Wednesday, September 7, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ကိုးခုတွင် တရုတ်နှင့် စင်ကာပူနိုင်ငံတို့မှ ၀င်ရောက် ရင်းနှီးမြှုပ်နှံထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ကိုးခုတွင် တရုတ်နှင့် စင်ကာပူနိုင်ငံတို့မှ ၀င်ရောက် ရင်းနှီးမြှုပ်နှံထား

Wednesday, September 7, 2016
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ၉ ခုတွင် တရုတ်နိုင်ငံက တန်ဖိုးဒေါ်လာ ၁ ဒသမ ၃ ဘီလျံနှင့် စင်ကာပူနိုင်ငံမှ ဒေါ်လာသန်း ၅၇၀ ဖြင့် တရုတ်နှင့် စင်ကာပူတို့မှ အများဆုံး ၀င်ရောက် ရင်းနှီးမြှုပ်နှံထားရာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
...
“လျှပ်စစ်ကဏ္ဍမှာ တရုတ်နိုင်ငံက စီမံကိန်းငါးခုရှိပြီး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ၀င်ရောက် ရင်းနှီးမြှုပ်နှံထားပါတယ်။ စင်ကာပူ နိုင်ငံက လေးခု၊ ဒေါ်လာသန်း ၅၇၀ ရှိတယ်။ ဒါတွေက ယခုဘဏ္ဍာနှစ်စကနေ ဇူလိုင်လကုန်အထိ စီမံကိန်း ကိုးခုမှာ ၀င်ရောက် မြှုပ်နှံထားတာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်၌ အကောင်အထည် မဖော်ရသေးသော ရေအားလျှပ်စစ် စီမံကိန်း ၃၉ ခု၊ လေအားလျှပ်စစ်စီမံကိန်း ငါးခုနှင့် ဆိုလာစီမံကိန်း ငါးခုရှိပြီး BOT၊ JV စနစ်များဖြင့် ဆောင်ရွက်ရန် စီမံကိန်း ရေးဆွဲထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ဆောင်ရွက်ရာတွင် ရေအားလျှပ်စစ်သာမက သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအား၊ အခြားဇီဝနှင့် စွန့်ပစ်ပစ္စည်း လောင်စာတို့မှ ထုတ်လုပ်နိုင်သမျှ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ၀န်ကြီးဌာနမှ ကိုယ်တိုင်အကောင်အထည်ဖော် တည်ဆောက်ခြင်း၊ ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု B.O.T စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ JV/ B.O.T စနစ်နှင့် ဆောင်ရွက်ခြင်းစသည်ဖြင့် နည်းလမ်းသုံးသွယ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း လျှပ်စစ်ဓာတ်အား ရရှိခဲ့ကြောင်းနှင့် ငါးနှစ်တာကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၄၈ သန်း၊ လူဦးရေ ၇ဒသမ ၄ သန်းကို လျှပ်စစ်ဓာတ်အား ထပ်မံပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ သို့သော်လည်း လျှပ်စစ်ဓာတ်အား မရသေးသည့် အိမ်ထောင်စုအရေအတွက် ၆ ဒသမ ၈ သန်းခန့် ကျန်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Writer:
နီလာ
Eleven Media Group

No comments: