Thursday, October 13, 2016

မောင်တောမြို့နယ်တွင် ပိတ်မိနေသည့် ဆရာ/ဆရာမများကို တပ်မတော်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကယ်ထုတ်နေ




ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပိတ်မိနေသည့် ဆရာ/ဆရာမများကို တပ်မတော်နှင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကယ်ထုတ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ ပိတ်မိနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ မီးတိုက်ကျေးရွာ မူလွန်ကျောင်းမှ ဆရာမတဦးက News Watch သို့ပြောသည်။

''ကျွန်မတို့က မောင်တောနဲ့ဝေးတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့နီးတယ်။ တပ်မတော်နဲ့ဌာနဆိုင်ရာတွေပေါင်းပြီး ကျွန်မတို့ကို ကယ်ထုတ်လာလို့ အခုလုံခြုံတဲ့နေရာကို ရောက်နေပါပြီ။ ကျန်တဲ့ဆရာမတွေကို ထပ်ပြီးတော့ သွားခေါ်နေပါတယ်။ ကျွန်မက စစ်တွေကဆိုတော့ စစ်တွေကို ပြန်မှာပါ''ဟု ၎င်းကပြောသည်။

မောင်တောမြို့နယ်ရှိ ဆရာ/ ဆရာမများနေရပ်ပြန်ရန် အခက်တွေ့နေသော်လည်း ဘူးသီးတောင်မြို့နယ်ရှိ ဆရာ/ ဆရာမများမှာ ဘူးသီးတောင်မြို့အပါအ၀င် မိမိတို့၏ နေရပ်များသို့ ပြန်လည် ရောက်ရှိသွားကြပြီဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးတင်အောင်မိုးက ပြောသည်။
''ဘူးသီးတောင်မှာတော့ ဆရာ/ ဆရာမအားလုံးနီးပါး မိမိတို့နေရပ်တွေကို ပြန်ရောက်နေပါပြီ။ မောင်တောဘက်မှာတော့ ပိတ်မိနေတာတွေရှိနေတယ်လို့ ကြားတယ်။ သူတို့ပြန်ရမယ့်လမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ ပိတ်မိနေတာလို့ သိရတယ်''ဟု ၎င်းက ပြောသည်။

လတ်တလောဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုအခြေအနေများကြောင့် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၄၀၀ ကျော် ပိတ်ထားရသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
 နန္ဒမျိုးဆောင်

No comments: