Sunday, September 4, 2016

ဇာဂနာ မရယ်ရတော့ဘူး (၄) - ဇာဂနာ

ဇာဂနာ မရယ်ရတော့ဘူး (၄) - ဇာဂနာ
 4 September 2016

=============================================================
မှန်ရာကို သစ္စာဆိုပါတယ်ခင်ဗျာ။ ဇာဂနာ တကယ့်ကို မရယ်ရတော့ပါဘူး။ သေသေချာချာကြီးကို မရယ်ရတော့ပါဘူး ခင်ဗျ။ ရယ်ချင်စိတ်တွေ ပျောက်ဆုံးကုန်ခန်းသွားတဲ့ သူတစ်ယောက်က သူများကို ဘယ်လိုလုပ်ပြီး ရယ်အောင်လုပ်နိုင်မှာပါလဲ။ ဇာဂနာတော့ သိပ်စိတ်ညစ်တော့တာပါ။ ကြာရင် ငတ်ရပါလိမ့်မယ်။ သူများနိုင်ငံက လူရွှင်တော်တွေကတော့ သမ္မတလောင်း ဟီလာရီ ကလင်တန်ကို စတူဒီယို ခန်းမထဲထိခေါ်ပြီး ရယ်စရာလုပ်တယ် ခင်ဗျ။ သရော်တယ်ခင်ဗျ။ မေးခွန်းတွေမေးပြီး နောက်တယ်ခင်ဗျ။ ကျပ်မပြည့်တဲ့ သမ္မတလောင်းကလည်း ပြန်နောက်တယ်ခင်ဗျာ။ တခိခိနဲ့ ရီတယ် ခင်ဗျ။ သူတို့များလေ ဘာပြောပြောစိတ်ကို မဆိုးတတ်ဘူး။ စိတ်ဆိုးတယ် ဆိုတာရော နားလည်ရဲ့လား မသိပါဘူး။
ဂျင်မီကင်းမဲလ်ဆိုတဲ့ ရုပ်မြင်သံကြား လူရွှင်တော်က ဟီလာရီကြီးရဲ့ ယောက်ျား သမ္မတ ဖြစ်တုန်းက အကြောင်းတွေ၊ ဟီလာရီကြီး နိုင်ငံခြားရေး ၀န်ကြီးဘ၀က လုပ်ခဲ့တာတွေကို ရယ်စရာတွေ ပြောတာခင်ဗျ။ ဘယ်လောက် အားနာစရာ ကောင်းလဲနော်။ ကလင်တန်မကြီးကလည်း သူ့ကိုကျန်းမာရေး မကောင်းဘူးလို့ မပြောနဲ့ဆိုပြီး လက်ကောက်ဝတ် သွေးကြောကို စမ်းခိုင်းတယ်ဗျာ။ ကိုင်းကြည့်ပါဦး။ ပေါလိုက်တာနော်။ သမ္မတလောင်းဗျ။ ကမ္ဘာ့အင်အား အကြီးဆုံး အမေရိကန် နိုင်ငံကြီးရဲ့ သမ္မတလောင်းဗျ။ ဒီလို ပေါပေါပဲပဲ လုပ်စရာလား။ ဟိုလူ ဂျင်မီကင်းမဲလ်ကလည်း တော်တော် အာဝဇ္ဇန်းရွှင်တဲ့လူကိုး ခင်ဗျ။ ဘယ်ခေပါ့မလဲ။ သမ္မတလောင်း ကလင်တန်မကြီး လက်ကိုကိုင်ပြီး ပြက်လုံးထုတ်တော့တာပေါ့။ ဇာဂနာတို့ မြန်မာလူပြက်တွေ မင်းသမီးလက် ညာညာပြီး ကိုင်တဲ့ ပြက်လုံးကိုတောင် အမှတ်ရမိပါတယ်ခင်ဗျ။
ဒီဂျင်မီကင်းမဲလ်ဆိုတဲ့လူက တော်တော်ဆိုးတာခင်ဗျ။ သမ္မတ အိုဘားမားကိုတောင် သူ့စတူဒီယိုထဲခေါ်ပြီး ဟင်းချက်တတ်သလား။ ကားမောင်းတတ်သလားနဲ့ ပြက်လုံးထုတ်တာကိုး။ ကျပ်မပြည့်တဲ့ သမ္မတကလည်း လာတယ်ဗျ။ မေးတာဖြေတယ်ဗျ။ စိတ်မဆိုးဘူးနော့်။ ဂျင်မီကင်းမဲလ် ကြိုက်တာပြော သူကပါလိုက်ရယ်နေသေးတာ။ အောင်မယ် ပြက်လုံးများတောင် ပြန်ထုတ်လိုက်သေး။ ပရိသတ်ကလည်း လက်ခုပ် တဖြောင်းဖြောင်းနဲ့ပေါ့။
ဇာဂနာတို့ မြန်မာမှာက ဂါရဝေါစ နိဝါတောစ ရှိရမယ်လေ။ ဂုဏ၀ုဒိ္ဓ၊ ၀ယ၀ုဒ္ဓိ ရှိရမယ်လေ။ လူကြီးသူမတွေကို မရိုမသေ ဘယ်ပြောလို့ရပါ့မလဲ။ သမ္မတဆိုတာ နိုင်ငံ့ဥသျှောင်ခင်ဗျ။ မျက်မွှေးထော်လော်လို့မှ မကြည့်ရပါဘူး။ နောက်ဖို့ပြောင်ဖို့ ဆိုတာတော့ ဝေးပါသေးရဲ့ဗျာ။ နောက်ချင်လို့လည်း နားကားသွားမှာပေါ့။ သေတောင်သွားဦးမယ်။ ဘယ့်နှယ်ဗျာ။ ရယ်စရာလုပ်ချင် ကြိုက်တာသွားလုပ်ပေါ့။ တိုင်းပြည်ရဲ့ အကြီးအကဲကို နောက်စရာမှတ်လို့လား။
မပြောရဲပေါင်။ ပြောစရာလားလို့။ ဇာဂနာတို့ မြန်မာတွေက ချစ်ရင် တအားချစ်၊ မုန်းရင် တရားလွန် မုန်းတာကိုး။ မထိနဲ့ မီးပွင့်သွားမယ်။ ဘာမှတ်နေလဲ ဆိုတာတွေက များမှများကိုး။ နတ်ကိုင်မှာ မကြောက်ရပါဘူး။ နတ်ကတော် ကိုင်မှာသာ ကြောက်ရတာပါ။ လှောင်ဖို့ပြောင်ဖို့ မပြောနဲ့ ဝေဖန်ဖို့တောင် ယောင်လို့ မကြံစည်ရဲပါဘူးခင်ဗျာ။ တကယ်ပါ။ ယုံကြပါ။
အမေရိကန်တွေကတော့ခင်ဗျာ ပေါ်တင်ကြီးတွေပါပဲ။ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကိုဆိုရင် စတီဖင်ကိုးလ်ဘတ် ဆိုတဲ့ ရုပ်သံလူရွှင်တော်ကြီးက ပယ်ပယ်နယ်နယ် ဝေဖန်တာ၊ သရော်တာ၊ လှောင်ပြောင်တာ ခင်ဗျ။ ကြည့်ရင်း ဇာဂနာဖြင့် ကြက်သီးတောင်ထတယ်။ ဒေါ်နယ်ထရမ့်ပ်သာ သမ္မတ ဖြစ်သွားခဲ့ရင် ဒီစတီဖင်တော့ အမှုန့်ကြိတ်ခံရတော့မှာပဲလို့ တွေးရင်းတွေးရင်း ကြောက်လာတာပါဗျာ။
သူတို့ လူရွှင်တော်တွေက တော်တော်ဆိုးတယ်ခင်ဗျ။ လက်ရှိ သမ္မတ အိုဘားမားနဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကို ရန်လည်း တိုက်ပေးတယ်ခင်ဗျ။ အိုဘားမား ဘယ်မှာမွေးတာလဲတို့ သူ့အဘိုးတွေ ဘယ်ဘာသာ ကိုးကွယ်တာလဲတို့ ဆိုတာမျိုးတွေနဲ့ ရန်တိုက်ပေးတာခင်ဗျ။ ဒီလိုအစီအစဉ်မျိုးကို တစ်ကမ္ဘာလုံး လွှင့်တာလည်း အံ့အားသင့်စရာ မကောင်းဘူးလားခင်ဗျ။
ဇာဂနာတို့ ဆီမှာတော့ ပြန်ကြားရေးဝန်ကြီးက မကြောက်မရွံ့ ရုပ်သံလိုင်း ငါးလိုင်းတောင် လုပ်ခွင့်ပေးလိုက်တယ်တဲ့ဗျာ။ ကြိုက်တဲ့သူလုပ်၊ စကိုင်းနက်တို့ ဖော်အဲဗားတို့ မပါရတဲ့။ ပါပါ မပါပါပါလေ။ ရုပ်မြင်သံကြား ဆိုတာက မဖိတ်မခေါ်ဘဲ အိမ်ထဲရောက်လာတဲ့ ဧည့်သည်ခင်ဗျ။ သိပ် ကြောက်စရာ ကောင်းပါတယ်။
အမေရိကားမှာလို လှောင်တာပြောင်တာ သရော်တာတွေ လုပ်ကုန်ကြရင် မခက်ပါလား။ (အမှန်ကတော့ ဖေ့စ်စ်ဘွတ်ခ် တစ်ခုနဲ့တင် လုံလောက်နေပါပြီဗျာ။ တစ်နေ့တစ်နေ့ ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရင်ပဲ စုံနေအောင် ဖတ်နေကြည့်နေရတာပါ။) ဒီနေ့ခေတ်မှာ သတင်းလွတ်လပ်ခွင့်တို့၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်တို့ဆိုတာ သိပ်ခေတ်စားတာကိုးခင်ဗျ။ အဲဒီလွတ်လပ်ခွင့်တွေကို အကာအကွယ်ယူပြီး လိုက်တွယ်နေရင် ဘယ့်နှယ်လုပ်ကြမလဲလို့။
စဉ်းစားကြည့်လေ။ သူများတွေကို ပြောချင်ရင် လွတ်လပ်စွာ ပြောခွင့်၊ ကိုယ့်ကို ဝေဖန်ပြီဆိုတာနဲ့ အလကားကောင်၊ ငကြောင်၊ နှစ်ဖက်ချွန်၊ ဘောမတို့ ဆိုတာတွေ ပလူပျံပွက်ပွက် ညံတော့တာကိုးဗျ။ ဒါကို ရုပ်သံလိုင်း ငါးလိုင်းတောင် ချပေးလိုက်တယ်ဆိုတော့ တွေးကြည့်လိုက်ရင် ရင်မောစရာပါ ခင်ဗျာ။ အခုရှိနေတဲ့ လိုင်းတွေတောင် နပ်မှန်အောင် ကြည့်နေနိုင်တာ မဟုတ်ပါဘူး။ သတင်းစာတွေ ထုတ်ကြပါဆိုပြီး ခွင့်ပြုလိုက်တုန်းကလည်း ရှုံးလို့ဆိုပြီး တချို့ ဆက်တောင် မထုတ်ကြတော့ဘူး မဟုတ်လား။ ခုလည်း လုပ်လာပါပြီ။ ဇာဂနာတို့တော့ ကြောက်ပါတယ်ခင်ဗျ။
အဲသလို ပြောတဲ့သူတွေများကလည်း ပြောတတ်လွန်းပါတယ် ခင်ဗျ။ မြေငလျင်လှုပ်တာကိုတောင် မြေမြူးတာတဲ့။ ကဗျာဆရာတွေ ကြိမ်းသေနောက်ကောက်ကျတာပေါ့။ ဆရာ သစ္စာနီတို့ လောက်တော့ သနားတယ်ပေါ့ဗျာ။ မြေမြူးတယ်တဲ့။ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ကြားဖူးတာပါ။ အင်မတန် အကောင်းမြင်တတ်တာပေါ့ ခင်ဗျ။ နောက်ဆို ရေကြီးတယ် မပြောကြပါနဲ့၊ ရေရူးတယ်လို့သာ ပြောကြပါ။ မြေကျတော့ မြူးရင် ရေကျတော့ ရူးတာပေါ့။ လေဆိုရင် လူးတယ် လုပ်ကြဗျ။
လမ်းမှာ အလှူခံတဲ့လူတွေလည်း ရေရူးလို့ အလှူခံပါတယ် ပြောဗျာ။ ပုဂံမှာ မြေမြူးလို့ ငွေလှူပါတယ် လုပ်ဗျာ။ ကိုင်း ဇာဂနာ မရယ်ရတော့တာ ဘာဆန်းလဲဗျာ။ စာကလည်း မစူးတော့ပါဘူး။ ပြက်လုံးတွေမှ မပြူးတော့တဲ့ဟာဗျာ။
ဇာဂနာ

No comments: