Thursday, September 15, 2016

မဲသဝေါ ဒေသ စစ်ပွဲကြောင့် စစ်ပြေး ဒုက္ခသည် လေးထောင်ကျော်ရှိနေ

မဲသဝေါ ဒေသ စစ်ပွဲကြောင့် စစ်ပြေး ဒုက္ခသည် လေးထောင်ကျော်ရှိနေ
15 September 2016

---- ------ -----
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါ ဒေသတွင် စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားသော BGF နယ်ခြားစောင့်တပ် + မြန်မာ့တပ်မတော် နှင့် DKBA ခွဲထွက်အဖွဲ့တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် လေးထောင်ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
...
အဆိုပါ စစ်ပြေးဒုက္ခသည်များသည် နှစ်ဖက်စစ်ကြောင်းများလွတ်ရာ မြိုင်ကြီးငူ မြို့ပေါ်ရှိ ဓမ္မာရုံတွင် ပြောင်းရွှေ့နေထိုင် နေကြရသည်ဟု ဆိုသည်။
“သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ များတယ်။ အမျိုးသားတွေကတော့ ရွာမှာပဲနေပြီး လယ်ယာလုပ်ငန်းတွေ လည်း ရှိတယ်။ အိမ်ရဲ့ လုံခြုံရေးကိုလည်း စောင့်ကြည့်ရမှာဖြစ်လို့ ရွာမှာပဲ ဆက်နေကြပါတယ်။ နှစ်ဖက်စစ်ကြောင်း တွေရှိတဲ့ ပတ်ဝန်းကျင် ၁၅ ရွာခန့်က လူတွေ လာရောက်ခိုလှုံကြတာပါ” ဟု ဒေသခံက ပြောကြားသည်။
တိုက်ပွဲစတင်ဖြစ်ပွားသော စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ဒုက္ခသည်များ တဖွဲဖွဲဖြင့် များပြားလာခဲ့ခြင်း ဖြစ်သည့် အတွက် ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ စာရင်းအရ ဒုက္ခသည် လေးထောင်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“တချို့က ကမန်းကတမ်းနဲ့ လာရတာဆိုတော့ အကျီင်္တွေတောင် ပါမလာကြဘူး။ မိုးကလည်း ရွာနေတော့ လဲဖို့ အ၀တ်အစားတွေလည်း မရှိဘူး။ လူများလာတဲ့အခါ ကျန်းမာရေးအတွက်ပါ စောင့်ရှောက်မှုပေးဖို့ လိုအပ်လာပါလိမ့်မယ်။ ကလေးတွေအတွက် ခြင်မကိုက်အောင် ခြင်ထောင်တွေလည်း လိုအပ်ပါတယ်” ဟု Karen Peace Support Network(KPSN) အဖွဲ့မှ ကိုမြင့်အောင်က ပြောကြားသည်။
ယင်းသို့ ဒုက္ခသည်ဦးရေ များလာသည်နှင့်အမျှ ၄င်းတို့အတွက် စားနပ်ရိက္ခာလည်း လိုအပ်လျှက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများကို ပို့ဆောင်ထားပေးကြောင်း သိရသည်။
တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး မြိုင်ကြီးငူ ဆရာတော်မှလည်း တိုက်ပွဲရပ်တန့်ရန် မေတ္တာရပ်ခံမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်းအပြင် ပေါ်တာဆွဲမှု အချို့ရှိနေသည်ဟုလည်း သတင်းထွက်နေကြောင်း ဖားအံမြို့မှ ခရစ်ယာန်သာသနာပိုင် စောစတိုင်လိုက The Ladies News သို့ ပြောသည်။
“လူဦးရေတော့ တိတိကျကျ မသိရဘူး။ ပေါ်တာဆွဲတယ်လို့တော့ ဒေသခံတွေက ပြောနေတယ်။ လှိုင်းဘွဲ့ဘက်က ကပ္ပလီ ရွှေဂွန်းမြိုင်ကြီးငူဘက် လမ်းကြောင်းမှာတော့ နေ့တိုင်း စစ်ဘေးရှောင်တွေ ပေါလာတယ်” ဟု စောစတိုင်လိုက စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ပြောသည်။
ဝသန်
The Ladies News

No comments: