Monday, September 12, 2016

SME လုပ်ငန်းရှင်များအား ယခုနှစ်တွင် JICA အကူအညီဖြင့် ကျပ်ဘီလျံ ၃၀ ထုတ်ချေးပေးမည်ဟု သိရ

SME လုပ်ငန်းရှင်များအား ယခုနှစ်တွင် JICA အကူအညီဖြင့် ကျပ်ဘီလျံ ၃၀ ထုတ်ချေးပေးမည်ဟု သိရ

Monday, September 12, 2016
 
SME လုပ်ငန်းရှင်များကို ယခုနှစ်တွင် JICA ၏အကူအညီဖြင့် ကျပ်ဘီလျံ ၃၀ ထုတ်ချေးပေးမည်ဟု စက်တင်ဘာ ၉ ရက်က မကွေးတိုင်း အောင်လံမြို့တွင် ပြုလုပ်ခဲ့သော အောင်လံဒေသခံ လုပ်ငန်းရှင်များနှင့် စက်မှုကြီးကြပ်ဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဦးစီးဌာနတို့ SME ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဆီသို့ ဆွေးနွေပွဲတွင် မကွေးတိုင်း အသေးစားနှင့်... အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။
“မကွေးတိုင်းရယ်၊ မန္တလေးရယ် အဲဒီလိုခွဲနေချေးပေးမှာ မဟုတ်ပါဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဂျပန်နိုင်ငံက JICA ရဲ့ အကူအညီနဲ့ နှစ်ဆင့်ချေးငွေပေါ့။ ကျပ်ဘီလျံ ၃၀ ထုတ်ချေးပေးမှာ ဖြစ်တယ်” ဟု မကွေးတိုင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။
ချေးငွေ ထုတ်ချေးပေးမည့်ရက်အား ယခုနှစ် စက်တင်ဘာ ၁ ရက် နောက်ဆုံးသတ်မှတ်ထားသော်လည်း လုပ်ငန်း လုပ်ဆောင်ရသည့် အတိုင်းအတာအရ ယခုအချိန်အထိ ချေးငွေ ထုတ်ချေးပေးနိုင်သည့် ဦးရေအနည်းငယ်သာ ရှိနေသေးကြောင်း၊ အပေါင်ပစ္စည်း တင်ပြနိုင်ပါက တစ်နှစ်စာအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် အာမခံအပေါင်ပစ္စည်း မတင်ပြနိုင်ပါက စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေမှုအစီအစဉ် (Business Plan) ကိုကြည့်ကာ အတိုးနှုန်း ၁၁ ရာနှုန်းခန့်ဖြင့် ပုဂ္ဂလိကဘဏ်ခြောက်ခုမှ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းမှတ်ပုံတင်၊ SME မန်ဘာဝင်ကတ်ပြား၊ လုပ်ငန်းလိုင်စင်နှင့် အခွန်ပြေစာ အနည်းဆုံး နှစ်နှစ်ပြသနိုင်ရမည်ဖြစ်ပြီးစက်မှုကြီးကြပ်ဌာန၏ စစ်ဆေးမှု၊ SME ဌာန လုပ်ငန်းအလားအလာ ရှိ မရှိ စစ်ဆေးချက်နှင့် အပေါင်ပစ္စည်း တင်ပြရမည်ဖြစ်ပြီး အနည်းဆုံး ကျပ်သိန်း ၁၅၀ မှကျပ်သိန်း ၅၀၀၀ အထိ ချေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပိုင်ဆိုင်မှုအပေါင်ပစ္စည်း မပြနိုင်သည့် စီးပွားလုပ်ငန်းရှင်များ ချေးငွေရယူနိုင်မည်ဖြစ်ပြီး အထက်ပါအချက်အလက်များအပြင် စီးပွားရေးလုပ်ငန်း၏ အနာဂတ် အသေးစိတ် အစီအမံများ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အပေါင်ဆိုင်စသော ငွေကြေး၊ ဘဏ္ဍာရေးနှင့် အာမခံဆိုင်ရာလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အရက်ဆိုင်၊ ကာစီနို၊ လက်နက်ခဲယမ်းစသည့် ထုတ်လုပ်သည့်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုရှိစေသည့် လုပ်ငန်းများမှာမူ ချေးငွေရယူနိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။
မကွေးတိုင်းအတွင်း အသေးစားနှင့် အလတ်စား SME လုပ်ငန်းရှင် ၁၉၀၀၀ ကျော်ရှိကြောင်း သိရသည်။
Writer:
သက်ပိုင် (အောင်လံ)
Eleven Media Group

No comments: