Saturday, September 3, 2016

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ်အစည်းအဝေး နောက်ဆုံးနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ကျေးဇူးတင်စကား အပြည့်အစုံ"

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ်အစည်းအဝေး နောက်ဆုံးနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ကျေးဇူးတင်စကား အပြည့်အစုံ"
 
3 September 2016
 
 
ကျမတို့ဒီညီလာခံကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အစဉ်တစိုက်လုပ်နေဖို့အရာဖြစ်ပါတယ်။ ကျမတို့ဟာ ဒီညီလာခံထဲမှာရောက်နေတဲ့ အချိန်မှာပဲ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားဖို့မဟုတ်ပါဘူး။ အစည်းအဝေးတွေကျင်းပနေချိန်မှသာ ငြိမ်းချမ်းရေးကို စဉ်းစားနေဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျမတို့ဟာငြိမ်းချမ်းရေးကို ဘယ်လိုရအောင်ယူကြမလဲ ကျမတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံအောင်ချမ်းသာအောင်လို့ဘယ်လို လုပ်ကြမလဲဆိုတာ အစဉ်တစိုက် ကျမတို့ စဉ်းစားနေကြရမယ့်ကိစ္စဖြစ်ပါတယ်။ အခု ဒီညီလာခံကြီးအတွင်းမှာ ဆွေးနွေးခဲ့တဲ့ အရာအားလုံးကို ပြည်သူလူထုသိနိုင်အောင်လို့ ကျမတို့လွှင့်ပေးပါတယ်။ဒီလိုလွှင့်ပေးခြင်းအားဖြင့်ပြည်သူလူထုဟာ ကျမတို့ ရဲ့ငြိမ်းချမ်းရေးညီလာခံထဲမှာ မဖြစ်မနေပါဝင်ရမယ့်ပုဂ္ဂိုလ်များဖြစ်တယ် ဆိုတာကို နားလည်စေချင်တယ်။ ပြည်သူများအနေနဲ့ကျမတို့ငြိမ်းချမ်းရေးရဖို့ဘယ်လိုအခက်အခဲတွေ ကျော်လွှားဖို့လိုမလဲဆိုတာကို နားလည်စေချင်တယ်။ အခက်အခဲတွေရှိတယ် ဆိုတာသိမှ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှား ရမလဲဆိုတဲ့ အဖြေကို ကျမတို့ရှာနိုင်မှာဖြစ်ပါတယ်။
အခုဆိုရင် အစုအဖွဲ့ အသီးသီး ပုဂ္ဂိုလ်များအရ အစုအဖွဲ့များအရ ပြောသွားတဲ့နေရာမှာ ဘယ်သူတွေဟာ အတိတ်ကို ပိုပြီးလှည့်ကြည့်တဲ့နေရာမှာအားသန်သလဲ ဘယ်သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့နေရာမှာ အားသန်သလဲ ဆိုတာလည်း ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါတွေက ထာဝရ မဟုတ်ပါဘူး။
အခုချိန်မှာ အတိတ်ကိုလှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တချိန်မှာ အနာဂတ်ဘက်ကို လှည့်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ အတိတ်ရဲ့ ချည်နှောင်မှုကို ကျမတို့က ခံနေမှာလား။ အနာဂတ်ကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီးတော့ တည်ဆောက်သွားမှာလား ဆိုတာကိုကျမတို့ တစ်ဦးချင်းတစ်ဦးချင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တစ်ခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်လည်း မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစု တစ်ခုအတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ ပြည်ထောင်စုကြီးအတွက် ဖြစ်တယ်ဆိုတာကို ကျမတို့ သဘောပေါက်ဖို့လိုပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့်မို့ ဒီခန်းမထဲကဖြစ်စဉ်ကို တကမ္ဘာလုံးကလည်း စိတ်ဝင်စားကြပါတယ်။
ဒီလိုငြိမ်းချမ်းရေး ရယူဖို့ဆိုတာအင်မတန်မှ ခက်ခဲတဲ့ကိစ္စပါ။ အခြားနိုင်ငံတွေမှာလဲ အခက်အခဲတွေ ကျော်လွှားပြီး ငြိမ်းချမ်းရေးရယူကြတယ်။ အဲလိုရယူတဲ့အချိန်မှာဆိုရင် မုဒိတာပွားကြတယ်။ စိတ်ချမ်းသာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေထဲမှာဆိုရင် အချင်းချင်းဆက်နွယ်မှုဆိုတာရှိတယ်။
တနေရာမှာ ငြိမ်းချမ်းရေးရသွားပြီဆိုရင် ကျမတို့နိုင်ငံအတွက် မျှော်လင့်ချက်ရသလို ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးအောင်မြင်မယ်ဆိုရင် တခြားနိုင်ငံတွေအတွက်လဲ မျှော်လင့်ချက်ပေးရာရောက်ပါတယ်။
ဒါကြောင့် ကျမတို့အားလုံး ကိုယ့်တာဝန်ဟာ ဘယ်လောက်ကြီးမားတယ်။ ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့အခွင့်အရေးဟာ ဘယ်လောက် ဂုဏ်သိက္ခာရှိတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ အခုဆိုလို့ရှိရင် ဒီညီလာခံဟာ ညီလာခံရဲ့နိဒါန်းပဲဖြစ်ပါတယ်။ ပထမအစည်းအဝေးပါ။ ပထမအစည်းအဝေးပြီးရင် နောက်အစည်းအဝေးတွေလည်း လာဦးမှာပါ။ ကြားထဲမှာ လုပ်စရာတွေအများကြီးရှိပါတယ်။
အမျိုးသားအဆင့်ဆွေးနွေးပွဲများလုပ်ဖို့ဆိုတာဟာ ဒီညီလာခံပြီးတာနဲ့ အစည်းအဝေးပြီးတာနဲ့ စတင်ပြီးပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ ကျမတို့ရဲ့ CSO ဖိုရမ်တွေဖြစ်မြောက်ဖို့ စတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ လုပ်စရာအလုပ်တွေက အများကြီးပါပဲ။ ဒါပေမယ့် လုပ်ရကျိုးနပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့လုပ်နေတာက နိုင်ငံရဲ့အနာဂတ်အတွက် လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဆိုတာဟာ အင်မတန်မှကြာရှည်တဲ့ ကာလကြီးပါ။ နိုင်ငံရဲ့ အနာဂတ်မှာ ဒီနိုင်ငံရဲ့အရိပ်ကိုခိုလုံသွားရမယ့် ပြည်သူ ပြည်သားများဆိုတာလည်း မရေမတွက်နိုင် အောင်ရှိပါလိမ့်မယ်။ ဒီကမ္ဘာကြီးဘယ်လောက်ကြာကြာခံ နိုင်မလဲဆိုတာက ကျမတို့တယောက်မှ မသိပါဘူး။ ကမ္ဘာတည်သရွေ့ ကျမတို့ မှီတင်းနေထိုင်သူများအားလုံး လုံခြုံဖို့အတွက် ကိုယ်စိတ်နှစ်ဖျာချမ်းသာဖို့အတွက် ကျမတို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒါဟာ ကျမတို့လူဖြစ်ရကျိုးနပ်ပြီလို့ အားလုံးကပြော နိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျမတို့ညီလာခံကို တတ်ရောက်လာတဲ့ ကိုယ်စားလှယ်များအားလုံး ဒီညီလာခံရဲ့အောင်မြင်မှုမှာပါဝင်ရမယ့် ကိုယ်စားလှယ်အားလုံးဟာ လူဖြစ်ရကျိုးနပ်အောင်ကြိုးစားကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်။
ကျမတို့ဟာ ဒီလောကကြီးမှာ လာသွားရတာဟာ တခဏလေးပါ။ ကျမတို့အသက်ဘယ်လောက်ရှည်နိုင်မလဲ။ ကျမသိသလောက် ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာ ၁၂၀ လောက်ဖြစ်ပါတယ်။ နှစ် ၁၂၀ ဆိုတာဘာမှမဟုတ်ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့သက်တမ်းနဲ့စာလို့ရှိရင် ကမ္ဘာကြီးရဲ့သက်တမ်းနဲ့စာလို့ရှိရင် နှစ် ၁၂၀ ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကျမတို့တွေကံကောင်းလို့ ကျန်းမာရေးကောင်းလို့ ၁၂၀ ထိနေနိုင်တယ်ပဲဆိုပါဦးစို့ ဒီ၁၂၀ ဆိုတာ တခဏလေးပါပဲ။ ကျမတို့လိုအသက်ရောက်နေတဲ့သူတွေဆိုရင် ၁၂၀ ထိနေဖို့ဆိုတာ သိပ်တော့မကျန်တော့ပါဘူး။ ဒီတော့ကျမတို့ဟာကိုယ်ရှိတဲ့အချိန်လေးကို တန်ဖိုးရှိအောင်သုံးကျပါစို့။ ကိုယ့်ရှိတဲ့အချိန်လေးကို အရင်တုန်းကဖြစ်ခဲ့တဲ့ ကိစ္စတွေကိုပြန်လှည့်ကြည့်ပြီး အာဃာတတွေပွားနေမယ့်အစား တဦးပေါ်တဦး သံသယတွေပွားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှာ ဘယ်လို အာဃာတတွေပျောက်အောင်လုပ်မလဲ။ ဘယ်လို ဒီသံသယတွေကင်းစင်အောင်လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေအနှစ်တခုကို ချန်ထားခဲ့မလဲဆိုတာကို စဉ်းစားကြပါစို့လို့ ကျမကနေပြီးတော့ တိုက်တွန်းချင်ပါတယ်။ အခုကျမတို့ညီလာခံအတွင်းမှာ တခါတလေ အထစ်အငေါ့လေးတွေဖြစ်တယ်။ မပြေလည်တဲ့ကိစ္စတွေရှိပေမယ့် ဒီညီလာခံဖြစ်မြောက်အောင်လို့လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေအားလုံးကို ကျမ လိုက်လိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ဒီညီလာခံလုပ်ဖို့ အချိန်လည်းသိပ်ရှိခဲ့တာမဟုတ်ဘူး။ ဒါဆို အချို့ကမေးမယ် ဘာလို့မြန်မြန်လုပ်လဲ ဘာလို့မစောင့်လဲဆိုရင် ဒါက စောင့်ရမယ့်ကိစ္စလည်း မဟုတ်ဘူး။ ကျမတို့မှာရှိတဲ့ အချိန်ကိုလုပြီး လုပ်နေရတာပါ။ ရှိတဲ့အချိန်ကလုပြီးလုပ်တယ်ဆိုတာက ကျမတို့အတွက်လည်း မဟုတ်ဘူး။ ကျမတို့အစိုးရအတွက်လည်း မဟုတ်ဘူး။
ကျမတို့ အစိုးရဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူလူထုရဲ့ထောက်ခံမှုမရှိရင် ဘယ်ကိစ္စကိုမှ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့က ပြည်သူလူထုရဲ့ယုံကြည်မှု ထောက်ခံမှု ပြည်သူလူထုရဲ့လေးစားမှုရအောင်လို့ ညီလာခံကြီးဖြစ်မြောက်အောင် အားလုံးကြိုးစား ၀ိုင်းလုပ်ဖို့လိုပါတယ်။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြပါတယ်။ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေက သုံးသပ်နေကြပါတယ်။
ဘယ်သူတွေဟာ ဘယ်လိုစိတ်ထားရှိတယ် ဘယ်လို ပြသာနာတွေရှိရှိ ကျမတွေအားလုံးကျော်လွှားရမယ်။ ဘယ်သူတွေက ကျမတို့နိုင်ငံအတွက် အဓိကစေတနာထားပြီး ကြိုးစားမယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်မှာပါ။ ကျမတို့ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။
လူတစ်ဦးရဲ့တန်ဖိုးဆိုတာ တနေ့တနေ့ပြောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း နေ့တိုင်းက အခွင့်အရေးသစ်ပါ။ တနေ့နေ့ မိုးလင်းလာတာနဲ့ကိုယ့်မှာ အခွင့်အရေးသစ်တွေရလာတာပါ။
ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါလို့တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန်သုံးခြင်းအားဖြင့် ကျမတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။
အခုပြောသွားတဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့၊ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ကျမကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာမရှိဘူးလို့ ကျမဒီလိုပဲ ယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိဘူး။ ပြသာနာကို စိုးရိမ်စရာမရှိပါဘူး။ ပြသာနာမရှိချင်ယောင်ဆောင်နေရတာဟာ ဒါကသာစိုးရိမ်စရာဖြစ်ပါတယ်။ ပြသာနာမရှိချင်ယောင်ဆောင်နေရင် ပြသာနာတွေဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် သတ္တိရှိရှိနဲ့ ဒီပြသနာတွေကို ရင်ဆိုင်မယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေမွေးထုတ်မယ်။ တဦးကိုတဦး ကူညီမယ်ဖေးမမယ်။ တဦးရဲ့အမြင်တဦးကလေးစားမယ် နားထောင်မယ်။ သဘောထားချင်းမတိုက်ဆိုင်ရင်တောင် ဘာကြောင့် မတိုက်ဆိုင်တဲ့သဘောထားတွေရှိနေလဲဆိုတာ စဉ်းစားရမယ်။ ဒါမှကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။
ကျမဒီညီလာခံကြီးကို နေ့တိုင်းမတတ်ဖြစ်ဘူး။ ဒါပေမယ့် ကျမဒီဖြစ်စဉ်ကြီးကို အင်မတန်မှ အလေးထားပါတယ်။
ကျမတို့အစိုးရက အဓိက အင်အားက ပြည်သူတွေလက်ထဲမှာရှိတယ်ဆိုတဲ့မူကို အလေးထားပါတယ်။ အစိုးရအဖွဲ့ဆိုတာ ပြည်သူလူထုရဲ့ သဘောထားတွေကို လိုက်နာဖို့ အလေးထားဖို့ အရေးကြီးပါတယ်။
ကျမတို့ဟာ အစိုးရကောင်းတခုဖြစ်အောင်ကြိုးစားနေပါတယ်။ ၂၁ပင်လုံဟာ ၁၉၄၇ ခုနှစ် ကျင်းပခဲ့တဲ့ပင်လုံလိုပဲ ကျမတို့နိုင်ငံသမိုင်းမှာ ဂုဏ်ယူစရာဝင့်ကြွားစရာ အားတတ်စရာ အခမ်းအနားကြီး အခင်းအကျင်းကြီးတခု ဖြစ်စဉ်ကြီးတခုဖြစ်ဖို့ ၀ိုင်းဝန်းကြိုးစားကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်။
 

No comments: