Monday, September 12, 2016

ရှမ်းနှင့် တအာင်းပလောင် ပဋိပက္ခများတွင် သွေးထိုးလှုံ့ဆော်သည့် နောက်ခံ ရှိမလားဟု သံသယဖြစ်မိကြောင်း RCSS/SSA ဥက္ကဋ္ဌ ဆို

ရှမ်းနှင့် တအာင်းပလောင် ပဋိပက္ခများတွင် သွေးထိုးလှုံ့ဆော်သည့် နောက်ခံ ရှိမလားဟု သံသယဖြစ်မိကြောင်း RCSS/SSA ဥက္ကဋ္ဌ ဆို
 
12 September 2016
------ ------ -------
ရှမ်းလူမျိုးများနှင့် တအာင်းလူမျိုးတို့ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ရာမှ ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလာခြင်းသည် သွေးထိုးလှုံ့ဆော်သည့် နောက်ခံများ ရှိမလားဟု သံသယဖြစ်မိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။
...
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော RCSS/SSA နှင့် TNLAတို့ကြား ပဋိပက္ခ များဖြေရှင်းနိုင်ရေး ပထမခြေလှမ်း အဖြစ် စက်တင်ဘာ ၁၂ ရက်က ချင်းမိုင်တွင် တအာင်းသံဃာတော်၊ ပါတီနှင့် လူငယ်အဖွဲ့တို့က RCSS/SSA မှခေါင်းဆောင်တချို့နှင့် တွေ့ဆုံ ဆွေးနွေးမှုတွင် ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်က အဖွင့်အမှာစကား ပြောကြားစဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီကနေ့ တအာင်းအမျိုးသားပါတီက ကိုယ်စားလှယ်တွေကော တအာင်း သံဃာ့အဖွဲ့ချုပ်က ကိုယ်စားလှယ် သံဃာတော်တွေနဲ့တွေ့ဆုံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျနော်တို့ဟာ ညီအစ်ကိုတွေပါဘဲ။ သူစိမ်းတွေမဟုတ်ပါဘူး။ သမိုင်းအနေနဲ့ပြောရင် တအာင်းနဲ့ရှမ်းဟာ ဘာမှ ပဋိပက္ခ မရှိခဲ့ဖူးပါဘူး။ ဘယ်သူမှလည်း ပဋိပက္ခ ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖြေရှင်းဖို့ မကြန့်ကြာသင့်ဘဲ နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် မီးခြစ်ဆံကစလို့ တစ်တောလုံး တစ်တောင်လုံး မီးကလောင်ကျွမ်းကုန်မှာ” ဟု ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် အစောပိုင်းမှ စတင်ကာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA နှင့် တအာင်းပလောင် တပ်ဖွဲ့ TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်လူ့အသိုင်းဝိုင်းကြားတွင်လည်း တင်းမာမှု အနည်းငယ်ရှိခဲ့သည်။
ယနေ့အချိန်သည် မီဒီယာခေတ်ဖြစ်ခြင်းကြောင့် မီဒီယာသည် ကောင်းသကဲ့သို့ တစ်ခါတစ်ရံတွင် မကောင်းကြောင်း၊ မီဒီယာကြောင့် သတင်းမှားယွင်းပေးရာမှ စ၍ အတွင်းမီးကို အပြင်ထုတ် သကဲ့သို့ ဖြစ်သွားကြောင်း၊ ယင်းကြောင့် နှစ်ဦးနှစ်ဖက် အနေဖြင့် မကြာခဏတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းသွားနိုင်မည်ဆိုပါက ကြားထဲတွင် မလိုလားအပ်သည့် ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မည်ဟုယုံကြည်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က တနိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးခဲ့သည့် နောက်ပိုင်းတွင် ၂၀၁၅ နိုဝင်ဘာလမှ စတင်၍ တအာင်းနှင့် ရှမ်းတပ်ဖွဲ့တို့အကြား ပဋိပက္ခများစတင်ခဲ့ရာ ယနေ့တိုင် မညှိနှိုင်းနိုင်သေးသည့် အခြေအနေတွင် ရှိနေခဲ့သည်။ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုများ ၁၀လခန့်ဖြစ်ပွားပြီးနောက် ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တွေ့ဆုံမှုတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဘက်မှ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ဗိုလ်ချုပ်စိုင်းယီ၊ ဗိုလ်မှူးချုပ်ေ ဘာင်ခေး နှင့် အတိုင်ပင်ခံများဖြစ်ကြသော ဦးခွန်စိုင်းနှင့် ဦးစ၀်ပင်ခမ်းတို့ တက်ရောက်ဆွေးနွေးခဲ့သည်။
တအာင်းကိုယ်စားလှယ်ဘက်မှ တအာင်းအမျိုးသားပါတီ TNP မှ ဗဟိုအလုပ်အမှုဆောင် တာ့အေးမောင်နှင့် တာ့လှဖေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဃာအဖွဲ့မှ ဒုဥက္ကဋ္ဌ ဆရာတော်ဦးပညာသီရိ နှင့် အတွင်းရေးမှူး ဦးတိကညာဏ တို့ ဦးဆောင်သည့် အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။ ထို့အပြင် တအာင်းလူငယ် ၁၀ ဦးခန့်ကလည်း ပါဝင် တက်ရောက်နားထောင် ခဲ့ကြောင်း သိရသည်။
ဇော်မင်းထွန်း
The Ladies News

No comments: