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာပြီး နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ကိုင်ခြင်းက မြန်မာလူထု မျှော်လင့်လိုလားသည့် ရင်းနှီးမြှုပ်နှံသူ ဖြစ်စေမည် ဖြစ်သည်။
KHTun
The Ladies News

No comments: