Tuesday, September 27, 2016

ငြိမ်းချမ်းရေး အလှမ်းကျယ် အလယ်မလပ်စေလိုပါ

ငြိမ်းချမ်းရေး အလှမ်းကျယ် အလယ်မလပ်စေလိုပါ
|| စိုင်းထွန်းအောင်လွင် ||
 
27 September 2016
 
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ကြည့်တဲ့အခါ a period of truce, esp one that is temporary and a preliminary step to establishing a more permanent peace on agreed terms ဆိုတဲ့ အချိန်ကာလတစ်ရပ် သတ်မှတ်ပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲသာဖြစ်ပြီး ထာဝရ ငြိမ်းငြိမ်းချမ်းရေးကို သွားဖို့ ပထမအဆင့်အနေနဲ့ သဘောတူတာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား အပစ်ခတ်ရပ်စဲမှု လုပ်ထားတာတွေ ကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ပြည်နယ်အဆင့် ( သို့မဟုတ် ) တိုင်းဒေသကြီးအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုမှုဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ အဒီအဆင့်တွေပြီးမှ နိုင်ငံရေး ဆွေးနွေး ထာဝရ ငြိမ်းချမ်းရေးကို သွားဆိုတဲ့ သဘောကို တွေ့ရမှာပါ။ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေနဲ့ နိုင်ငံတကာ ဥပဒေတွေအရ ကြည့်မယ်ဆိုရင် ပထမဆုံး ပြည်နယ်အဆင့် ( ၀ါ ) တိုင်းဒေသကြီးအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေက အချိန်ကာလ တစ်ခု သတ်မှတ်ထားတဲ့ ယာယီ အပစ်ခတ်ရပ်စဲရေး သဘောဆောင်ပါတယ်။ အဲဒီအဆင့် ပြီးပြီဆိုရင်ပဲ ဒေသအလိုက် ဆက်ဆံရေးရုံးတွေ ဖွင့်နိုင်တာ ၊ တပ်လှုပ်ရှားသွားလာမှုတွေကို အဲဒီဆက်ဆံရေးရုံးတွေကနေ တစ်ဆင့် အကြောင်းကြား သွားလာနိုင်တာ စသဖြင့် ပြုလုပ်နိုင်ပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ တော်တော်လေးကို စလျော့နည်းအောင် လုပ်နိုင်တဲ့အဆင့်လို့ ဆိုနိုင်ပါပြီ။
ပထမအဆင့်ပြီးတာနဲ့တင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်သွားလို့ရတဲ့ နယ်မြေ ၊ သွားလို့မရတဲ့ နယ်မြေဆိုတာတွေ ရှိလာပြီဖြစ်ပါတယ်။ ပထမပြည်နယ် ( သို့မဟုတ် ) တိုင်းဒေသကြီး အပစ်ခတ်ရပ်စဲရေး စာချုပ်တွေဟာ ပြည်နယ်၊ တိုင်းအစိုးရတွေ ၊ အဲဒီဒေသက တပ်မတော်စစ်တိုင်း ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ နှစ်ဖက်အကြား အပစ်ခတ်ရပ်ဖို့ စာချုပ်ချုပ်ဆိုကြတာ ဖြစ်တဲ့အတွက် ပမာဏ သဘောတူညီချက်လို့လည်း ဆိုနိုင်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့်ကတော့ ပိုပြီး အပစ်ရပ်ရေး ခိုင်မာလာတဲ့ အခြေအနေအတွက် ရည်ရွယ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် အပြီးသတ် ငြိမ်းချမ်းရေးအတွက် ကြိုတင်သဘောတူညီချက် Pre Condition ထက်တောင် အဆင့်မြင့်လာတဲ့ သဘောရှိပါတယ်။ ဥပဒေကြောင်းအရလည်း အရေးပါပါတယ်။ နိုင်ငံတကာ ကျင့်သုံးမှုတွေအရတော့ အဲဒီ ပြည်ထောင်စုအဆင့်လို စာချုပ်မျိုးတွေကို ဥပဒေအဖြစ် သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီစာချုပ်တွေကို ဗဟိုအစိုးရ ကိုယ်စားလှယ်တွေ ၊ တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ အကြား ချုပ်ဆိုကြပါတယ်။ အဲဒီအဆင့် ချုပ်ပြီးပြီဆိုရင်ပဲ ချုပ်ဆိုလိုက်တဲ့ အဖွဲ့တွေအကြား ပိုမိုတိုးတက်တဲ့ ဆက်ဆံရေးရှိရမှာ ဖြစ်သလို သက်ဆိုင်ရာ နယ်မြေအတွင်းမှာလည်း ပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရေးလို ကိစ္စတွေလည်း အဲဒီအဆင့်လောက် ပြီးရင်ကို စမ်းသပ်အနေနဲ့ စတင်ဆောင်ရွက်လို့ ရနေပါပြီ။
နိုင်ငံတကာမှာ ဆိုရင်တော့ အခုမြန်မာမှာ ကျင့်သုံးနေတဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု အဆင့်ကို မလိုအပ်တော့ဘဲ နိုင်ငံရေးဆွေးနွေးမှုကို ဒုတိယအဆင့်လောက် ပြီးကတည်းက စတင်လို့ ရပါပြီ။ မြန်မာမှာလည်း လုပ်ရင်ရနိုင်ခဲ့တဲ့ အနေအထားမှာ တတိယအဆင့်က ကြားဖြတ်ပေါ်လာခဲ့တဲ့ အနေအထား ရှိပါတယ်။ အန်စီအေဆိုတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆိုတဲ့ ကိစ္စပါ ။ အမှန်က တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ်ထိုးထားတာတွေက ၂၀၁၃ ခုနစ် မတိုင်ခင်အထိ အဖွဲ့တော်တော်များများမှာ ရှိနေခဲ့တာ၊ ကေအိုင်အေနဲ့ အပစ်ရပ် လက်မှတ်မဟုတ်ပေမဲ့ ပဋိပက္ခဖြေရှင်းရေး အဖွဲ့တွေ ဖွဲ့စည်းထားနိုင်တာ၊ ဆက်ဆံရေးရုံးတွေ ဖွဲ့ထားနိုင်တာကြည့်ရင် အဲဒီအဆင့်မှာတင် နိုင်ငံရေးစဆွေးနွေးလို့ ရနေခဲ့ပြီဖြစ်ပြီး အပစ်ရပ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေး လုပ်ငန်းစဉ်တွေနဲ့ ကနဦးက အပစ်ရပ်စာချုပ်တွေမှာ ပါတဲ့ အချက်တွေကို ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်လက် အကောင်ထည်ဖော်လို့ ရနေခဲ့ပြီဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရ တက်ပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသတွေမှာ ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာ အားလုံးလည်း သတိပြုမိမှာပါ။ တိုက်ခိုက်မှုတွေမှာ အံ့သြမှင်တက်စရာ ရှိတာက ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ခိုက်မှု ၊ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အကြား မေလနဲ့ ဇွန်လဆန်းတွေက တိုက်ခိုက်မှုတွေနဲ့ ၂၁ ပင်လုံနီးကပ်နေစဉ် ရှမ်းမြောက်အဖွဲ့ရဲ့ တန့်ယန်းမြို့နယ်က တပ်စခန်းတွေ တိုက်ခိုက်ခံရမှုတွေပဲ ဖြစ်ပါတယ်။
ရှမ်းမြောက်တပ်ဖွဲ့ကို စကြည့်ကြပါစို့။ SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့ဟာ ဒီ ၂၀၀၈ အခြေခံ ဥပဒေကို စတင်ကျင့်သုံးတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာကိုပဲ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ဖြစ်နေလို့ပါပဲ။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားမှုသာ မရှိသေးတာပါ။ MNDAA ၊ အေအေ ရက္ခိုင့်တပ်မတော်နဲ့ တီအန်အယ်လ်အေ တို့ကတော့ ဘာမှ ချုပ်ဆိုထားတဲ့ အဖွဲ့တွေမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စမယ်လို့ မေလအတွင်းက ကြေညာပြီး နောက်ပိုင်းဖြစ်လာခဲ့တဲ့ ရှမ်းမြောက်တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် အနည်းဆုံး ဒေသခံ ၁၅၀၀ လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနား နီးကပ်စဉ် ကာလတုန်းကနေတဲ့ ရွေးကောက်ပွဲအပြီး ကာလတွေတုန်းကလည်း မိုင်းရှူးမြို့နယ်က SSA/SSPP ရဲ့ အရေးပါတဲ့ စခန်းတွေမှာ တိုက်ပွဲတွေ တစ်လကျော်လောက်နီးပါး အကြီးအကျယ် ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက စဉ်းစားစရာဖြစ်တာက အပစ်ခတ်ရပ်စာချုပ်တွေ ပျက်ပြယ်သွားပြီလား ဆိုတာပါပဲ၊။ အဲလိုလည်း မဟုတ်သေးပါဘူး။ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ကာလတစ်လျှောက် SSPP/SSA ဆက်ဆံရေးရုံးတွေက လားရှိုး၊ တောင်ကြီး ၊ ခိုလမ်တို့လို မြို့တွေမှာ ဖွင့်နေဆဲဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ SSPP/SSA ခေါင်းဆောင်တွေက ရန်ကုန်ကိုတောင် လာနေဆဲဆိုတဲ့ အချိန်မှာဖြစ်နေတာပါ။ SSPP/SSA ဟာ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ်အဆင့် အပစ်ရပ်ထားတဲ့ အဖွဲ့ဖြစ်ပြီး ဗဟိုအစိုးရ တာဝန်ရှိသူတွေနဲ့ရော ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ပါ လက်မှတ်ရေးထိုး အပစ်ရပ်တာဖြစ်ပါတယ်။
အစိုးရပြောင်းသွားသော်လည်း တပ်မတော် လက်အောက်မှာ ရှိတဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးတွေ စစ်တိုင်းမှူးတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တာပါ။ အဲတော့ အရင်အစိုးရနဲ့ ထိုးခဲ့တာကို အန်အယ်လ်ဒီ လက်ထက်မှာ အဲဒီစာချုပ်တွေက ၂၀၀၈ အောက်မှာပဲ ထိုးခဲ့တာဖြစ်တဲ့အတွက် အသက်ဝင်ရမှာ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ဆိုရင်လည်း အခုထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောင်းသေးတာ မဟုတ်ပါဘူး။
အခု ကေအိုင်အေနဲ့ တိုက်ပွဲတွေကို ကြည့်ရအောင်ပါ။ တကယ်တော့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ အကြား သမ္မတ ဦးသိန်းစိန်အစိုးရ တက်စမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ နှစ်ဖက်ဆွေးနွေးမှုတွေ အရှိန်ကောင်းလာတဲ့ ၂၀၁၃ ခုနစ် မတ်နောက်ပိုင်းကစလို့ တိုက်ပွဲတွေ အရှိန်အများကြီး လျော့သွားသလို အကြိမ်အရေအတွက်လည်း လျှော့ချနိုင်ခဲ့တာပါ။ အစိုးရနဲ့ ကေအိုင်အေ သီးခြားဆွေးနွေးမှုတွေအရ နှစ်ဖက်ပူးတွဲပါဝင်တဲ့ ပဋိပက္ခဖြေရှင်းရေးလို ကော်မတီကို ဖွဲ့ထားနိုင်ခဲ့သလို မြစ်ကြီးနားမြို့မှာလည်း ကေအိုင်အေ ဆက်ဆံရေးရုံးနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ရုံးကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပဋိပက္ခဖြေရှင်းရေး ကော်မတီ ရှိနေတဲ့အတွက် နေရာသတ်မှတ်ရေးတွေကို အလုံးစုံမဟုတ်တောင်မှ ဘယ်နေရာက သတ်မှတ်နေရာ ဘယ်ရွာတွေက ကြားခံနေရာ ကြားခံရွာတွေ ဆိုတာမျိုးအထိ သတ်မှတ်နိုင်ခဲ့ပြီး ကေအိုင်အေနယ်မြေ အတွင်းက ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ရိက္ခာသွားပို့တာတွေကအစ တော်တော်လေးကို ပြေပြေလည်လည် ရှိခဲ့တာပါ။ ဆွေးနွေးပွဲတွေ အားကောင်းခဲ့တဲ့ ၂၀၁၃ ခုနစ်ကနေ ၂၀၁၄ နှစ်ကုန်ပိုင်း ( လိုင်ဇာစစ်သင်တန်းကျောင်း ) တိုက်ခိုက်မခံရခင်အထိ တိုက်ပွဲတွေက ကြီးကြီးမားမားဖြစ်တာ အင်မတန်နည်းခဲ့ (၂၀၁၄ ဧပြီက မန်ဝိန်းကြီး ဒေသမှာဖြစ်ခဲ့) ပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့ရင်လည်း အဲဒီကော်မတီမှာ ပြန်ဖြေရှင်းရင်း ပြေလည်ခဲ့တာ များပါတယ်။
ဒါပေမဲ့ အခုအစိုးရသစ် လက်ထက်မှာ ကေအိုင်အေနဲ့ တပ်မတော်တို့အကြား ၂၁ ပင်လုံလို ဆွေးနွေးပွဲတွေ ရှိနေရင်းကြားကနေ တိုက်ပွဲတွေ ပိုဖြစ်လာခဲ့ပါတယ်။ အခု စက်တင်ဘာလအတွင်းက တိုက်ခိုက်မှုတွေမှာ အကျအဆုံးများတဲ့ တိုက်ပွဲတွေ ရှိလာခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေပါ ဖြစ်ပေါ်လာခဲ့ပါတယ်။ (စကားချပ် - ၂၁ ပင်လုံဟာ ဆွေးနွေးပွဲလို့တောင် လောလောဆယ် ပြောဖို့ခက်ပါတယ်။ အပြန်အလှန် နိုင်ငံရေးဆွေးနွေးမှု မဖြစ်နိုင်သေးတာကြောင့်ပါ။) ကေအိုင်အေနဲ့လည်း စဉ်းစားစရာက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မချုပ်နိုင်သေးရင်တောင် အရင်အစိုးရလက်ထက်က ချုပ်ခဲ့တဲ့ သဘောတူညီခဲ့တဲ့ စာချုပ်တွေ တည်ဆောက်ခဲ့တဲ့ ပဋိပက္ခဖြေရှင်းရေး ယန္တရားတွေက ပျက်သွားပြီလား ဆိုတာပါပဲ။
စာချုပ်က ပျက်မပျက်မသိပေမဲ့ အရင်အစိုးရလက်ထက်က ရှိခဲ့တဲ့ နယ်နိမိတ် သတ်မှတ်မှုတွေ ပဋိပက္ခ ဖြေရှင်းမှုတွေအတွက် အရေးပါတဲ့ ပဋိပက္ခ ဖြေရှင်းရေးကော်မတီက အခုအစိုးရလက်ထက်မှာ ပြန်မဖွဲ့ရသေးပါဘူး။ အရင်ကော်မတီမှာဆိုရင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ၊ တပ်မတော်အရာရှိတွေ ၊ ကေအိုင်အေ အရာရှိတွေနဲ့ ပီစီဂျီလို ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့တွေပါပါဝင်ခဲ့ပြီး တစ်လတစ်ကြိမ် အစည်းဝေးတွေက တော်တော်ကို အလုပ်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲလျှော့ချဖို့ အတွက်ပါ။ အဲဒီကော်မတီမှာ မှတ်တမ်းတင် စောင့်ကြည့်မှု Monitor လုပ်ငန်းစဉ်တွေလည်း ပါပါတယ်။ စစ်မဲ့ဇုံကြားခံနယ်မြေ သတ်မှတ်မှုတွေလည်း ပါခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရင်တောင် ဘာကြောင့်ဖြစ်တယ်၊ စခန်းဘယ်လို ဆုတ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေကိုက ဖြေရှင်းရေးကော်မတီမှာ ဆွေးနွေးရင်း ပြေလည်သွားတာ များပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေက တကယ်တော့ အဆင့် ၃ ဆင့်ရှိပေမဲ့ ဘယ်စာချုပ်ကိုမှ အပြည့်အ၀ အကောင်ထည် မဖော်နိုင်သေးပါဘူး။ အန်စီအေ ထိုးတဲ့အဖွဲ့ချင်း တူရင်တောင် ကေအန်ယူလိုအဖွဲ့က စီးပွားရေး အခွင့်အလမ်းပိုရပေမဲ့ အာစီအက်စ်အက်စလို အဖွဲ့ကိုဆိုရင် မူးယစ်တိုက်ဖျက်ပြီး စိုက်ပျိုးခြံအတွက် မြေဧက ၅၀၀၀ သမ္မတ ဦးသိန်းစိန်က ချပေးခဲ့တာကို တပ်ကဖျက်တဲ့အတွက် အဲဒီအစီအစဉ်ကို ယနေ့အထိ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒါဆိုရင် တပ်ဖွဲ့ရပ်တည်ရေး အတွက် ကောင်းကောင်းမွန်မွန် လုပ်စားမှာ မကြိုက်တာလားလို့တောင် မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ နောက် အန်စီအေ မထိုးထားတာချင်း အတူတူ နာဂလိုအဖွဲ့ဆိုရင် တစ်ခါမှ တပ်မတော်နဲ့ မတိုက်ဘဲ အိန္ဒိယနဲ့ပဲ တိုက်ပါတယ်။ တိုင်းဒေသကြီးအဆင့်သာ ထိုးထားတာပါ။ တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲဖြစ်တဲ့ ရှမ်းတပ်မတော် မြောက်ပိုင်း SSPP/SSA က မှ နာဂ NSCN ( K) ထက် စာချုပ်ချုပ်ထားတဲ့ အဆင့်မြင့်နေပါသေးတယ်။ နာဂဆို နေပြည်တော်က ၂၁ ပင်လုံတောင် လာမတက်ခဲ့သလို အန်စီအေ လက်မှတ် မထိုးဘူးလို့တောင် နဂိုကတည်းက ပြောခဲ့တဲ့အဖွဲ့ပါ။ “၀” ဆိုရင်လည်း၂၁ ပင်လုံကနေလည်း ထပြန်သွားခဲ့ပါတယ်။ သူတို့နဲ့ မတိုက်ဘဲ နိုင်ငံရေးအရ အားကောင်းတဲ့ အဖွဲ့တွေနဲ့ပဲ တိုက်နေတာကလည်း စဉ်းစားစရာပါ။ တပ်မတော်က ပြောပြောနေတဲ့ အန်စီအေ စာချုပ်ရဲ့ အခန်း (၂) (ဂ) မှာဆိုရင် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ချုပ်ဆိုထားသော သဘောတူညီချက်များနှင့် ကတိက၀တ်များကို ထပ်လောင်း အတည်ပြုရန် ဆိုတဲ့ ကိစ္စပါပါတယ်။ အခုအနေအထားက ချုပ်ကြည့်ရမယ်ဆိုရင် အပေါ်မှာ နိုင်ငံရေး ဆွေးနွေးမယ်ဆိုသော်လည်း ခိုင်မာတဲ့ ဆွေးနွေးမှု မူဘောင် ( နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေလည်း ပြန်ညှိလို့မရသေး) တွေလည်း မပြီးပြတ်နိုင်သေး စစ်မှန်တဲ့ အဖြေ ထွက်လောက်တဲ့ နိုင်ငံရေး ဆွးနွေးပွဲဖြစ်မဖြစ် မသေချာဆိုတဲ့ အခြေအနေမှာ ၊ အောက်ခြေမှာလည်း ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေး ယန္တရားတွေ ပျောက်ဆိုတဲ့ အနေအထားပါ။ တစ်နည်းအားဖြင့် အလှမ်းကျယ် အလယ်လပ်နေတဲ့ သဘောပါ။
တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီကိစ္စတွေက ဗဟိုအစိုးရနဲ့လည်း ဆိုင်သလို ပြည်နယ်အစိုးရတွေနဲ့လည်း ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပစ်ရပ်စာချုပ်တွေကို ကြည့်မယ်ဆိုရင် ပြည်နယ်အဆင့် ဗဟိုအဆင့် ဆိုပြီးရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။ စာချုပ်စာတမ်းနဲ့ ပဋိဥာဉ်ဥပဒေတွေ အရလည်း အဲဒီစာချုပ်တွေက တရားဝင်ပါတယ်။ လွှတ်တော်မှာ အတည်မပြုနိုင်သေးတာ တစ်ခုပဲရှိတာပါ။ ပဋိပက္ခ ဖြေရှင်းရေး ယန္တရားမရှိတဲ့ အဖွဲ့တွေနဲ့ ဆိုရင်လည်း ( အန်စီအေမထိုးဘဲ သာမန်အပစ်ရပ်ထားသူတွေကိုဆိုလို) ဆက်ဆံရုံးတွေကတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ရင်း တပ်နေရာ အပြောင်းအရွှေ့လို ကိစ္စတွေကအစ ဆောင်ရွက်လို့ရပါတယ်။ အခုက အစိုးရသစ်လက်ထက်မှာ အဲဒီအဆင့်တွေက ပျောက်နေပါတယ်။ ဒေါက်တာခက်အောင်တို့ ၊ ဒေါက်တာလင်းထွဋ်တို့လို ကချင်နဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်တွေအနေနဲ့ အောက်ခြေက ပြသ၁နာတွေကို သေချာနားလည်း ထားသင့်သလို မရေရာသေးတဲ့ မရောင်ရာဆီလူး ၂၁ ပင်လုံ ထောက်ခံပွဲတွေနဲ့ တင် အချိန်မကုန်သင့်ပါဘူး။ မရောင်ရာဆီလူး ထောက်ခံပွဲတွေမှာ တက်ကြွစွာ ပါဝင်နေတာဟာ အရင်စစ်အစိုးရ လက်ထက်တွေက တိုင်းမှူးတွေ အမျိုးသားညီလာခံ ထောက်ခံပွဲ တက်တာနဲ့ အတူတူပဲဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ဒေါက်တာခက်အောင်တို့ဆိုရင် ညီအစ်ကိုနှစ်ယောက်စလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အတွက် ( ဦးခက်ထိန်နန်က ငြိမ်းချမ်းရေးကိုယ်စားလှယ် ) မိမိတို့ဒေသတွင်းမှာ လူမျိုးရေးပြသ၁နာ ပေါ်အောင် လှုံ့ဆော်နေတဲ့ ကိစ္စတွေကအစ အစိုးရကို ပွင့်လင်းစွာတင်ပြသင့်ပါတယ်။ ဦးခက်ထိန်နန်၊ ဦးသိန်းဇော်တို့ဆိုရင် အစိုးရနှစ်ဆက်တိတိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာတာဖြစ်ပြီး ကချင်ဒေသနဲ့ နီးစပ်ကျွမ်းဝင်သူတွေ ဖြစ်တဲ့အတွက် သိက္ခာရှိရှိ ကြားဝင်ရပ်တည်နိုင်အောင် မိမိတို့ အတွေ့အကြုံတွေနဲ့ အစိုးရသစ်လက်ထက်မှာ ဆထက်ထမ်းပိုး ကြိုးပမ်းသင့်ပါတယ်။
အခု ကချင်မှာဖြစ်နေတဲ့ အနေထားက စိုးရိမ်စရာကောင်းပါတယ်။ ဆွေးနွေးဖို့ကြိုးစားရင်းက တစ်ဖက်စီး အသာရယူလိုမှု တိုက်ပွဲတွေကတစ်ဆင့် ပဋိပက္ခနဲ့ တိုက်ပွဲတွေ အားကောင်းလာပါက ယုံကြည်မှု ပိုမိုပျက်ပြားလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဂစ်တာကြိုးလိုပါပဲ အသံမကောင်း ကြိုးလျော့တယ်ဆိုပြီး တင်းလိုက်တာ တင်းလွန်းအားကြီးရင်လည်း ပြတ်သွားတတ်တဲ့အတွက် ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးစားရင်း အမြန်လုပ်ရမယ့် ကဏ္ဍတွေကတော့ -
(၁) ယခင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ တစ်ဖွဲ့ခြင်းစီအလိုက် အပစ်ရပ်ရေးစာချုပ်တွေ အသက်ဝင်ဖို့နဲ့ ယခင်စာချုပ်တွေအရ ဖွဲ့စည်းထားတဲ့ ပဋိပက္ခဖြေရှင်းရေး ယန္တရားတွေ အသက်ဝင်စေရေး အမြန်ဆောင်ရွက်ရန် ( အဲလို ဆောင်ရွက်ရာမှာ တပ်မတော်က သိပ်မလိုက်နာချင်ဘူး ဆိုရင်တောင် ဥပဒေကြောင်းအရ ထောက်ပြတာမျိုး လုပ်နိုင်ပါတယ်။ )
(၂) အားလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးမှုကို သေချာစွာဆောင်ရွက်ရန် ( အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကလည်း ဆွေးနွေးဆုံးဖြတ်မှုမပါ ၊ အန်အယ်လ်ဒီအစိုးရ လက်ထက်က ၂၁ ပင်လုံအဖွင့်ကလည်း ဆွေးနွေးဆုံးဖြတ်မှု မပါ ဖြစ်ခဲ့တဲ့အတွက် နောက်တစ်ခါ အဲလိုဖြစ်ရင် ဘယ်သူမှ လာမှာမဟုတ်တော့တဲ့ အခြေအနေကို ကြုံနိုင်တဲ့အတွက် ) စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့အတူ မေ့မထားဖို့က အခု အန်စီအေလက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ အများစုက ယခင်စစ်အစိုးရ လက်ထက်မှာ အမျိုးသားညီလာခံ တက်ခဲ့ဖူးတဲ့ အဖွဲ့တွေ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။
(၃) အန်အယ်လ်ဒီကိုယ်တိုင် ဖက်ဒရယ်မူနဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဂဃနဏ ထားရှိဖို့ ( ဒါကလည်း ပြီးခဲ့တဲ့ ညီလာခံကိုကြည့်ရင် တပ်နဲ့ ပြည်ခိုင်ဖြိုး ရပ်တည်တာက ၂၀၀၈ အခြေခံဥပဒေဘက်က ရပ်တည်ပြီး ၊ တိုင်းရင်းသား အဖွဲ့တော်တော်များများက ဆွစ်ဇာလန်လို ဖက်ဒရယ်ပုံစံတွေကို တင်ပြခဲ့တာကြောင့် ဖြစ်ပြီး နှစ်ဖက် အလှမ်းကွာလွန်းတာကြောင့် ကြားပုံစံတစ်မျိုး ချပြဖို့ လိုလာတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံရေးအရ တောင်းဆိုမှုမြင့်တဲ့ မိုင်ဂျာယန် ဆွေးနွေးပွဲကစလို့ ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေဖြစ်လာတာ ၊ နိုင်ငံရေးအရ တောင်းဆိုမှုမြင့်လို့ တပ်က မကြိုက်တာလား ဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ အန်အယ်လ်ဒီကိုယ်တိုင် ကြားနေဆိုသော်လည်း အန်အယ်လ်ဒီအစိုးရ ၊ လွှတ်တော် ၊ ပါတီက တင်ခဲ့တဲ့ စာတမ်းတွေက အားရစရာ တစ်ခုမှမရှိ အဆက်စပ်မရှိတာ ငြင်းမရနိုင်တဲ့ ကိစ္စပါပဲ။
(၄) တပ်မတော်က လက်မခံသေးတဲ့ ၃ ဖွဲ့ကိစ္စနဲ့ပတ်သက်လို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုသွားဖို့တို့ပဲ ဖြစ်ပါတယ်။
ဖော်ပြပါ ၄ ချက်ထဲက နိုင်ငံရေးမူဘောင်မှာ တကယ် ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ မူဘောင်ဖြစ်လာခဲ့ပြီး အောက်ခြေအဆင့် ပဋိပက္ခ ထိန်းချုပ်လျှော့ချရေး ယန္တရားတွေ အသက်ဝင်လာခဲ့ရင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်တိုးဖို့ အလားလာကောင်းတွေ စတင်တယ်လို့ ပြောလို့ရနေပြီ ဖြစ်ပါတယ်။ မူဘောင်ကိစ္စ ပြေလည်ရင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးဖို့ကိစ္စတွေမှာ အများကြီး အနေအထား ကောင်းသွားနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
စိုင်းထွန်းအောင်လွင်
The Ladies News
http://www.theladiesnewsjournal.com/…/tue-2016-09-27-1…/3580
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ကြည့်တဲ့အခ
theladiesnewsjournal.com

No comments: