Sunday, September 18, 2016

ေ အ ာ င္ ေ ဝ း ● အ ေ မ ရိ က န္ ေ န ာ က် ခံ မြ န် မာ က ဗျာ တ စ် ပု ဒ်


ေ အ ာ င္ ေ ဝ း ● အ ေ မ ရိ က န္ ေ န ာ က် ခံ မြ န် မာ က ဗျာ တ စ် ပု ဒ်
A Burmese Poem in America
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂ဝ၁၆

“ခင်ဗျားလားဗျ။ ကျောင်းသားသပိတ်စစ်ကြောင်းကို ရှေ့ ဆက်သွားခွင့်မပြုဘူးဆိုတာ၊ ကဲဗျာ မပြုချင်ဦး”

“ဖြန်း“
“ဖြန်း“

“ခင်ဗျားလားဗျ၊ ကျောင်းသားတွေကိုရှေ့ဆက်သွားခွင့်ပြုလိုက်ရင်၊ အာဖဂန်နစ္စတန်လိုဖြစ်သွားနိုင်တယ်ဆိုတာ၊ ကဲဗျာ ဖြစ် ချင်ဦး”

“ဖြန်း“
“ဖြန်း“

ကျနော်က အဲဒီလူ၊ တောင်သာမြို့က မြို့မိမြို့ဖဆိုတဲ့သူကို မေးမေးပြီး၊ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်သည်။ ကျနော် သိတာပေါ့။ ဒီလူ၊ ဦးအောင်သောင်းလူ။ ကြံ့ဖွတ်ပါတီဝင်ပေါ့။ ကျနော်သိပ်သိတာပေါ့။

ကြံ့ဖွတနဲ့အပေါင်းပါ စွမ်းအားရှင်အုပ်စုက သူတို့ကိုယ်သူတို့ မြို့မိမြို့ဖဆိုပြီး၊ ကျောင်းသားသပိတ်စစ်ကြောင်းကို လာတား တာ။ ဘယ်ရမလဲ။ ကျနော်က အဲဒီသခင်အားရ ကျွန်ပါးဝဖြစ်နေတဲ့လူရဲ့ပါးကို ဖြန်းဖြန်းကွဲအောင်ရိုက်ပစ်လိုက်တယ်။ မ ကျေ နပ်သေးဘူး။ ထပ်မေးပြီး ထပ်ရိုက်ဖို့ လက်အရွယ် ...။ ဟိုးထား။

ကျနော့်ရှေ့မှာ တွေ့ဖူးသလိုရှိတဲ့ လူနှစ်ဦးလာရပ်ပြီး လက်ပြတားတယ်။ တို့လက်နဲ့မတန်ဘူးလို့လည်း ပြောလာတယ်။ အနားကပ် သေချာကြည့်လိုက်တော့မှ ခပ်ဖိုင့်ဖိုင့်နဲ့က ဆရာဦးတင်မိုးဖြစ်နေတယ်။

ပိန်ပိန်သွယ်သွယ်တစ်ယောက်က ပန်းရည်ဘဏ်တိုက်တို့၊ တောင်တော်ပုပ္ပားတို့သီချင်းတွေရေးခဲ့တဲ့ ကန်မြဲကိုအေးကျော်ဖြစ် နေတယ်။ ဆရာဂျမ်းတို့ ဘယ်လိုကနေဘယ်လို ဒီတောင်သာ နန်းမြင့်တောင်ကြား၊ အရပ်ကခေါ်တော့ နပျင်း (နွားပျင်း) တောင်ကြား၊ ဒီနေရာကို ဘယ်ကရောက်လာကြပါလိမ့်။ နောင်မှ သတိရ။ သြော် …ဒါ သူတို့နယ်ကိုး။
+++++++++

အဲဒီနေ့ က ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်။

မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ဗ က သ (ဗကသများအဖွဲ့ ချုပ်) ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်း နာ မည်ဆိုးနဲ့ ကျော်ကြားတဲ့ တောင်သာတပ်မတော်ရှိတဲ့နေရာကို ဖြတ်တဲ့နေ့။

ဒီ နန်းမြင့်တောင်ကြားမှာ၊ လုံထိန်းရဲနဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အင်အားအလုံးအရင်းနဲ့ အကြီးအကျယ် ပိတ်ဆို့ ဟန့် တား ခြိမ်းခြောက်နေတဲ့ကြား။ ကျောင်းသားထုနဲ့ မြင်းခြံနဲ့ တောင်သာမြို့တွေက ပြေးလာဝန်းရံတဲ့ပြည်သူတွေ ရဲရဲရင့်ရင့် အောင်မြင်စွာဖောက်ထွက်သွား။ သပိတ်မှောက်ကျောင်းသားတွေရဲ့ သမိုင်းဝင် နန်းမြင့်တောင်ကြားအောင်ပွဲ။

ကျောင်းသားတွေ ခွပ်းဒေါင်းအလံတလူလူ၊ ကြွေးကြော်သံတွေ တဆူဆူနဲ့ ရှေ့ဆက်ထွက်ခွာသွားကြတော့၊ အဲဒီနေရာမှာ ကျနော် ခဏရပ်ကျန်ခဲ့။ ဆရာဂျမ်းနဲ့ ကန်မြဲ ကိုအေးကျော်တို့က ကျောင်းသားတွေနောက်မလိုက်သေးဘဲ ရပ်ကြည့်နေ။ မရှု မလှ အရှုံးပေးလိုက်ရတဲ့ ရဲတွေ၊ အောင်သောင်းလူတွေလည်း ရှက်ရှက်နဲ့ပြန်ကုန်ကြပြီ။ အဲဒီအချိန်မှာ ကျနော်က အာဖဂန်နစ္စ တန်လိုဖြစ်သွားမယ်လို့ပြောခဲ့တဲ့ ကျုပ်တို့က မြို့မိမြို့ဖဗျဆိုတဲ့လူကို မေးမေးပြီး၊ ပါးကို ပယ်ပယ်နယ်နယ်ရိုက်ပစ်လိုက်တာပါ။

ကျနော် ဒီလူ့ မျက်နှာတည့်တည့် တံတွေးနဲ့ ပျစ်ခနဲထွေးထည့်လိုက်ပြီး၊ ကျောင်းသားတွေနောက်ကို ပြေးလိုက်လာခဲ့ တယ်။ နေကပူလိုက်တာ။ ဆောင်းတွင်းနေက ချစ်ချစ်တောက်ပဲ။ လမ်းကလည်း ကြမ်းမှကြမ်းပါပဲ။ ဆူးတွေ ချိုင့်ခွက်တွေ ခဲတွေနဲ့ ။ အို … မောလိုက်တာ။ ကျနော် ပြေးနေရင်းရေငတ်လာတယ်။
+++++++++

“ဟဲလို၊ ခင်ဗျား သတိရပြီလား”
ကျနော့်နားထဲကို အသံတစ်သံ မြွေတစ်ကောင်လို တွားဝင်လာတယ်။
“ဟိုင်း၊ ခင်ဗျား သတိရပြီနော်”

ကျနော် လေးလံနေတဲ့ မျက်ခွံတွေကို အား.ယူဖွင့်ကြည့်လိုက်တယ်။ အို … မူးလိုက်တာ။ မြင်ကွင်းကမှုန်မှုန်ဝါးဝါးဖြစ်နေရာကနေပြီး၊ တဖြည်းဖြည်းကြည်လာလင်းလာ ထင်ရှားလာသည်။ အလို- ဆရာဝန်၊ ဆရာမတွေပါလား။ များလိုက်တာ။ ဆယ် ယောက်မကဘူး။ ကျနော့်ဘေးမှာ ဝိုင်းအုံပြီး ရပ်ကြည့်နေကြပါလား။    ကျနော် ကုတင်တစ်လုံးပေါ်မှာ ပက်လက်ကလေး။ ဟင်- လက်တွေက လှုပ်လို့မရပါလား။ ကျနော့်လက်နှစ်ဖက်စလုံးမှာ ပိုက်တွေက တန်းလန်း။ ကုတင်ဘေးက ဆေးပုလင်း ချိတ်တဲ့တိုင်တွေမှာလည်း ပုလင်းအစီအရီ။ လက်တစ်ဖက်က ပိုက်ထဲက အရည်က နီကျင်ကျင်။ အခြားလက်တစ်ဖက်က ပိုက်ထဲမှာကျတော့အရည်က ဝင်းဖန့်ဖန့် အရောင် ထင်သည်။

ခေါင်းဆာင်ဖြစ်ပုံရတဲ့ မဇ္ဈိမနွယ်ဖွား ဆရာဝန်က ကျနော့်အနားကပ်ပြီး တိုးတိုးရှင်းပြတယ်။ ကျနော်သူပြောတာကို အား စိုက်နားထောင်ပြီး၊ ပြန်စဉ်းစားလို့ရသလို ရှိသွားသည်။ ကျနော် ဆေးရုံကြီးတစ်ရုံရဲ့အရေးပေါ်ဌာနက အသည်းအသန်လူနာကုတင်တစ်လုံးပေါ်ရောက်နေတာဖြစ်သည်။

မနေ့ညက (ဖေဖော်ဝါရီ-၁၊ ၂ဝ၁၅) ကျနော် နှင်းမုန်တိုင်းအရေးပေါ်တာဝန်နဲ့ညအိပ်ရတဲ့ ဟိုတယ်က အခန်းတစ်ခန်းထဲမှာ၊ ရင်ဘတ်အရမ်းအောင့် မူးမိုက်ပြီးထိုးလဲလို့၊ အရေးပေါ်နိုင်းဝမ်းဝမ်း (၉၁၁) လူနာတင်ကားနဲ့ ဒီနေရာကိုရောက်လာတာ။ ဟို တယ်အခန်းကနေသယ်လာပြီး၊ အရေးပေါ်လူနာတင်ကားပေါ်လည်းရောက်ရော ကျနော်သတိမေ့သွားခဲ့တာ။ ဟေမိုဂလိုဗင် က ၅ ဒသမ ၈  ရာခိုင်နှုန်းပဲရှိတော့တာ။ လူနာတင်ကားပေါ်မှာကတည်းက ဆရာဝနနဲ့သူနာပြုတွေက အားချင်းကုကြတာ။ ကျနော် ရင်ဘတ်အောင့်လာရင် သောက်နေကျ နိုက်ထရိုဆိုတဲ့ ဆေးလုံးသေးသေးကလေးတွေ တစ်လုံးပြီးတစ်လုံး ကျနော့်လျှာ အောက် ထည့်ပေးခဲ့ရတာ။

ဆေးရုံရောက်တော့ ချက်ချင်းသွေးသွင်းဖို့ လုပ်ကြ။ အားဆေးပုလင်းတွေချိတ်ကြ။ ရှုပ်ယှက်ခတ်နေမှာပေါ့။ ကျနော်ကတော့ ဘာမှမသိဘူးလေ။ အခုချိတ်ထားတဲ့ သွေးပုလင်းက ဒုတိယမြောက်။ ကျနော်ဘယ်သိမလဲ။ မသိစိတ်နဲ့အိပ်မက်ထဲမှာ ကျ နော်က တောင်သာ နန်းမြင့်တောင်ကြားက အောင်သောင်းလူရဲ့ ပါးကိုအားရပါးရရိုက်နေခဲ့တာပေါ့။

ဆရာဝန်တွေ၊ သူနာပြုတွေအုပ်လိုက်ကြီးပြန်သွားတော့၊ ကျနော် မောပြီးကျန်ခဲ့တယ်။ မူးလည်းမူးနေသေးတယ်။ သူ့ကိုယ် သူ တောင်ကိုရီးယားသူပါလို့ပြောပြီး၊ အညာဆီရောလို့နှုတ်ဆက်တဲ့ သူနာပြုဆရာမလေးက ကျနော့်ကိုစောင့်ကြည့်ဖို့ ကျန် ခဲ့တယ်။ ကျနော့်မျက်ခွံတွေ ပြန်လေးလံလာတယ်။ ကိုရီးယားသူကလေးက အဋ္ဌမမြောက် အားဆေးပုလင်းကို ပြောင်းချိတ် တယ်။ ကျနော်အိပ်ချင်လာတယ်။
+++++++++

အညာဆောင်းရဲ့နေရောင်ကလည်း ပူလွန်းလှချည်ရဲ့။ မီးတောက်လုမတတ်ပဲ။    ကျနော် ကျောင်းသားသပိတ်စစ်ကြောင်းကို မီလာတယ်။ ကျောင်းသားတွေနဲ့အတူ ဝဲလောင်ကိုဖြတ်တော့၊ နယ်ချဲ့ ဆန့်ကျင်ရေးသူရဲကောင်းကြီး ဝဲလောင်ဗိုလ်ရာညွှန့် ကိုယ်တိုင် မြို့ဦးက ထွက်လို့ကြိုသော်ကောရယ်။ ပုပ္ပားနဲ့ ကျောက်ပန်းတောင်း၊ ဘာပြောကောင်းမလဲ၊ ခွပ်ဒေါင်းအလံတွေနဲ့ ရဲပတောင်းခတ် ရွှင်လန်းတက်ကြွလို့။

ဟော- ရှေ့မှာ ရေနံချောင်း၊ ရေနံချောင်း။ ဒေါင်းနေချောင်းမှာ ဒေါင်းတွေပေါင်းဆုံကြတော့မယ်။ ကျနော်က စစ်ကြောင်းတွေ ဆုံပြီဆိုတာနဲ့ ခွပ်ဒေါင်းအလံကြီးကြီးတလက်ကို ကောက်ကိုင်ပြီး လေထဲ အင်နဲ့ အားနဲ့ ဝှေ့ယမ်းလိုက်တယ်။

အားပါး- ကျနော့်ဘေးမှာ ဆရာဦးကြည်အောင်။ ကျနော့်ရှေ့မှာ ကိုကိုးကျွန်းအာဇာနည် ကဗျာဆရာလေးမောင် (မြင်းခြံ)။ အလို- ဟိုးရှေ့မှာ ကိုသက် (ဗကသ) နဲ့ ၊ ကိုဗဆွေလေး (တကသ) တို့ ကျောင်းသားတွေနဲ့အတူ တပ်ဦးက ရင်ပေါင် တန်းချီတက်လို့ပါလား။
+++++++++
အို … ဆွေးဆွေးမှုန်မှုန်
မေ့ဆေးထုံပျံ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုကြဆဲ။

မူးရိပ်မူးဝေ အမူးမပြေသေးတဲ့ ကျနော့်ဦးခေါင်းထဲမှာ ကာရန်တွေ ပြွတ်ခဲ ထိုးသိပ် ထွက်အန်ကျလာနေတော့သည်။

ဆရာဝန်တွေက ကျနော့်ကို အရေးပေါ်ခန်းကနေ၊ နှလုံးရောဂါဆောင် (လေးထပ်) အခန်းတစ်ခန်းထဲက ကုတင်တစ်လုံးပေါ် ပြောင်းရွှေ့လိုက်ကြပြီ။ ကျနော် မောနေသည်။ အားနည်းနေတုန်း။ မူးလည်း မူးတယ်။ လူကဆေးရုံကုတင်ပေါ်မှာ။ ကျနော့် စိတ်က ဗမာပြည်က ကျောင်းသားသပိတ်စစ်ကြောင်းဆီမှာ ရောက်နေသည်။ သူတို့ ဗကသ (ဗကသများအဖွဲ့ချုပ်) သပိတ် စစ်ကြောင်း မန္တလေး အိမ်တော်ရာဘုရားဝင်းထဲကနေ  စချီလာကတည်းက ကျနော် အွန်လိုင်းကနေ အားပေးထောက်ခံခဲ့ သည်။ ကျနော်သူတို့ကို ကူညီချင်သည်။ ဘယ်လိုကူညီမလဲ။ ကျနော် သူတို့အတွက် "ရန်ကုန်ချီကျောင်းသားသပိတ်တပ် ကြီးဘွဲ့ - မော်ဒန်လေးချိုးကြီး” ကို ဇန်နဝါရီ ၁၈ (၂ဝ၁၅) နေ့က စရေးသည်။ တစ်ချိုးရေးပြီးတိုင်း တစ်ချိုး လိုင်းပေါ်တင်သည်။ နေ့ စဉ် သပိတ်စစ်ကြောင်းသတင်းတွေ ရေဒီယိုကနားထောင်ရသည်။ ဗမာ့နွေဦးဟာ ဖေ့စ်ဘုတ်မှာလည်း လွန့်လူးလာသည်။

မဆုံးသေးတဲ့ မော်ဒန်လေးချိုးကြီးရဲ့ အဆုံးသတ် စတုတ္ထအချိုးကို ဇန်နဝါရီ ၂၈ (၂ဝ၁၅) မှာ လိုင်းပေါ်တင်လိုက်သည်။ အဲဒီ အချိန်မှာ သပိတ်တပ်ဦးက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုနန္ဒာစစ်အောင်တို့နှစ်ဦး နေပြည်တော်တွေ့ ဆုံဆွေးနွေးပွဲသွားနေကြပြီ။

မစ်ရှီဂန်မဲဇာကနေ ကျနော်က သူတို့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အပြည့်အဝ ထောက်ခံအားပေးနေသည်။ အားပေးနေရင်းနဲ့ ကျနော် ဆေးရုံပေါ်ရောက်သွားရတော့သည်။
+++++++++
ဆေးရုံပေါ်မှာ
တော်လှန်ရေးလေ၊ သွေးတစ်ပေါက်ချင်း
လက်မောင်းတွင်းကျ၊ သွေးသွင်းလူနာ
စိတ်မှာနီမောင်း၊ ခွပ်ဒေါင်းလက်ပတ်
အနာဂတ်သို့၊ ဖြတ်သန်းနေချိန်
အိပ်မက်ထဲမှာ
နှင်းသည်း လေထန်၊ မစ်ရှီဂန်ရဲ့
ဟေမန္တမုန်တိုင်းနီနီ။

အဲသည်ရက်တွေက မစ်ရှီဂန်မဲဇာမှာ နှင်းမုန်တိုင်းတွေ ထန်နေသည်။ ဖေဖော်ဝါရီ ၂ (၂ဝ၁၅) မနက်ကြီး လင်းအားသည်း အချိန်ကစလို့ အန္တရာယ်ရှိ နှင်းမုန်တိုင်းကျရောက်မည်ဟု မိုးလေဝသဌာနတွေက အရေးပေါ်သတင်းထုတ်ပြန်ထားသည်။ နှင်းက ၃ ပေအထက်ရောက်အောင် ကျမည်။ လေက မိုင် ၆ဝ - ၇ဝ အထိ တိုက်မည်။ အပူချိန်က ရေခဲမှတ်အောက်ကို အများကြီးရောက်သွားမည်။ သတိပေးထားသည်။

နှင်းသည်း လေထန် မစ်ရှီဂန်။ အမေရိကန်ပြည်သူတွေကတော့ နှင်းမုန်တိုင်းဒဏ်ကို အန်တုရင်ဆိုင်နေကျ။ ကျနော်အလုပ် လုပ် သည့်ဟိုတယ်က ကြိုတင်ပြင်ဆင်သည့်အနေနှင့်၊ ကျနော့်ကို ညအိပ်တာဝန်ပေးသည်။ ခါတိုင်းနှစ်တွေလည်း နှင်းမုန် တိုင်းရှိလျှင် ဒီလိုပဲ အိပ်နေကျပါ။

အဲဒီနေ့က တနင်္ဂနွေနေ့။ အဲဒီညမှာ အမေရိကန်တွေ အသည်းစွဲ FOOTBALL ၄၉ ကြိမ်မြောက် SUPER BOWL ဗိုလ်လုပွဲရှိ သည်။ ကျနော်က ကျနော်တို့ဘောလုံးပွဲ (SOCCER) လောက် စိတ်မဝင်စား။

အင်တာဗယ်ပေးတဲ့အချိန်၊ အမေရိကန်အဆိုတော် KATY PERRY ရဲ့ အားပါးတရဖျော်ဖြေမှုကို ကျနော် အားပါးတရကြည့်ရှု နေခဲ့ပါသေးသည်။ အပြင်မှာ နှင်းမုန်တိုင်းက စစ်ဦးဘီလူး ငြာသံပေးဝင်လာနေပြီ။ အခန်းမှန်ပြတင်းတွေကို နှင်းဖတ် နှင်းခဲ တွေက တဖြန်းဖြန်းရိုက်လာတယ်။ ပွဲကြမ်းပြီ။ မုန်တိုင်းအော်သံက ထိတ်လန့်တုန်လှုပ်စရာ။ ငလျင်တော်လည်းသလို နှင်း ရိုင်းလေက တဝေါဝေါ။ ဟိုတယ် နှစ်ယောက်ခန်း ကုတင်နှစ်လုံးမှာကျနော် တစ်ယောက်တည်း။ ရင်ဘတ်ထဲက အောင့်သ လိုလို။ ညစာလည်း မစားဖြစ်တော့။

နှင်းမုန်တိုင်း တကယ်ကျပြီဆိုရင် မလွယ်မှန်း ကျနော်သိသည်။ ကျနော် အမေရိကရောက်ပြီး၊ ငါးနှစ်အရောက်မှာ ဧရာမ ရေခဲမုန်တိုင်းနှင့်ကြုံသည်။ အမေရိကန်တွေပင် အဘား အဘား အော်ကုန်ကြသည်။ ရေပြတ်၊ မီးပြတ်၊ အင်တာနက်ပြတ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်ကုန်သည်။ ဗမာပြည်တစ်ဝန်းစာလောက်ရှိတဲ့လူတွေ ဒီမှာ ဒုက္ခလှလှ ရောက်ကုန်ကြ။ နောက်တော့လည်း နှင်းမုန်တိုင်းဘေးက ကုန်းရုန်းနိုးထ လွတ်မြောက်ကြ။ အစိုးရက လွှတ်ကူညီတာကိုး။

အဲဒီညက၊ ဟိုတယ်ညမှာ၊ နှင်းလန့် ပြီး ကျနော် ရင်ဘတ်အောင့် မူးဝေလဲကျသွားတော့၊ ကျနော်နောက်ဆုံးမြင်လိုက်ရတာက၊ ကျနော့်နဖူးပေါ်ကစီးကျလာတဲ့ သွေးတွေ ...။ သွေးတွေ ...။
+++++++++
အိပ်မက်ဆဲလေ
ဒေါင်းနေချောင်းမှာ၊ ဒေါင်းတွေပေါင်းဆုံ
ဆေးရုံကုတင်၊ အပြင်ဘက်မှာ
ဝက်ဝံလကနဲ့၊ မျက်နှာဖြတ်ရိုက်
နှင်းဖတ်နှင်းခဲ၊ သွေးချင်းချင်းရဲ
မြင်းခွာတစ်ချက်ပေါက်၊ မီးဟုန်းဟုန်းတောက်
နောက်ဆုံးအိပ်မက်၊ မနက်ဖြန်မှာ
မစ်ရှီဂန်မဲဇာ၊ ငါ၏ဒဏ်ရာ။

ဆေးရုံပေါ်ရောက်ပြီး၊ ဒုတိယမြောက်ညကျမှပဲ၊ ကျနော် ဗမာပြည်က ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနောက်ဆုံးအခြေအနေကိုသတင်းသိရသည်။ မစ်ရှီဂန်က နှင်းမုန်တိုင်းအပျက်အစီးတွေကိုသိရသည်။

မုန်တိုင်းစဲသွားခဲ့ပေမဲ့၊ နှင်းခဲ နှင်းဖတ်တွေက လမ်းမတွေပေါ်မှာ၊ မြက်ခင်းပြင်တွေပေါ်မှာ တောင်လိုပုံပြီး ကျန်ရစ်ခဲ့။ တစ် လောကလုံး နှင်းခင်းဖုံးကွယ်။ နှင်းဖွေးဖွေးထဲမှာ သွေးခဲပြီး သေသွားနိုင်တယ်။ ဆွတ်ဆွတ်ဖြူတဲ့ နှင်းတွေ တရစပ် ထန်ထန် သည်းသည်းကျနေရင် ဘာကိုမှ မမြင်နိုင်တော့ဘူး။ ညအမှောင်ထဲမှာလိုပဲ။ နှင်းအမှောင်ထဲမှာ ပေါ့။

ကျနော် အမေရိကကိုရောက်လို့၊ နှင်းမုန်တိုင်းနဲ့ ညားတော့မှပဲ၊ ဆရာမကြီးဒေါ်ကြည်အေးရဲ့ "ပထမအမြင်” ကဗျာ(ရှုမဝ၊ ဇန် နဝါရီ၊ ၁၉၇၃)ထဲက နှင်းမှောင်ကန္တာရဆိုတဲ့ စကားလုံးကို ကိုယ်တွေ့ ခံစားနားလည်ရတော့သည်။ ပြီးတော့၊ ဆရာမဖြူမွန်၏ ဆွတ်ဆွတ်မှောင်ဆိုသော ဝေါဟာရကိုလည်း ထိုနည်းအတိုင်း သဘောပေါက်ရတော့သည်။
+++++++
နှလုံးသားထဲ

မြားရိုးကျိုးကျန်၊ အို … စိုးရိမ်ရန်ကော
အိုးဝေသံကြား၊ ပြန်လာခဲ့မည်
နှင်းဆီဓားနဲ့ ၊ တအားလွှဲခုတ်
ဖြုတ်ချအစိုးရ၊ ဆေးရုံညမှာ
ချွန်မြနီမောင်း၊ ကျောင်းသားသပိတ်
ငါ မအိပ်ခင်
ပိန်းပိတ်ဖြူအောင်၊ ဆွတ်ဆွတ်မှောင်ဆဲ
အို … နှင်းမှောင်ကန္တာရ။
++++++++

သူရို့ ဆီက ကြီးကျယ်ခမ်းနား ခံ့ညားထည်ဝါလှတဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ ကျနော်က လူနာ။ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ ပျားပန်းခပ်နေသည့်မြင်ကွင်းကို၊ ဓာတ်မှန်ခန်းအသွား၊ လူနာကုတင်တွန်းလှည်းပေါ်ကနေ ဖျတ်ခနဲ ဖျိုးခနဲ ပက်လက်မြင်ရသည်။နှစ်ယောက်တစ်ခန်း အခန်းထဲမှာတော့၊ တစ်ဖက်ကုတင်က လူနာညည်းသံ သဲ့သဲ့။

အမေရိကန်က ဆေးရုံပေါ်ကနေ၊ ကျနော်က ဗမာပြည်က ဆေးရုံစောင့်ကိုလည်း သတိရရင် ရနေမိပါရဲ့ ။ ကြည်အေး- ဆေးရုံ စောင့်၏မှတ်တမ်း၊ ရှုမဝ၊ ဖေဖော်ဝါရီ၊ ၁၉၇၂။ မောင်ဒေါင်းဝတ္ထုတွေထဲက ရွေးမြစ်ကမ်းဘေးက တောဆေးရုံမွဲမွဲကလေး ကို လည်း သတိရ။ ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ

ဆရာမြသန်းတင့်ရဲ့ကျန်းမာရေးသတင်းကို ရင်တထိတ်ထိတနဲ့စောင့်ခဲ့ရပုံတွေ။ လပွတ္တာက သူငယ်ချင်းကိုမြင့်ဇော်ကို ည ဘက်လူနာစောင့်ပေးရင်း၊ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ဆောင်အပေါ်ထပ်မှာ ဆေးရုံ ဆိုတဲ့ကဗျာရေးဖြစ်ခဲ့တာတွေ။

ဆေးရုံပေါ်မှာ အတွေးတွေက ဗမာပြည်ပြန်ရောက်ပြီး၊ စိတ်က ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ အတူ ရန်ကုန်ကြောင်းချီနေဆဲ။ဆေးရုံတွေရဲ့ ထုံးစံ၊ ညဘက် လူခြေတိတ် လူနာအိပ်ချိန်၊ ကျနော်က မအိပ်နိုင်သေးဘူးပဲနဲ့ ၊ လူကကဗျာထဲရောက်သွား။ ကဗျာကလူထဲဝင်လာ။အပြန်အလှန်ထိုးဖောက်နေကြသည်။ တစ်ခါတစ်ခါ အားငယ်။

ငါ ဆုံးရှုံးမှာလား။ ရေခြားမြေခြားမှာ ငါသေဆုံးသွားမှာလား။ ဟင့်အင်း။ မစ်ရှီဂန်မဲဇာမှာတော့ ငါ့ ဝိညာဉ်ကိုမထားရစ်ခဲ့နိုင်ဘူး။ ငါ ငမိုးရိပ်ကိုရောက်အောင်ပြန်ရမယ်။ ဒါပဲ။ ငါ့ကို အမေရိကန်သင်္ချိုင်းတွေက မမြူဆွယ်နိုင်ပါဘူး။ မသိစိတ်နဲ့ ဒီမိုကရေစီနံ့ သင်းတဲ့သေမင်းကို ငြင်းဆန်နေဆဲ။ နှင်းမုန်တိုင်းထဲ ငန်းရိုင်းတစ်ကောင်ပျံသန်းနေသလို၊ တောတောင်ယံထဲ မြင်းရိုင်းတစ် ကောင် ဒုန်းစိုင်းနေသလို၊ ငမိုးရိပ်ကို ငါပျံသန်းနေတယ်။ ငမိုးရိပ်ကို ငါဒုန်းစိုင်းနေတယ်။

ငါ့ကို တိုင်းပြည်က နှင်တဲ့ လူဆိုးဗိုလ်ကြီး ရွှေရွှေ ရေ။ နင်သတ်လို့ငါမသေ။ ငါ့မြေကို ငါအရောက်ပြန်လာပြီး နင့်ကိုငါသတ်မယ်။
+++++++
အချစ်ဦးရေ …
သွေးလူးပေကျံ၊ ငါ့သံသာရ

ည မစ်ရှီဂန်၊ ထန်ထန်သည်းသည်း
နှင်းမုန်တိုင်းထဲ၊ ဘိုင်းဘိုင်းပြိုကွဲ
လဲကျသေဆုံး၊ ငါရှုံးမလား
ညများဆက်ဆက်၊ ချီတက်ခရီးရှည်
ကျောင်းသားတွေနဲ့ အတူ
ပြည်သူရှိရာ၊ ငါ၏ကဗျာ
ပြန်လာချက်ချင်း၊ မင်းသွေးသစ်တို့
မျိုးဆက်သစ်တို့ထံ၊ ငါ အပ်နှံမည်
ရှင်ပြန်ထမြောက်၊ နောက်တစ်နေ့မှာ။

ရင်ဘတ်ထဲက အောင့်နေဆဲ။ ဆေးရုံပေါ်က ညတွေလည်း အိပ်မက်ထဲမှာ အိပ်မက် မက်နေဆဲ။ ဗမာပြည်က ကျောင်းသား တွေလည်း ရန်ကုန်ရောက်အောင် အသော့နှင်ချီနေဆဲ။

အဲဒီ ကျောင်းသားသူရဲကောင်း ခွပ်ဒေါင်းတွေအတွက် အမေရိကကနေ ကျနော်လုပ်ပေးနိုင်တာကကဗျာပဲရှိတာ မဟုတ် လား။ ကဗျာက သူတို့အတွက် ကျနော်ပေးတဲ့ လက်နက် မဟုတ်လား။ ကဗျာက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်ပွဲက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်၊ သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့။

ဆေးရုံပေါ်က လူနာကုတင်ထက်မှာ လူကသာ ပက်လက်။ စိတ်ကတော့ မတ်မတ်ခိုင်ခိုင်နဲ့၊ မယိုင်မလဲ။ အိပ်မက်ထဲမှာ ဗမာ ပြည်က တော်လှန်သော၊ တိုးတက်သော ကျောင်းသားတွေနဲ့ အတူ ချီတက်ဆဲ။

သေချာတာတစ်ခုက ကျနော့်ဝိညာဉ်ဟာ ကျနော့်ခန္ဓာကိုယ်နဲ့ ကင်းကွာ မသွားသေးဘူးပဲ။ နောက်ထပ်သေချာသေးတာ တစ်ခုက၊ ကျနော့်နှလုံးသားထဲမှာ၊ ပူနွေးအစီးသန်တဲ့ ကဗျာသွေးတွေ မခြောက်မခန်းဘဲစီးဆင်းနေတုန်းပဲ။ ဒီတစ်ခါမသေရင်၊ ကျနော် ဘယ်တော့မှ မသေတော့ဘူး။ သြော် … စိုစိုနွေးနွေး
အိုးဝေသွေးနဲ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုသကြဆဲပါတကား။     ။
ဖေဖော်ဝါရီ ၁- ၃၊ ၂ဝ၁၅

(တစ်ခုသောဆေးရုံ၊ နှလုံးရောဂါဆောင်)
+++++++++

ပြည်တွင်းက ရဲဘော်ကဗျာဆရာ ညီနောင်အပေါင်းတို့ရေ ...။ ဒီစာဟာ တခြားဘာမှတော့ မဟုတ်ပါဘူး။ ဆေးရုံညတွင် ချီ တက်ခြင်းဆိုတဲ့၊ အမေရိကန်နောက်ခံ မြန်မာကဗျာတစ်ပုဒ်ရဲ့အကြောင်းသာပါပဲကွာ။

ရဲဘော်တို့အားလုံး ကျန်းကျန်းမာမာနဲ့ ကဗျာတွေ ဆက်ရေးနိုင်ကြပါစေ။    ။

ေ အ ာ င္ ေ ဝ း
(ေမ ၁၂- ၂ဝ၁၆)
 

No comments: