Wednesday, September 28, 2016

ဆင်ဘိုမြို့နယ်အတွင်းမှ ဒေသခံတစ်ထောင်ကျော် မြေမြုပ်မိုင်းကိစ္စ ဆန္ဒထုတ်ဖော်

ဆင်ဘိုမြို့နယ်အတွင်းမှ ဒေသခံတစ်ထောင်ကျော် မြေမြုပ်မိုင်းကိစ္စ ဆန္ဒထုတ်ဖော်
Wednesday, September 28, 2016
------ ------ -----
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ခုမှ ဒေသခံအင်အား တစ်ထောင်ကျော်တို့သည် ကျေးရွာအနီး တစ်ဝိုက် တွင် ကေအိုင်အေ လက်နက်ကိုင် တပ်ဖွဲ့မှ မြေမြုပ်မိုင်းထောင်ခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ၂၆ ရက်တွင် ဆင်ဘိုမြို့၌ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
...
"တောင်သူတွေ အိမ်ထောင်စုတစ်စုကို တစ်နှစ်ကို ဆန်တစ် အိတ် ငွေတစ်ထောင်၊ ဆားတစ်ပိသ၁ာ တောင်းခံ တယ်။ ဒေသခံတွေ ကို ကေအိုင်အေရဲ့ ထိန်းချုပ်နယ်မြေထဲဝင်ရင် တောဝင်ခဆိုပြီး တစ်ယောက်ငါးထောင် ကောက်ပါတယ်" ဟု အဆိုပါဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သူ ဦးမျိုးဝင်းကပြောသည်။
ကေအိုင်အေ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ကျေးရွာအနီး တစ်ဝိုက်အတွင်း မိုင်းထောင်မူကြောင့် ဒေသခံများ အနေဖြင့် စားဝတ်နေရေး လုပ်ကိုင်စားသောက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆင်ဘို မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးညွန့်မောင်က ပြောသည်။
"တောတောင်မှာပဲ လုပ်ကိုင်စားသောက်ရတဲ့အတွက် မိုင်းတွေထောင်လို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်။ ကျွန်မမောင်ကလည်း စက်တင်ဘာ ၆ ရက်က မိုင်းထိပြီးသေတယ်။ ၇ နှစ်အရွယ် ကလေးတစ်ယောက် ကျန်ခဲ့တယ်" ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်ထားထားနွယ်ကပြော သည်။
ထို့အပြင် မှိုရှာရင်းမြေမြုပ်မိုင်းထိကာ တစ်ရက်ခြားပြီး သေဆုံး သွားသည့် ညောင်ပင်သာရွာ မှ မောင်စိုးမိုး(၂၆)နှစ် နှင့် မောင်ဖေသိန်း (၂၇)တို့၏ မိခင်နှစ်ဦးလည်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
"စားဝတ်နေရေး မပြေလည်လို့ရှာစားနေတဲ့ ကျွန်တော်တို့က ပိုပြီးနစ်နာပါတယ်။ ပြည်သူလူထုကို ဒီလိုမျိုးမလုပ်သင့်ဘူး။ ကျွန်တော့်မှာ ကလေးတစ်ယောက်နဲ့ အမေကလည်း မျက်စိမမြင်ဘူး။ ကျွန်တော့် အမျိုးသမီးကပဲ ရှာကျွေးနေရတယ်" ဟု မြေမြုပ်မိုင်းထိပြီး ဘယ်ခြေထောက်ဖြတ်ထားရသူ တောပင်လုံရွာနေ ကိုမိုးသိန်းက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာ ရဲစခန်းများ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်နက်မဲ့ တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒကို ဖော်ဆောင်ပေးရေး၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ မိုင်းရှင်းလင်းရေး အမြန်ဖော်ဆောင်ပေးရေး၊ လူသတ် ဆက်ကြေးကောက်၊ မိုင်းထောင်ခြင်း၊ တပ်သားသစ် အဓမ္မစုဆောင်း၊ အန္တရာယ်ပေး အနိုင်ကျင့်သော အဖွဲ့အစည်းများကို အလိုမရှိဟု ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments: