Saturday, October 22, 2016

ရန်ကုန်.....

ရန်ကုန်.....

ရန်ကုန်
မျက်နှာ သုန်သုန် မှုန်မှုန်နဲ့ 
လောကကို စိတ်ကုန်နေပြီလား
နိဗ္ဗာန်ဘုံလား ၊ လောက င၇ဲ လား မကြွဲပား
မူ မတူတဲ့ လူတွေကြားမှာ
အပူသည်လို ရင်ကြားစေ့ နေရတဲ့ မြို့ ..။


အိပ်မက်တွေ မီးနီမိပြီး
ယုံကြည်ချက်တွေ ကျူးကျော်တဲ လို အဖျက်ခံနိုင်ရ
နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ သလို
ငြိမ်းချမ်းရေးအသံတွေ ပိတ်ဆို့ ခံရ
ကိုယ်ခံ အားနည်းရင်တော့
ငိုပြန် သွားရမဲ့ မြို့ .။


လဖက်ရည်ဆိုင် ထိုင်လိုက်တိုင်း
တောင်းယမ်းသူတွေ ရဲ့ အဆင်မပြေခြင်းများ မြင်နေရ
ကိုယ့်ထမင်း ကိုယ်စား ၊ကိုယ်စားရိတ်နဲ့ ကိုယ်သွား
မြောက်ဝန်ရိုးစွန်းနားက ငါလည်း
မင်းတို့ လို ငြိမ်းချမ်းရေးကို တောင်းယမ်းနေသူပါ
မင်းတို့ က ကားဟွန်းသံ ပန်းကန်သံ ဇွန်းခရင်းသံကြားမှာတောင်းတယ်
ငါတို့ က သေနတ်သံတွေကြားမှာ တောင်းတယ်..
အကြောင်းစုံကို ကုန်ကုန်ပြောမယ် ရန်ကုန်..
ကုန်ဈေးနှုန်း ကျည်ဆံ ထိမှန်ပြီး
မြေဈေးတွေတက်လို့ အသေခက်တဲ့ မြို့ ..။


ခရိုနီနဲ့ အဟောင်းတွေပေါင်းပြီး
စည်းစိမ်လို အသားယူပြီး ပြဿနာအရှုပ် အရိုးတွေ ချန်ခဲ့လို့ 
စိန်ခေါ်မှုတွေကြား သောက ဗျာပါဒတွေများကာ
ဝိ၀ါဒတွေ နှစ်ခြမ်းကွဲ လျက် ၊
မျှော်လင့်ချက်တွေကို အမှိုက်လို လိုက်ကောက်နေရ
ငြိမ်းချမ်းရေး မရသေးတဲ့ လောက အပူတောထဲ
အဆာပြေ ရေခဲရေ သောက်နေရတဲ့ မြို့ ..။


အကျင့် စာရိတ္တတွေ ပျက်ဆီးပြီး
ခြစားမှုပင်လယ်ထဲ အမှောင်မှာ ပျော်ပိုက်
ဝရုန်းသုန်းကား ဖြစ်မှုများ ရှေ့ မှာ လက်ယက်ခေါ်
သေနတ်တွေ ခါးကြားထိုးထားလို့ 
စီးပွားရေးတွေ ဇောက်ထိုးလျက် ချောက်ထဲကျနေတဲ့ မြို့ ..။


အိပ်မက်ထဲ ဝေဒနာတွေ အစာမကြေလို့ 
စိတ်ထဲ ကြော်ငြာထိုးသလို
သတင်းစာရှင်းလင်းပွဲတွေ အကြိမ်ကြိမ်လုပ်နေရ
ကနေဒါပြန် ၊ အမေရိကားပြန် ၊သြစတြေလျပြန်
ထိုင်း ပြန် ဂျပန်ပြန် စကာင်္ပူပြန် ..
ဟို ပြန် ..ဒီပြန်..
နိုင်ငံတကာ အိမ်မက်တွေ ချိုးဖြူငှက်လို ၀ဲပျံဖို့ 
အမိမြေမှာ သေနတ်သံတွေကြားနေရလို့ 
ငြိမ်းချမ်းရေးကို ဆာလောင် ငတ်မွတ်နေတဲ့ မြို့ ..။


အောင်ခိုင်မြင့်

 ၂၂ အောက်တိုဘာလ ၂၀၁၆

( ရန်ကုန်ပြန် အမှတ်တရ ကဗျာ.. )


 

No comments: