Wednesday, September 7, 2016

၂၁ ရာစု ပင်လုံမှ သင်သိသင့်သော အချက်ငါးချက်

၂၁ ရာစု ပင်လုံမှ သင်သိသင့်သော အချက်ငါးချက်

ညီလာခံဖွင့်ပွဲတွင် နိုင်ငံ့ခေါင်းဆောင်များ၊ ဘန်ကီမွန်းနှင့် ကိုယ်စားလှယ်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် ဓာတ်ပုံ − စိုင်းဇော်
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်း ခုနှစ်ဆယ်ခန့် သက်တမ်းအတွင်း သမိုင်းဝင်ကျင်းပနိုင်ခဲ့ သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ထူးခြားချက်များ ရှိခဲ့သည်။

ထို့အတူ ညီလာခံကျင်းပခဲ့ ခြင်းကြောင့် ပင်လုံ ပထမအစည်းအဝေး အလွန်ကာလတွင် ရင်ဆိုင် ရမည့် စိန်ခေါ်မှုများလည်း သိသိသာသာ ထွက်ပေါ်လာခဲ့သည်။

မြန်မာ့ဒီမိုကရေစီ  ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပခဲ့သည့် ၂၁ ရာစုပင် လုံညီလာခံကို ပြည်တွင်း သာမက နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။ ၂၁ ရာစု ပင်လုံကို ကမ္ဘာ့သက်တမ်းအရှည် ကြာဆုံး ပြည်တွင်း စစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုထူထောင်ရေးအတွက် အစပျိုးမှု တစ်ခုဟု အစိုးရဘက်က ရှုမြင်သည်။ အားလုံးပါဝင်နိုင်ရေးအ ခင်းအကျင်းများကို စတင်ခဲ့ခြင်းဟုလည်း ဆိုနိုင်သည်။
နေပြည်တော်တွင် လေးရက်တာ ကျင်းပခဲ့သည့် ၂၁ ရာစုပင် လုံပထမအစည်းအဝေးတွင် ယခင်က မကြုံဖူးသည့် ထူးခြားမှုများ ရှိခဲ့သည်။
UNFC ဥက္ကဋ္ဌအဖွင့်အမှာစကား ပြောကြားခြင်း
‘‘ကျွန်တော့်နာမည် ဦးအင် ဘန်လပါ။ UNFC ရဲ့ဥက္ကဋ္ဌနဲ့ ကေ အိုင်အိုရဲ့ ဒုဥက္ကဋ္ဌတာဝန်ကိုလည်းထမ်းဆောင်ရပါတယ်’’ဟု မိတ်ဆက်ပြီး ‘‘ကျွန်တော်တို့တိုင်းရင်းသားများကတော့ ကျွန်တော့်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လလို့
ခေါ်ကြပါတယ်’’ဟု ပြောခဲ့သည့် UNFC ဥက္ကဋ္ဌ အဖွင့်အမှာစကားမှာ ရေ ပန်းစားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုး ထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ပါဝင် သည်။  ၂၁ ရာစုပင်လုံသို့ ပါဝင် တက်ရောက်မည်ဖြစ်ပြီး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အဖွင့်အမှာစကားပြောကြားရန် UNFC က ညီလာခံဖွင့်ပွဲ မတိုင်မီ နှစ်ရက် အလို၌ အစိုးရအား တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ မူလက ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်များဘက်က NCA ရေးထိုးထားသည့် ခေါင်းဆောင်တစ်ဦးသာ အမှာစကား ပြောကြားရန် စီစဉ်ထားခြင်းဖြစ် သည်။
သို့သော် အားချင်းညှိနှိုင်းမှု များအပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ခွင့်ပြုချက်ဖြင့် UNFC ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုး ထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု၏ ခေါင်း ဆောင်တစ်ဦး ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်အမှာစကားကို နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ပြောကြားနိုင်ခဲ့ခြင်းမှာ ထူးခြားမှု ဟုဆိုနိုင်သည်။ ထို့အပြင် အစိုးရသစ် လက်ထက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ မျှော်လင့်ချက် တံခါးပေါက်တစ်ခုဟု လေ့လာသူများက သုံးသပ်သည်။
အစည်းအဝေးကို နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း
၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့အသီးသီးက သဘောထားအမြင် ၇၂ စောင် တင်ပြခဲ့သည်။
သမိုင်းတွင် မရှိခဲ့သည့် ထူးခြားမှုတစ်ခုမှာ သဘောထားအမြင် တင်ပြမှုများကို နိုင်ငံပိုင်ရုပ်သံများ မှတစ်ဆင့် တိုက်ရိုက်ထုတ် လွှင့်ပြသခဲ့ခြင်း ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အဖွဲ့အစည်းအသီးသီး၏
ခံယူချက်များကို လေ့လာသူများသာမက သန်းငါးဆယ်သော ပြည်သူများကပါ သိရှိခွင့်ရခဲ့ပြီး ဂယက်ထမှုများလည်း ရှိခဲ့သည်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏အမည်နာမ ကို ပြောင်းလဲ သတ်မှတ်ရန်နှင့် ‘ဝ’၊တအာင်း၊ ပအိုးဝ်၊ ရှမ်းနီ စသည့် တိုင်းရင်းသား မျိုးနွယ်စုများ၏ ပြည်နယ် တောင်းဆိုချက် ကိစ္စများမှာ လေ့လာသူများအကြား မတူညီသည့် အမြင်များဖြင့် ဂယက်ထခဲ့ သည်။  ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းစွာ တင်ပြခဲ့ကြခြင်း ကြောင့် မစိုးရိမ်ကြရန် ယခုကဲ့သို့ အမှာစကား ပါးထားသည်။
‘‘အခုပြောသွားတဲ့ အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့၊ တိုက်ခိုက်တာတို့ ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေ ထဲမှာ ဒီလို ဖြစ်တာဟာ ဘာမှ ကြောက်စရာ မရှိဘူး။ ကျွန်မက ယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။
ပြဿနာကို စိုးရိမ်စရာ မရှိပါဘူး။ ပြဿ နာမရှိချင် ဟန်ဆောင်နေရတာ သာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ပြဿနာမရှိချင်ဟန်ဆောင်နေရင် ကျွန်မတို့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ပြဿနာတွေကို ကျွန်မတို့ ရင်ဆိုင်မယ်၊ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို မွေးထုတ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး တော့ တစ်ဦးကို တစ်ဦးကူညီမယ်၊ ဖေးမမယ်၊ တစ်ဦးရဲ့အမြင်ကို တစ်ဦးက လေးစားမယ်၊ နားထောင်မယ်။ သဘောထားချင်း မတိုက်ဆိုင် ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောရှိနေသလဲ ဆိုတာကို စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့ အားလုံး ညီညီညွတ်ညွှတ်နဲ့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်’’

အင်အားစုများ အစုံလင်ဆုံး ပါဝင်ခဲ့သည့် ၂၁ ပင်လုံ
၁၉၄၇ က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကျင်းပသည့် ၂၀ရာစုပင်လုံမှာ တောင်တန်းနှင့် ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေး ရယူရန် ရည်ရွယ်သည်။ နှစ်ပေါင်း ခုနစ်ဆယ်ခန့်အကြာတွင် သမီးဖြစ်သူ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်း စုကြည်ပဲ့ကိုင်ခဲ့သည့် ၂၁ ရာစုပင်လုံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ဦးတည်ခြင်းဖြစ်သည်။ ၂၁ရာစုပင်လုံ ညီလာခံမှာ သမိုင်းတစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင်များ အပါအ၀င်အင် အားစုများ အစုံလင်ဆုံး တက်ရောက်ခြင်းဖြစ်ကြောင်း လေ့လာ သူများက မှတ်ချက်ပြုသည်။ ၂၁ ရာစုပင်လုံ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အပြင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် UNFCနှင့်အင် အားအကြီးမားဆုံး ဟုသတ်မှတ်ထားသော ‘၀’အဖွဲ့နှင့် မဟာမိတ် မိုင်းလားတို့ တက်ရောက်ခဲ့သည်။

ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ကာလ တစ်လျှောက် အဖွဲ့စုံ၊ လူစုံတက်ရောက်၍ ငြိမ်းချမ်းရေးအတွက် အစပျိုးနိုင်ခဲ့ခြင်းသည် ၂၁ရာစုပင်လုံ၏ ထူးခြားချက်ဟု ရှုမြင်နိုင်သည်။သို့သော် တအာင်း၊ ကိုးကန့်၊ AAနှင့် နာဂအဖွဲ့တို့ပါဝင်ခြင်း မရှိခြင်းကြောင့် ပြီးပြည့်စုံမှု ရာနှုန်းမပြည့်သေးကြောင်း သုံးသပ်ကြသည်။
‘၀’အဖွဲ့နှင့် နားလည်မှုအလွဲများ
ပင်လုံအစည်းအဝေး ဒုတိယနေ့တွင် တက်ရောက်သူ အစုအဖွဲ့များနှင့် မီဒီယာများကြား၌ စိတ်ဝင်စားစရာ လူပြောအများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ညီလာခံ တက်ရောက်လာသည့် ‘၀’ပြည် သွေးစည်း ညီညွတ်ရေး ပါတီကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး ဆက်လက် မတက်ရောက်ဘဲ ပြန်သွားခြင်းဖြစ်သည်။
စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ၀င်ခွင့်ကတ် ကိစ္စ နားလည်မှုလွဲမှားရာ မှတစ်ဆင့် ‘၀’အဖွဲ့ပြန်သွားခြင်းနှင့် ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။
UWSPကလည်း ငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်ခြင်း မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိသည့်  အစည်းအဝေး အစီအစဉ်ကို ကန့်ကွက်ခြင်းအားဖြင့် ကိုယ်စားလှယ် အဖွဲ့ပြန်လည် ထွက်ခွာလာခြင်းဖြစ်ကြောင်း
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

‘၀’ကိုယ်စားလှယ်အဖွဲ့မှာ အစည်းအဝေးမှ ထွက်ခွာသွားသော်လည်း ၎င်းတို့၏ ‘၀’ပြည်နယ် အထွေထွေမူဝါဒများနှင့်အသေး စိတ်တောင်းဆိုချက်များ စာတမ်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး
ကော်မတီထံတင်ပြခဲ့သည်။

ထို့အပြင် နိုင်ငံအဆင့်ခေါင်းဆောင်များ တက်ရောက်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ UWSPမှ လားရှိုးဒုဆက်ဆံရေး တာဝန်ခံ အဆင့်အောက်ခြေအဖွဲ့များ စေလွှတ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သည်။
ဆုံးဖြတ်ချက် မချမှတ်သော်လည်း သဘောထားအမြင်များ လွတ်လပ်စွာတင်ပြနိုင်ခြင်း
၂၁ ရာစု ပင်လုံတွင် ယခင်က မကြုံဖူးခဲ့သည့် အဖွဲ့အစည်း အသီးသီး၏ ပွင့်လင်းသည့် သဘောထား ခံယူချက်များကို လေ့လာသူများ အပါအ၀င် ပြည်သူများက မြင်တွေ့ခွင့်ရခဲ့သည်။
၂၁ ရာစုပင်လုံ ပထမအစည်းအဝေးတွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိက အင်အားစုများဖြစ်သည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား သဘောထားကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည်။

 အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်များတွင် အဓိကခံယူချက်ကွဲလွဲနေခြင်း ဖြစ်သည်။ သို့သော် လေ့လာစောင့် ကြည့်သူများက သဘောထားအမြင်များကို ပွင့်လင်းစွာ တင်ပြနိုင်ခြင်းက ပြဿနာကို အဖြေရှာရန် လမ်းစပင်ဖြစ်ကြောင်း မှတ်ချက် ပြုသည်။
ပင်လုံပထမအစည်းအဝေးတွင် တင်ပြသည့် သဘောထားအမြင်များကို မှတ်တမ်းအဖြစ် စုစည်းပြီး နောင်လာမည့် ညီလာခံနှင့် ဆွေးနွေးပွဲများ၌ ဆက်လက်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်သည်။
သမိုင်းဝင် ၂၁ ရာစုပင်လုံ ညီလာခံ ပထမ အစည်းအဝေးအပြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်  ကျင်းပမည် ဖြစ်သည်။ ထို့အပြင် ပင်လုံဒုတိယ အစည်းအဝေးကို နောင်ခြောက် လအကြာတွင် ထပ်မံကျင်းပရန် စီစဉ်ထားသည်။
သို့ရာတွင် ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးအပြီး ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ စောင့်ကြိုနေဆဲဖြစ်သည်။
နောင်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရန် NCA လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း အစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောကြား ထားသည်။ ထို့ကြောင့် NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်စေရေးသည် နှစ်ဖက်အဓိက ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စတစ်ခု ဖြစ်လာမည်ဟု စောင့်ကြည့်သူများက သုံးသပ်သည်။
ထို့ကြောင့် မကြာမီအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆက်လက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် သုံးသပ်ဆွေးနွေးပွဲများမှာ ရလဒ်ကောင်း ထွက်ပေါ်ရန် အရေးပါနေပြီဖြစ်သည်။ ယင်းမူဘောင် အစည်းအဝေးသို့ NCA ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ တက်ရောက်ရန် စီစဉ်ထားသည်။
ကမ္ဘာက စောင့်ကြည့်ခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲမှာ ထူးခြားမှုများဖြင့် ပြီးစီးသွားခဲ့ပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ခရီးရှည်အတွက် စိန်ခေါ်မှုများက စောင့်ကြိုနေဆဲ ဖြစ်သည်။
၂၁ ရာစုပင်လုံ ညီလာခံ ကာတွန်းပြပွဲတွင် ကာတွန်းမောင်စိန်၏ ပြကွက်တစ်ကွက်ကို လူအများ ပြုံးတုံ့တုံ့ဖြင့် ကြည့်ရှုနေသည်။
ကာတွန်းတွင် သေနတ်ကိုယ်စီဖြင့် သေဆုံးနေသူနှစ်ဦး၏ ကြား၌ လင်းတငှက် တစ်ကောင်က အဆင်သင့် နားနေသည်။ ကာတွန်း၏ တစ်ကြောင်းတည်းသော စာသားကတော့ ‘သူမသာ ကိုယ်မသာ ငြိမ်းချမ်းရေးမျိုးကိုတော့ မလိုချင်’ဟူ၍ဖြစ်သည်။

http://www.7daydaily.com/story/74781

No comments: