Saturday, October 22, 2016

ဒေါ်နယ်ထရန့်က သူ သမ္မတရာထူး ရရှိခဲ့ပါက ပြုလုပ်မည့် ပထမဆုံး ရက် ၁၀၀ စီမံကိန်းကို ချပြ

ဒေါ်နယ်ထရန့်က သူ သမ္မတရာထူး ရရှိခဲ့ပါက ပြုလုပ်မည့် ပထမဆုံး ရက် ၁၀၀ စီမံကိန်းကို ချပြ

Saturday, October 22, 2016
 
ဒေါ်နယ်ထရန့်က သူ သမ္မတရာထူး ရရှိခဲ့ပါက ပြုလုပ်မည့် ပထမဆုံး ရက် ၁၀၀ စီမံကိန်းကို အောက်တိုဘာ ၂၂ ရက်တွင် ချပြခဲ့ကြောင်း သိရသည်။ အမေရိကန် သမိုင်း၌ အခါးသီးဆုံး ရွေးကောက်ပွဲ မဲဆွယ်မှု တစ်ရပ်အတွင်း ထရန့်၏ မဲဆွယ်ရေးအဖွဲ့က သူချပြသည့် စီမံကိန်းကို မဲဆွယ်ပွဲအပိတ် အာဘော်များဟု ခေါ်ဆိုခဲ့သည်။
ရီပက်ဘလီကင်သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုသည် ပို၍ပို၍ ပြင်းထန်လာကာ ကလင်တန်တို့ဘက်က ရွေးကောက်ပွဲ မသမာမှုများကို စီစဉ်ထားသည်ဟု ထရန့်က စွပ်စွဲခဲ့ပြီး ကလင်တန်ကလည်း ရန်လိုသော ထရန့်သည် အာဏာရှင် ၀ါဒဘက်သို့ ယိမ်းနေကြောင်း သတိပေးခဲ့သည်။
အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်များ၌ အနိုင်ရရှိရန်အတွက် အသေအကျေ နွှဲရမည့် အနေအထားမျိုးတွင် ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်ကို ဂုဏ်ပြုလက်ခံရန် ကတိမပေးခဲ့သည့်အတွက် ကလင်တန်က ထရန့်အား အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်သူအဖြစ် အောက်တိုဘာ ၂၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
“ခေါင်းဆောင်မှုနဲ့ အာဏာရှင်ဆန်မှု အကြား ကွဲပြားခြားနားချက်ကို ကျွန်မတို့ သိကြတယ်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးဟာ ကျွန်မတို့ကို ခွဲခြားပစ်လိုက်တဲ့ အရာတွေထဲက တစ်ခုဖြစ်တယ်” ဟု နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အဓိက မဲယိမ်းနိုင်သော ပြည်နယ်တစ်ခုဖြစ်သည့် အိုဟိုင်းယိုးပြည်နယ်၏ ကလိဗ်လန်းမြို့ လူထုစုဝေးပွဲတွင် ကလင်တန်က ပြောကြားခဲ့သည်။
ကလင်တန်က “ဒေါ်နယ်ထရန့်က ဒီရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီလို လုပ်တာက ကျွန်မတို့ရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်တာပါပဲ” ဟုလည်း ပြောကြားခဲ့သည်။
တတိယနှင့် နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲတွင် ထရန့်က နိုင်ငံရေး စံသတ်မှတ်ချက်များအား အံ့ဖွယ်ငြင်းပယ်မှုအဖြစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ကြောင်း ပြောကြားခဲ့မှုကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် အနေဖြင့် ကလင်တန်က ယခု မှတ်ချက်စကားများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသက် ၇၀ အရွယ်ရှိ ထရန့်က ကလင်တန် အနိုင်ရခဲ့လျှင် ၎င်းအနေဖြင့် ဥပဒေကြောင်းအရ စိန်ခေါ်မှုတစ်ရပ် ပြုလုပ်နိုင်ကြောင်း မဲဆွယ်ပွဲ တစ်ခု၌ လူအုပ်ကြီးအား ပြောကြားခဲ့သည်။
မဲဆန္ဒရှင် စာရင်းကို အကြီးအကျယ် လိမ်လည်မှု အပါအ၀င် ရွေးကောက်ပွဲ မသမာမှု ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ထရန့်က သတိပေးခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် သူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထရန့်၏ ယင်းကဲ့သို့ ပြောကြားမှုကို သူ၏ ရီပက်ဘလီကင်ပါတီမှ ပုဂ္ဂိုလ်များသည်လျှင် ငြင်းပယ်ခဲ့ပြီး သမ္မတ ဘာရက်အိုဘားမားကလည်း ထရန့်၏ ကောက်ချက်ချမှုကို ပြစ်တင် ဝေဖန်ခဲ့သည်။
မဲဆန္ဒရှင်စာရင်း လိမ်လည်ခဲ့သည်ဆိုသော စွပ်စွဲချက်များ၊ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည့် ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အငြင်းပွားခဲ့မှုများနှင့် ပါတီတစ်ခုက အသာစီးရရှိအောင် မဲဆန္ဒနယ်မြေ သတ်မှတ်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များ ရှိခဲ့သော်လည်း အမေရိကန် ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဟု ယူဆထားခဲ့ကြသည်။
အောက်တိုဘာ ၂၁ ရက်တွင် ထရန့်က အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မြောက်ကယ်ရိုလိုင်းနားနှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်များ၌ လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။
အိုဘားမားက ၂၀၀၈ ခုနှစ်တွင် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၌ ရှုံးနိမ့်ခဲ့သည့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် နောက်ဆုံးစစ်တမ်းများအရ ကလင်တန်က အနည်းငယ် အသာစီး ရနေသည်။
Ref: AFP
Eleven Media Group
အောက်တိုဘာ ၂၁ ရက်က ပင်ဆယ်ဗေးနီးယားတွင် မဲဆွယ်ရန် ရောက်ရှိ လာသော ဒေါ်နယ်ထရန့် (Photo: AFP)

No comments: