Sunday, September 4, 2016

၂၁ ပင်လုံ တွင်စနစ်ကျသည့်စာတမ်းအဖြစ်ရှူမြင်ခံရသည့် ကရင်လက်နက်ကိုင်အဖွဲ့ များစာတမ်း

၂၁ ပင်လုံ တွင်စနစ်ကျသည့်စာတမ်းအဖြစ်ရှူမြင်ခံရသည့် ကရင်လက်နက်ကိုင်အဖွဲ့ များစာတမ်း
 
4 September 2016
 
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံသို့တင်သွင်းသော
ကရင်အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့၏နိုင...်ငံတော်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမြင်သဘောထားစာတမ်းကိုဖော်ပြထားပါသည်။
လေးစားအပ်ပါသော သဘာပတိကြီးနှင့်တကွ ကြွရောက်လာသော ညီလာခံတက်ရောက်သူများ အားလုံး ခင်ဗျား၊ ကျွန်တော်ကတော့ KNU - ကရင်အမျိုးသားအစည်းအရုံးမှ စောတာဒိုမူး ဖြစ်ပါတယ်။ ယခု ကျွန် တော်တင်ပြသွားမဲ့စာတမ်းဟာ ကျွန်တော်တို့ကရင်လက်နက်ကိုင်အဖွဲ့သုံးဖွဲ့လုံးရဲ့သဘောထားဖြစ်ပြီး အခန်း အနားအစီအစဉ်အရ အပိုင်း(၃)ပိုင်းခွဲကာ ကျွန်တော်တို့အသီးသီးမှ အခန်းဆက်တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့အခန်း (၁) ကိုစတင်ဖတ်ကြားသွားမှာဖြစ်ပါတယ်။
နိဒါန်း။ ။ KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မူလ ကတည်းက သဘောထားရှိခဲ့ပြီး ယခုကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement – NCA) အကောင်အထည်ဖော်မှုအရ ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မိမိတို့လိုလားသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် တစ်ဆင့်စီတိုး တက် ဖြစ်ထွန်းမှုအခြေခံ (Progressive Realization) အရ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားမည်ဖြစ်သည်။ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများမည်သို့ပင်ရှိစေကာမူ နောက် မဆုတ်တမ်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၀ိရိယတို့ဖြင့် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု၊ လူထုလူတန်းစားအသီးသီးတို့နှင့် ထိတွေ့ဆက်ဆံကာ ညှိနှိုင်းအဖြေရှာခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်ပါဝင်ရန်သံန္နိဋ္ဌာန်ချ၍အကောင်အထည်ဖော်နေပါသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းမှ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရာတွင် အခြေခံရမည့် အမြင် သဘောထားများကို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် မြေယာ - သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်များမှ တင်ပြသွားမည် ဖြစ်ပါသည်။
နိုင်ငံရေးကဏ္ဍ။ ။ KNU - ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးရည်ရွယ်ချက်များမှာ(၁)ကရင်အမျိုးသားများအမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးကို ရယူခံစားနိုင်ရန်၊ (၂) ကရင်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ၍ တရားမျှတ သော အကျယ်အ၀န်းရှိသည့် ကော်သူးလေ ခေါ် ကရင်ပြည် (၀ါ) ကရင်ပြည်နယ်ကိုထူထောင်ရန်၊ (၃) ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့်ပြည်နယ်ပေါင်းစုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့်(၄)ကရင်ပြည်နယ်နှင့်ပြည်ထောင်စုအတွင်းရှိကရင်အမျိုးသားများအပါအ၀င်တိုင်းရင်း သားလူမျိုးအားလုံး ဒီမိုကရေစီအခွင့်အရေးကို အပြည့်အ၀ ရယူခံစားနိုင်ရန်ဟူ၍ ချမှတ်ထားပါသည်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးထံမှ ဆင်းသက်လာစေရမည်။ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရနှင့် နိုင်ငံရေးအရ တန်းတူခြင်းရှိရုံသာမက ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာအရ ရှိသင့်သော အခွင့်အရေးအားလုံးကို ကာကွယ်မှုပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရန် လိုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination) အပြည့်အဝ ရှိစေရမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသားပြည်နယ်များနှင့် အမျိုးသားများ ပြည်နယ်များဖြင့် ဖွဲ့စည်းမည်ဖြစ် သော်လည်း လက်ရှိနိုင်ငံတော်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုဖြင့် တည်ဆောက်ထားသည့် အရှိ တရားကို လက်ခံကာ စတင်ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်သည်။ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရနှင့် တရားရုံးချုပ်တို့ကို လွတ်လပ်စွာထူထောင်ခွင့်ရှိစေပြီး ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ ပြည်နယ်များမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်စွာ ရေးသား ပြဋ္ဌာန်းခွင့် ရှိစေမည် ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self Rule) နှင့် ပြည်ထောင်စုနှင့်အတူ စုပေါင်းအုပ်ချုပ်ခွင့် (Shared Rule) တို့ကို ပေါင်းစပ်ထားခြင်းဖြင့် အာဏာခွဲဝေ ကျင့်သုံးခြင်း (Division of Powers) စနစ်ဖြစ်ကာ ကြွင်းကျန်အာဏာ (Residual Power) များကို ပြည်ထောင်စုအာဏာသက်ဆင်းရာ ပြည်နယ်များတွင် အပ်နှင်းထားရှိပါသည်။ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ (Ethnic Minority Rights) ကို အပြည့်အဝ ကာကွယ်ပြဋ္ဌာန်းပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (Autonomous Regions) နှင့် အမျိုးသားနယ်မြေများ (National Areas) ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းစေပါမည်။ တိုင်းရင်းသားလူနည်းစုများက မိမိတို့၏ယဉ်ကျေးမှုဘာသာ စကားနှင့် အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်း၊ကာကွယ်၊ မြှင့်တင်ခွင့်ရှိစေပြီး နိုင်ငံရေး၊စီးပွားရေး နှင့် လူမှုရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရန်ဆောင်ရွက်ခွင့်အာဏာများကိုလည်းဥပဒေပြဋ္ဌာန်းအပ်နှင်းထားရပါမည်။
ဒီမိုကရေစီအခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု ရှိရေး ပြဋ္ဌာန်းထားကာ ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State) အဖြစ် ပြဋ္ဌာန်းထားပြီး နိုင်ငံသားတိုင်း မိမိနှစ်သက်ရာ ဘာသာအယူဝါဒကို ကိုးကွယ်ပိုင်ခွင့်အား ဥပဒေနှင့် အကာအကွယ်ပေးထားမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ် (Multiparty Democracy System) ကိုလည်း ကျင့်သုံးမည် ဖြစ်ပါသည်။
ဥပဒေပြုရေးအာဏာကို အာဏာတူ လွှတ်တော် (၂) ရပ်ဖြင့် ဖွဲ့စည်းပြီး အမျိုးသားလွှတ်တော်ကို ပြည်နယ် အသီးသီးမှ ဦးရေတူညီစွာဖြင့် ပြည်နယ်ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ စေလွှတ်ဖွဲ့စည်ပြီး ပြည်သူ့လွှတ်တော်ကို အထွေထွေရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း သွားမည်။ ပါလီမန်စနစ်ကိုကျင့်သုံးကာ ပြည်နယ်အသီးသီးမှ သမ္မတလောင်းတစ်ဦးစီ စေလွှတ်ကာ အမျိုးသားလွှတ်တော်မှ သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။ လွတ်လပ်သော တရား စီရင်ရေးစနစ် ကျင့်သုံးပြီး ၀န်ကြီးချုပ်မှ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အမည်စာရင်း တင်သွင်း ကာ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတမှ ခန့်အပ်မည်။
ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲကာ ပြည်နယ်လွှတ်တော်ကို ဖွဲ့စည်းသွားရမည်။ ပြည်နယ်အကြီး အကဲ (၀န်ကြီးချုပ်) ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်သူပြည်နယ်သားများမှ တိုက်ရိုက် ရွေးချယ်တင်မြှောက်ပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ပြည်နယ်အကြီးအကဲမှ ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ဖြင့် ရွေးချယ်ခန့်အပ်ရမည်။
အထွေထွေအုပ်ချုပ်ရေးလုပ်ငန်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ စသည့် လုပ်ငန်း အားလုံးသည်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုအောက်တွင်ထားရှိကာပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဆင့်ဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများကို ပြည်သူ လူထုကတိုက်ရိုက်ရွေးချယ်တင်မြောက်သည့်စနစ်ဖြင့် ဥပဒေပြုပြဋ္ဌာန်း ခန့်အပ်သွားမည် ဖြစ်သည်။ ရွေးကောက်ပွဲစနစ်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ စံချိန်စံညွှန်း နှင့်အညီ ပြင်ဆင်သွားပြီး ပြည်နယ်လွှတ်တော်များအတွက် သီးခြားရွေးကောက်ပွဲ ကျင်းပကာ ကျင့်သုံးသွားမည်။ ဥပဒေစိုးမိုးရေးတွင် အဂတိတရား (၄) ပါးနှင့် ကင်းရှင်းရမည် ဖြစ်ပြီး လွတ်လပ်ပွင့်လင်းမှုရှိကာ ဥပဒေကို တာဝန်ခံမှုရှိရမည်။
စီးပွားရေးကဏ္ဍ။ ။မိမိတို့ရည်မှန်းသောဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုသစ်၏စီးပွားရေးအခွင့် အလမ်းနှင့် အကျိုးရလဒ်များကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် ပြည်နယ်များမှ တရားမျှတမှု အ ခြေခံ နှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုရှိရန် မူဝါဒ၊ အစီအမံနှင့် ယန္တရားများ ရေးဆွဲအကောင်အထည်ဖော်ပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် ပြည်နယ်ကိုယ်စားလှယ်များနှင့် ပြည်သူများမှ ပါဝင်ခွင့်ရှိ စေမည်ဖြစ်သည်။ ပြည်ထောင်စုအဆင့် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြည်နယ်များကို ကိုယ်စားပြုသည့်သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သည့်တိုင်းရင်းသားပညာရှင်များပါဝင်စေပြီးပြည်နယ် များအကြား၊မတူညီသောတိုင်းရင်းသားလူမျိုးများနှင့်လူမှုအဖွဲ့အစည်းများအကြားလူမှုစီးပွားကွာဟမှုလျော့ချရေး ကို ဦးစားပေးပြုလုပ်ရန်လိုအပ်သည်။ ရေရှည်တည်တံ့သော အားလုံးလွှမ်းခြုံ သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် ချိနည့်အားနည်းသော လူမှုအသိုင်းအဝိုင်းများ (Vulnerable Communities) ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝလုံခြုံမှု အာမခံချက်များ ဖော်ထုတ်ပြီး ပြည်သူတစ်ရပ်လုံး၏ ဘဝဖူလုံမှု ရှိစေမည့် စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်လိုအပ်ပါသည်။ သဘာဝသ ယံဇာတနှင့် အခွန်ဘဏ္ဍာ ဆိုင်ရာကိစ္စရပ်များ၌ မျှတသောခွဲဝေမှုစနစ်ထူထောင်ပြီး Horizontal Equalization နှင့် Vertical Equalization စနစ်ကိုကျင့်သုံးပြီးဖွံ့ဖြိုးမှုကွာဟမှုနည်းပါးရေးကိုဆောင်ရွက် သွား မည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်ဘဏ္ဍာ ငွေစနစ် တည်ဆောက်အကောင်အထည်ဖော်ပြီး ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်၌ရှိသော စီးပွားရေးလုပ်ငန်း များ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချုပ်ကိုင်မှုကင်းပြီး လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိရမည်။ သက်ဆိုင် ရာ ပြည်နယ်/တိုင်းဒေသကြီးများအတွက် ဘဏ္ဍာအခွန်ငွေ ကောက်ခံပိုင်ခွင့် (Taxation Power) ၊ စီမံခန့်ခွဲ ပိုင်ခွင့် (Management Power) ၊ သုံးစွဲခွင့် (Expenditure Power) နှင့် ရသုံးငွေခန့်မှန်းခြေ (Budgeting Power) ရေးဆွဲခွင့်တို့ ရှိရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အရင်းအမြစ်များမှ ချေးငွေ (Loan) နှင့် အထောက်အပံ့များ (Aids) ရယူပိုင်ခွင့် ရှိရမည်။ သဘာဝအရင်းမြစ်များ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် ထုတ်ယူသုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့တွင် စနစ်တကျဆောင်ရွက်နိုင်ရေး အတွက် မူဝါဒ ပြဋ္ဌာန်းခြင်း၊ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ခြင်းများ ပြုလုပ်ရမည်။
သဘာဝအရင်းအမြစ်အခြေပြု ကုန်ထုတ်လုပ်ငန်းများ၌ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ နည်းပညာရရှိရေးတို့ကို ဖော်ဆောင်ပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်။ လူသားဘဝလုံခြုံရေးနှင့် ရေရှည်တည် တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံပြီး လူမှုစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ထုတ်ရာ တွင် သော်လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သော်လည်းကောင်း စီးပွားရေး ဆိုင်ရာ အသင်းအဖွဲ့များ အားကောင်းရေးကို မြှင့်တင်ခြင်းလုပ်ငန်းစဉ်နှင့် ဒေသခံတစ်နိုင်တပိုင် ပုဂ္ဂလိက လုပ်ငန်းများအတွက် အခွင့်အလမ်းဖန်တီးပေးပြီး အားပေးပါဝင်စေခြင်းများ လုပ်ဆောင်ရမည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်မည့် လူသားအရင်းအမြစ်ဖော်ထုတ်ရေး အစီအစဉ်များကို ပြုပြင်ပြောင်းလဲမှု အစီအစဉ်များ နှင့်အပြိုင် အကောင်အထည်ဖော်ရမည်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော အင်စတီကျူးရှင်းများ (Institutions) ပေါ်ပေါက်လာ စေရန်အတွက်ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ဖော်ထုတ်ခြင်းအပါအဝင်အင်စတီကျူးရှင်းများ အားကောင်း လာစေခြင်းနှင့် ထိရောက်စွာ အထောက်အကူပြုပိုင်ခွင့်ရှိစေရမည်။ ကုန်သွယ်ရေး (Border Trade)၊ အထူး စီးပွားရေးဇုန် (Special Economic Zone – SEZ)၊ အထူးစက်မှုဇုန် (Special Industrial Zone – SIZ)၊ မဟာဓာတ်အားလိုင်း (National Grid) နှင့် အဝေးပြေးလမ်းမကြီး (Highway) စသည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရနှင့် ပူးတွဲအာဏာများ (Concurrent Powers) ရှိရမည်။ အထက်ဖော်ပြပါ အခြေခံ မူများကို ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု (Transparency) နှင့်/သို့မဟုတ် မှန်ကန်သောလုပ်ထုံး လုပ်နည်း (Tendering Procedure) များ နှင့်အညီ ဆောင်ရွက်ရမည်။ ဒေသတွင်း ရင်းနှီး မြုတ်နှံမှုများတွင် ဒေသခံများ၏ အခွင့်အလမ်းများ (Opportunities)၊ ရပိုင်ခွင့်များ (Rights) ကို အပြည့် အဝ အကာအကွယ် ပေးခြင်းနှင့် ကျွမ်းကျင်မှုလုပ်ငန်းများ (Professional and Skilled Labors) တွင် စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် အစီအစဉ်များ ဆောင်ရွက်ပေးခြင်းအပါအဝင် ဒေသခံပြည်သူများ၏ လူမှုဘဝကို မြှင့်တင် ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်း ရှိရမည်။ (ကျေးဇူးတင်ပါတယ်။)
လေးစားအပ်ပါသော သဘာပတိကြီးနှင့်တကွ ကြွရောက်လာသော ညီလာခံတက်ရောက်သူများ အားလုံး ခင်ဗျား၊ ကျွန်တော်ကတော့ KNU/KNLA-PC က စောကျော်ညွှန့် ဖြစ်ပါတယ်။ ယခု ကျွန်တော်တင်ပြ သွားမဲ့ စာတမ်းဟာ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့လုံးရဲ့ သဘောထားဖြစ်ပြီး ကျွန်တော်တို့ KNU - ကရင်အမျိုးသားအစည်းအရုံးကအခန်း (၁) ကို တင်ပြသွားပြီး ဖြစ်လို့ ကျွန်တော်က အခန်း (၂)ကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာ ကဏ္ဍ။ ။ KNU - ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ပြီး ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးအပါအ၀င် အနာဂတ် ကံကြမ္မာတစ်ခုလုံးကို ဦးဆောင်ရန် တာဝန် အပ်နှင်းခဲ့ကြပါသည်။ ခေတ်ကာလ တောင်းဆိုမှုအပေါ် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Karen National Defence Organization – KNDO) ကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၇၀ ခုနှစ် (၈) ကြိမ်မြောက် KNU ကွန်ဂရက် တွင် Karen People Liberation Army – KPLA, Kawthoolei People Guerrillas Force – KPGF နှင့် Karen National Defence Organization – KNDO ဟူသော ကရင့်လုံခြုံရေးတပ်ဖွဲ့များကို ပေါင်းစည်း၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army - KNLA) အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ KNU - ကရင်အမျိုးသား အစည်းအရုံး၏ ၁၉၉၁ ခုနှစ် (၁၀) ကြိမ်မြောက် ကွန်ကရက်တွင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ (Karen National Police Force – KNPF) ကို ဖွဲ့စည်းခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၏ လုံခြုံ ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း အခန်းကဏ္ဍများတွင် တက်ကြွစွာပါဝင်သွားမည် ဖြစ်သကဲ့သို့ ဒီမိုကရေစီ နိုင်ငံ၏ စံနှုန်းတစ်ခုဖြစ်သော Civilian Supremacy အခြေခံဖြစ်သည့် စစ်တပ်သည် ရွေးချယ်တင်မြှောက်ခံ အရပ်သားအစိုးရ၏ ကွက်ကဲမှုအောက်တွင် ရှိရမည်ဟူသော ကျင့်ဝတ်ကို လက်ခံပါသည်။ ထို့ကြောင့် ဖြစ်ထွန်း ပေါ်ပေါက်လာမည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးကဏ္ဍတွင် လွတ်လပ်ပြီး တရားမျှတသော ပြည်နယ်ရွေးကောက်ပွဲများမှ ရွေးကောက်ချယ်တင်မြှောက်သည့် ပြည်နယ်ဝန်ကြီးချုပ်၏ ကွပ်ကဲမှုအောက်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်သွားမည် ဖြစ်သည်။
လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာ၌ နိုင်ငံရေးသဘောတူညီချက်များအပေါ် အခြေခံကာ တစ်ဆင့်ခြင်းတိုးတက်မှုဖြင့် အကောင်အထည်ဖော်သွားပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံသားအားလုံး၏ လူ့အခွင့်အရေးတို့ကို အကာအကွယ်ပေးသောပြုသော ဥပဒေများကို ပြဌာန်းသတ် မှတ်ရမည်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ အပါအ၀င် လုံခြုံရေးနှင့်သက်ဆိုင်သောကဏ္ဍများအားလုံးကိုပါဝင်စေမည် ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်ပြီး ခေတ်မီသည့် တပ်မတော်တစ်ရပ်ဖြစ်ရေးအတွက် စစ်တက္ကသိုလ်များ၊ စစ်သင်တန်းကျောင်းများတွင် Civilian Supremecy ဆိုင်ရာအခြေခံများ အပါအ၀င် ဒီမိုကရက်တစ်နိုင်ငံများတွင် လိုက်နာရမည့် လုံခြုံ ရေး၊ ကာကွယ်ရေးနှင့် ပတ်သက်သော စံနှုန်းများ၊ ဥပဒေများကို သင်ကြားစေမည် ဖြစ်သည်။
တပ်မတော်၏တာဝန်မှာ ပြည်ပရန်ကာကွယ်ရေးသာဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိစေရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေများကို လေးစား လိုက်နာပြီး မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် လူပုဂ္ဂိုလ်တို့၏ သြဇာခံ မဖြစ်စေဘဲ စည်းကမ်းပြည့်ဝသည့် တပ်မတော်ဆိုင်ရာ ပြုပြင်ပြောင်းလည်းမှုများ ပြုလုပ်မည်ဖြစ်သည်။ ပြည်သူ့ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သီးခြားကင်းလွတ်ရမည်ဖြစ်ပြီး ဥပဒေထိန်းသိမ်းရေးဆိုင်ရာ (Law Enforcement) နှင့်ပတ်သက်သော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းကာ ပြည်နယ်ရဲတပ်ဖွဲ့ကို သက်ဆိုင်ရာပြည်နယ်တွင်နေထိုင်သော ဒေသခံသူလူထုထဲမှ ၀င်ရောက်ပါဝင်သောစနစ် ဖော်ထုတ်မည် ဖြစ်သည်။ ပြည်သူ့ရဲတပ်ဖွဲ့ကို အရပ်ဘက်အစိုးရအုပ်ချုပ်မှုအောက်တွင်ထားရှိပြီး လူတစ်ဦးချင်းစီ၏ ဂုဏ် သိက္ခာနှင့် လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်။ နိုင်ငံတ ကာ မှုခင်းများ ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်သွားရမည်။
မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ။ ။မြေယာဆိုသည်မှာလူသားများနှင့်ဇီဝမျိုးစိတ် များ ပေါက်ဖွားရာနှင့် မှီခိုနေထိုင်ရာ လုံခြုံမှုအတွက် ခိုလှုံမှု ပြုခြင်း၊ လူ့ယဉ်ကျေးမှုများ ရှင်သန်ဖြစ်ထွန်းခြင်း ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့်အရာဖြစ်သည်။ လူနှင့် လူ့အဖွဲ့အစည်းတို့၏ သမိုင်း၊ ဂုဏ်သိက္ခာတို့ဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်းခဲ့သောအမွေဖြစ်ကာမျိုးဆက်များအတွက်အဓိပ္ပါယ်များစွာကိုဆောင်ယူသည့်အရင်းအနှီးဖြစ်ကာငွေကြေး၊ဓနစီးပွားအားဖြင့်တန်ဖိုးမဖြတ်အပ်သောအများနှင့်သက်ဆိုင်သည့်အရာ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှုကို အခြေပြု၍ လက်ရှိပြည်သူလူထုရင်ဆိုင်နေရသော မြေ သိမ်းမှုများ၊ မြေယာလက်လွှတ်ဆုံးရှုံးမှုများ ရင်ဆိုင်ရသည်ကို တွေ့ရှိရပါသည်။ ပင်လုံစာချုပ်မှ မြစ်ဖျားခံ လာပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် ဖွဲ့စည်းပုံဆိုင်ရာလမ်းညွှန်မှ အခြေခံသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ "နိုင်ငံတော်" ဟူသည့် စကားရပ်၏အဓိပ္ပါယ်မှာ ပြည်ထောင်စုနိုင်ငံတစ်ခုတည်းကို မရည် ညွှန်းဘဲ ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကိုလည်း ရည်ညွှန်းထားသော်လည်း ၁၉၇၄ ခုနှစ်နှင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် "နိုင်ငံတော်"ဟူသည့်ဝေါဟာရမှာ ဗဟိုအစိုးရကို သာရည်ညွှန်းထားပြီး ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အခန်းကဏ္ဍများမပါရှိကြောင်း တွေ့ရှိရပါသည်။
မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာအားလုံးသည်အစိုးရကသာ တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိအောင် အခွင့် အာဏာပေးအပ်ထားသောကြောင့် ဤအချက်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စုဖွဲ့မှု အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် ပြည်ထောင်စုအဖွဲ့ဝင်များဖြစ်သော ပြည်နယ်များ၏ ပါဝင်ဆုံးဖြတ်ခွင့်များကို လစ်လျှူရှုထားသည်ကို တွေ့ရှိရပါသည်။
KNU - ကရင်အမျိုးသားအစည်းအရုံးမှ "ပြည်သူလူထုသည် နိုင်ငံအတွင်းရှိ မြေယာ၏ မူရင်းပိုင်ရှင် ဖြစ် သည်" ဟူသည့် အခြေခံအပေါ်ရပ်တည်ပြီး မြေယာပိုင်ဆိုင်မှုကို စီမံခန့်ခွဲရာတွင် တရားမျှတမှုရှိရေး၊ ပြည် ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာမျှဝေခြင်းနှင့် ပူးတွဲ ကျင့်သုံးခြင်းဆိုင်ရာ မူ ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ကူပြီး လူမှုဘ၀တည်ငြိမ်ရေးကို ထောက်ကူ သောကြောင့် ဤရပ်တည်ချက်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။
မြေယာအခြေပြု ရင်းနှီးမြုပ်နှံမှုအသစ်များအား လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကို အာမခံသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော် သင့်သကဲ့သို့ ဒေသခံများ၏ အဓိပ္ပါယ်ရှိသော ပူးပေါင်းပါဝင်မှု၊ သဘောတူညီမှု၊ အကြံဉာဏ်ရယူမှုကို အခြေပြုရန် လိုအပ်ပါသည်။ နိုင်ငံရေးသဘောတူညီချက်များကို အခြေခံသည့် ဥပဒေအသစ်များအရ လက်တွေ့ ကျင့်သုံးနိုင်သောအချိန်ကိုချင့်ချိန်ပြီး ပဋ္ဋိပက္ခကင်းသောဒေသများတွင်သာ ဦးစားပေး ရင်းနှီး မြုပ်နှံမှုများပြုလုပ်ကာ လက်ရှိအငြင်းပွားနေသော နေရာဒေသများတွင် လုပ်ကိုင်နေသည့် ရင်းနှီးမြုတ်နှံမှု များကို ဆိုင်းငံ့ထားခြင်း၊ ပြန်လည်သုံးသတ်ခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်သင့်ပါသည်။
တိုင်းရင်းသားပြည်သူလူထုမှ မြေယာပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရရှိခြင်းကို ဥပဒေဖြင့် အကာအကွယ်ပြုခြင်း၊ မိရိုးဖလာဓလေ့ထုံးတမ်းအရ မြေယာလုပ်ပိုင်ခွင့်၊ ကျင့်သုံးခွင့်နှင့်ပိုင်ဆိုင်ခွင့်များကို ဥပဒေအရ အသိအမှတ် ပြု ကာကွယ်မြှင့်တင်ခြင်း၊ တိုင်းရင်းသား ပြည်နယ်ဒေသများအတွင်းရှိ ရေ၊ မြေ၊ သစ်တော၊ သားငါးနှင့် ဆက်စပ် သဘာဝသယံဇာတများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် တရားမျှတမှုရှိခြင်းနှင့် ဒေသခံပြည်သူလူထုမှ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အနာဂတ်အတွက်ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးကိုရှေ့ရှုရန် လိုအပ်ပါသည်။
တိုင်းရင်းသားပြည်သူလူထုတိုင်း (နိုင်ငံသားတိုင်း) သည် အကန့်အသတ်ဖြင့် မြေယာပိုင်ဆိုင်မှု ရှိကာ ဓားမဦးချ၊ လယ်ဦးလယ်ထိပ် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်သူသည် အဆိုပါ လယ်ယာမြေနှင့်ခြံမြေကို ပိုင်ဆိုင် ခွင့်ရှိခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုသည် ၄င်းတို့အသက်ရှင်နေထိုင်သည့် နယ်မြေ၊ ကျေးရွာ တစ်ဝိုက်ရှိ သဘာဝမြေ၊ တောရိုင်းမြေ၊ သစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်တို့ကို မိရိုးဖလာ ထုံးတမ်း အစဉ်အလာအရ စုပေါင်းပိုင်ဆိုင် အသုံးချခွင့် ရှိရမည်ဖြစ်ပါသည်။ အစိုးရအာဏာပိုင်အဖွဲ့စည်းများ၏ ဖွံ့ဖြိုး ရေးစီမံကိန်းများဆောင်ရွက်ရာတွင် အများပြည်သူ အကျိုးအလို့ငှာ မြေယာသိမ်းယူရန်လိုအပ်ပါက ဒေသခံ ပြည်သူလူထုများနှင့် ညှိနှိုင်းပြီး သင့်တင့်မျှတသည့် မြေနေရာ အစားထိုးပေးခြင်း၊ အသုံးဝင်တန်ဖိုး ကာလ ပေါက်ဈေးနှင့်အညီ လျှော်ကြေးပေးခြင်းနှင့် နစ်နာဆုံးရှုံးသူတို့အား ဘ၀ ပြန်လည်ထူထောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။ မိမိနေရင်းအရပ်ကို စွန့်ခွာတိမ်းရှောင်သူများသည် ၄င်းတို့ ပိုင်ဆိုင်ခဲ့သော မြေယာ များကို ပြန်လည်ရယူပိုင်ခွင့်နှင့် လျှော်ကြေးရရှိပိုင်ခွင့် ရှိရမည်ဖြစ်ပြီး ပြည်သူလူထုက ၄င်းတို့ ပိုင်ဆိုင်ထား သည့် မြေယာကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လှဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း နှင့် အမွေဆက်ခံ ခြင်းများပါဝင်သည့်လွှဲပြောင်းပိုင်ခွင့်ကိုဥပဒေဖြင့် ပြဋ္ဌာန်းအကာအကွယ်ပြုထားမည် ဖြစ်သည်။တိုင်းရင်းသား လက်နက် ကိုင်ဒေသများမှ ပြုလုပ်သော မြေယာမှတ်ပုံတင်များအပါအ၀င် သက်ဆိုင်ရာ ပြည် နယ်၊ ဒေသအလိုက် မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုမှတ်တမ်းတင်ဆောင်ရွက်ပေးသည့် မြေယာမှတ်ပုံ တင်စနစ်၊ မြေယာစီမံခန့်ခွဲမှုစနစ်နှင့် မြေယာဖြေရှင်းမှုစနစ်တို့ကို ဖော်ဆောင်သည့် ယန္တရားများတည် ဆောက်ကာ အာဏာပိုင်အဖွဲ့အစည်းများသာမက ပြည်သူလူထုကို ပါဝင်ခွင့်ပေးရမည် ဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ။ ။နိုင်ငံအတွင်းရှိ သဘာဝသယံဇာတများ၏ မူလပိုင်ရှင် သည်တိုင်းရင်းသားပြည်သူလူထုဖြစ်သည်ကို အသိအမှတ်ပြုကာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ပေးပြီး သဘာဝသယံ ဇာတများ စီမံခန့်ခွဲရာတွင် ရေရှည်တည်တံ့ခိုင်မြဲ သောထုတ်ယူသုံးစွဲမှုများဖြစ်ရန် ပွင့်လင်းမြင်သာမှု၊ တာဝန် ယူမှုနှင့်တာဝန်ခံမှုအပြည့်အဝရှိပြီးလက်ရှိမျိုးဆက်များအကြားသာမကနောင်မျိုးဆက်များအထိမျှတမှုရှိစေရန် ဆောင်ရွက်ရမည်။ သဘာဝပတ်ဝန်း ကျင်နှင့် ဒေသခံလူထုကိုထိခိုက်နစ်နာစေနိုင်သည့် လုပ်ဆောင်ဆဲ၊ လုပ်ဆောင်မည့် စီမံကိန်းကြီးများ၊အထူးစီးပွားရေးဇုံနှင့် တန်ဖိုးကြီးသော သယံဇာတတူးဖေါ်ထုတ်လုပ်သုံးစွဲ ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းထားရန်လိုပြီး ခိုင်မာ၍ စနစ်ကျသောဖွဲ့စည်းအုပ်ချုပ်မှုအခြေခံဥပဒေနှင့် အထောက်အကူပြုယန္တရားများ၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုကို အကာကွယ် ပေးသည့် မူဝါဒနှင့် ဥပဒေများရရှိပြီးမှသာလျှင် စတင်ဆောင်ရွက်ရန်လိုအပ်သည်။ ဌာနေတိုင်းရင်းသားများ ၏ ရိုးရာဓလေ့အစဉ်အလာအရ ကျင့်သုံးလာသောသဘာဝသယံဇာတ စီမံခန့်ခွဲမှုစနစ်များကို အသိအမှတ် ပြုအာမခံသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရမည်။ ပြည်နယ်များအတွက် မြေယာ၊ သဘာဝသယံဇာတနှင့် ပတ်သက်ပြီး ထုတ်ယူသုံးစွဲခွင့်၊ တိုက်ရိုက် အကျိုးအမြတ် ခွဲဝေခံစားခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်အာဏာ စသည့် ပြည်နယ်လွှတ်တော်မှ ဥပဒေပြု ရေးဆွဲပြဋ္ဌာန်းရမည်။
ပြည်နယ်များအတွင်းရှိ သဘာဝသယံဇာတများ ထုတ်ယူသုံးစြွဲခင်းအပေါ် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရအကြား အကောက်အခွန်များ ခွဲဝေသုံးစွဲမှုအချိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းရမည်။ ရင်းနှီး မြှုပ်နှံမှုနှင့် စီမံကိန်းကြီးများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုအပေါ် အကျိုးသက် ရောက်မှု ရှိ/မရှိ ဆန်းစစ်သည့် EIA / SIA နှင့် အခြားလိုအပ်သော ဆန်းစစ်ခြင်းတို့ကို စနစ်တကျပြုလုပ်ပြီး FPIC (Free Prior Informed Consent) ကို အခြေခံရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုခု ပြု လုပ်ပါက ယင်းစီမံကိန်း နှင့်သက်ဆိုင်သော သဘာဝသယံဇာတများ ထုတ်ယူရောင်းချရာတွင် ပညာရှင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများမှပါဝင်ဖွဲ့စည်းထားသော လွတ်လပ်သည့် စောင့်ကြည့် လေ့ လာရေးကော်မရှင်နှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်များကို အသိအမှတ်ပြု၍ လေ့လာစစ်ဆေးခွင့်ပေးရမည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများဖြစ်ပါက ဒေသခံ ပြည်သူလူထု၏နေထိုင်မှု၊ အသက်မွေး ၀မ်းကျောင်း၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှု ထိခိုက်နစ်နာစေမှုများမရှိစေပဲ ဒေသခံများ၏ ဆုံးဖြတ်ချက်ပေါ် တွင်အခြေခံပြီးလုပ်ဆောင်ခြင်း၊ဒေသခံပြည်သူလူထု၊ပြည်ထောင်စုအစိုးရ၊ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်သည်။ (ကျေးဇူးတင်ပါတယ်။)
လေးစားအပ်ပါသော သဘာပတိကြီးနှင့်တကွ ကြွရောက်လာသော ညီလာခံတက်ရောက်သူများ အားလုံး ခင်ဗျား၊ ကျွန်တော်ကတော့ DKBA ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် က ဗိုလ်မှူးစိန်ဝင်း ဖြစ်ပါတယ်။ ယခု ကျွန်တော်တင်ပြသွားမဲ့ စာတမ်းဟာ ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့လုံးရဲ့ သဘောထားဖြစ်ပြီး ကျွန်တော်တို့ KNU/KNLA – PC က အပိုင်း (၂) ကို တင်ပြသွားပြီး ဖြစ်လို့ ကျွန်တော်က အပိုင်း (၃)ကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။
လူမှုရေးကဏ္ဍ
KNU ကရင်အမျိုးသားအစည်းအရုံးသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း မိမိနယ်မြေနှင့် လူထုလိုအပ်ချက်အရ နှစ်ပေါင်း (၆၀) ကျော်ကြာ မိမိထိန်းချုပ်ရာဒေသ၊ အစိုးရအုပ်ချုပ်ရေး နှင့် ထိစပ်သောဒေသများတွင် ပညာရေး၊ လူမှုရေးနဲ့ ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေး စသည့်ဌာန (၁၄) ခုဖြင့် ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းလမ်းစဉ်များ နှင့်အညီ အကောင်အ ထည်ဖော်ဆောင်နေရပါသည်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအပေါ် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက် နှင့်အညီ အုပ်ချုပ်ရေး နှင့်ဖွဲ့စည်းတည်ဆောက်ရေးတို့ကို ပြုပြင်ပြောင်းလည်းသွားမည်ဖြစ်သော်လည်း ကြားကာလ အတွင်း ကဏ္ဍတစ်ခုစီအလိုက် မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်လျှက်ရှိပါသည်။ အစိုးရအုပ်ချုပ်ရေးယန္တရားနှင့် ထိစပ်သောနယ်မြေများတွင်အုပ်ချုပ်ရေးလုပ်ငန်းများကို ပူးတွဲ၍ သော်လည်း ကောင်း၊ ပေါင်းစပ်၍ သော်လည်းကောင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။ လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများတွင်လည်း မိမိတို့ KNU ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီ ထောက်ပံ့ရေးမူဝါဒများကို အသိအမှတ်ပြုကာ ညှိနှိုင်းလုပ်ဆောင်ရန်လိုပါသည်။ ဤကြားကာလအတွင်း တိုင်းရင်းသားနယ်မြေများရှိ လူမှုရေးဆိုင်ရာ အစိုးရအသိအမှတ်ပြုထားသော နိုင်ငံတကာအကူအညီများ နှင့်ပတ်သက်၍ မိမိတို့ KNU၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ လူထုအသင်းအဖွဲ့များ ညှိနှိုင်း ဆောင်ရွက်သွားမည်။
ပြည်နယ်များမှ ပညာရေးကဏ္ဍအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပြီး အမျိုးသားကျောင်းများကို ပြည်နယ်တွင်းသာမက မိမိတိုင်းရင်းသားများနေထိုင်ရာ အခြားပြည်နယ်များ၌ လည်း ဖွင့်လှစ်သင်ကြားခွင့် ရှိစေရမည်။ ပြည်နယ်များ၌ တိုင်းရင်းသားဆိုင်ရာ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းပေးပြီး မူဝါဒရေးဆွဲရာတွင် တိုင်းရင်းသားပြည်နယ်နှင့် အမျိုးသားဆိုင်ရာအခြေခံမူဝါဒများ ထည့် သွင်း ပါဝင်ရမည်။ မိခင်ဘာသာစကားအခြေပြုပညာရေးစနစ် (Mother Tongue Based Multillingual Educaiton)ကို မူလတန်းအဆင့်မှစ၍ အဆင့်ဆင့်သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော်မှဥပဒေပြဌာန်း ပေးရမည်။ အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်းစံချိန်စံညွှန်းမူဘောင် ရေးဆွဲရာတွင် ပြည်နယ်များနှင့် ဒေသတွင်း ပညာရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ရှိစေရမည်။ ကျောင်းသားနှင့်ကျောင်းဆရာသမဂ္ဂ များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီး ပညာရေးနယ်ပယ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် စီမံ ဆောင်ရွက်ရမည်။
ကျန်းမာရေးကဏ္ဍ
မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့် နိမ့်ကျရသည့် အခြေခံအချက်များတွင် ကျန်းမာရေးလုပ်ငန်းများ စီမံခန့် ခွဲရာတွင် ဗဟိုချုပ်ကိုင်သည့်စနစ်ကို ကျင့်သုံးခြင်းသည် အဓိကဖြစ်သည်။ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်း များ စီမံခန့်ခွဲရာတွင် ဒေသတွင်းဝန်ထမ်းများ၊ ပြည်သူများကို ပါဝင်ခွင့်ပြုပြီး ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နေသော အဖွဲ့အစည်း များ၊ လူထုအခြေပြုအဖွဲ့အစည်းများကို ပါဝင်ခွင့်ပေးခြင်း၊ ၎င်းတို့မှ ပေးအပ်နေသော ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် မူဝါဒများ နှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် လိုပါသည်။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်နေစဉ် ကြားကာလတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဖွဲ့စည်းမှုကို ဆက်လက်ထိန်းသိမ်းခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ၎င်းတို့၏ဒေသများသို့ ၀င်ရောက် လာသော နိုင်ငံတကာအကူအညီ နှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံတော်၏ ကျန်းမာရေး အသုံးစရိတ်ကို တိုးမြှင့်ကာ ဆင်းရဲနိမ့်ကျပြီး ကျမ်းမာရေးအခြေအနေ ဆိုးဝါးသောဒေသများ အတွက် ဦးစားပေးခွဲဝေသုံးစွဲသွားရန် လိုပါသည်။ ကျန်းမာရေးသုတေသနလုပ်ငန်းများကို အားပေးမြှင့်တင် ပြီး တိုင်းရင်းသားဒေသများမှ မွေးစာရင်းပြုစုထားမှုများကို လက်ခံအသိအမှတ်ပြုခြင်း၊ အားပေးမြှင့်တင်ခြင်း များ လုပ်ဆောင်ရမည် ဖြစ်သည်။
ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကဏ္ဍ
၁၉၇၈ မှ စတင်သည့် အစိုးရ၏ ဖြတ်လေးဖြတ်အခြေပြု သောင်းကျန်းသူဆန့်ကျင်ရေးစီမံချက်များကြောင့် မိမိတို့ဒေသများတွင် ပြည်သူလူထုများ အတိဒုက္ခရောက်ကြရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs) များ၊ နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်အဖြစ်ခံယူနေရသူများ (Refugees) နှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်သူများ (Illegal Migrent Workers) ဟူ၍ ဖြစ်ပေါ်လာပါသည်။ မိမိတို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပြည်သူလူထုမှ ခရီးသွားလာခွင့် ပိုမိုလွတ်လပ်လာပြီး ကရင်ပြည်နယ်တွင် တိုက်ပွဲများမရှိတော့ဟု ဆိုနိုင်သော်လည်း တပ်မတော်၏ ရှေ့တန်းစခန်းများကို ရုပ်သိမ်းခြင်းမရှိရုံသာမက ပိုမိုကောင်းမွန်အောင်မွန်းမံခြင်းများကြောင့် ဒုက္ခသည်များအတွက် ယုံကြည်မှုတည်ဆောက်ရေးတွင် အခက်အခဲသဖွယ် ဖြစ်နေခြင်း၊ အချို့ဒေသတွင် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာပြီး ဌာနေပြည်သူလူထု၏ ဘ၀ရပ်တည်မှု အခက်အခဲများ ပိုမို ကြုံတွေ့ရခြင်းတို့ကြောင့် အဆိုပါဒုက္ခသည်များနှင့် တရားမ၀င်နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်သူများ သည် မိမိတို့နေရပ်သို့ ပြန်ဝင်ရောက်နိုင်ရေး သင့်တင့်လျောက်ပတ်သော နိုင်ငံရေးအရ အဖြေရှာမှု လိုအပ် နေပါသည်။
IDPs နှင့် Refugees များနေရပ်ပြန်လည်အခြေချမှုတွင် ခွဲခြားဆက်ဆံမှုမရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာကာ ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်၍ အစီအစဉ် ချမှတ်လုပ်ဆောင်ရန်လိုပြီး ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုအခြေခံသောအစီအစဉ်များချမှတ်ရမည်ဖြစ်သည်။ မိမိဆန္ဒအလျောက်ဆုံးဖြတ်ချက်ချပိုင်ခွင့်၊လုံခြုံစိတ်ချမှုအတွက်အာမခံချက်၊ဘ၀ပြန်လည် ထူထောင်နိုင်ရေး အာမခံချက် အပြည့်အ၀နှင့် ဂုဏ်သိက္ခာရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သက်ဆိုင်ရာဒုက္ခသည်များ ယုံကြည်အားထားသော ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ မူရင်းဌာနေလူထု၏ကိုယ်စားလှယ်များအကြားအဆင့်တိုင်းတွင် ဆုံးဖြတ် ချက် အတူတကွ ချမှတ်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများရှိရမည် ဖြစ်သည်။ ထို့အပြင် ပြန်လည်နေရာချ ထားခြင်းခံရသူများအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှု၊ ရေရှည်အသက် မွေးဝမ်းကျောင်း လုပ်ငန်းဖော်ထုတ်မှုအပြင်နိုင်ငံသားစိစစ်ရေးကဒ်ရရှိရေးအတွက်အာမခံချက်ရရှိစေရမည် ဖြစ်ပြီးလက်ခံမည့် မူရင်းဌာနေပြည်သူလူထုအတွက်ထိခိုက်နစ်နာမှုမရှိစေရန်လည်းလုပ်ဆောင်ရမည်ဖြစ်သည်။
ဒုက္ခသည် ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို စောင့်ကြည့်အကဲဖြတ် ခြင်းစနစ် (Monitoring and Evaluation) ကို ထားရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဒုက္ခသည်များ မူရင်းပိုင် ဆိုင်ခဲ့သော လယ်ယာ၊ ခြံမြေများကို ပြန်လည်ပိုင်ဆိုင်ခွင့်၊ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ဆုံးရှုံးခဲ့သော အိုးအိမ်၊ မြေယာ၊ လယ်ယာ၊ ခြံမြေများအတွက် ပြန်လည်အစားထိုးပေးရန် (သို့မဟုတ်) နစ်နာကြေးပေးအပ်ရန် စီစဉ်ဆောင်ရွက်ရမည်။ ဒုက္ခသည်များ၏ ရေတို၊ ရေရှည် ဘ၀ရပ်တည်ရေးဆိုင်ရာ အစီအမံများအတွက် မူဝါဒချမှတ်ခြင်း၊ နိုင်ငံတကာအကူအညီပေးသော အဖွဲ့အစည်းများ နှင့်ပတ်သက် သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရေးဆွဲ အကောင်အထည်ဖော်ရမည်။
နိဂုံး
အထက်ဖော်ပြပါတင်ပြမှုများသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်မှုဆိုင်ရာအတွက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားမည့် အခြေခံအချက်အလက်များဖြစ်ပြီ ဤအခြေခံများအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြဌာန်းနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ “မြန်မာနိုင်ငံသစ်" တွင် တိုင်းရင်းသားလူမျိုးများအားလုံး အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြမည်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။
 
 

No comments: