Saturday, October 8, 2016

သူ့အတွေး သူ့အမြင်

Aung Myo Min 9 mins
ပြည်သူ့ဘက်တော်သား လူ့အခွင့်အရေးကော်မရှင် အလိုရှိသည်
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး အရင်က လူတွေ သိပ်မသိခဲ့ကြပါဘူး။ ဒါပေမယ့် အင်းဝအပ်ချုပ်ဆိုင် အိမ်တွင်းအလုပ်သမား မိန်းကလေးငယ်နှစ်ယောက်ကို နှိပ်စက်ညှင်းပမ်းမှုအပေါ် ကော်မရှင်က ၀င်ရောက်ဖြေရှင်းခဲ့ရာမှာ နည်းလမ်းမမှန်လို့ လူဝေဖန်ခံရပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ အရည်အချင်းတွေ မေးခွန်းထုတ်ခံလာရပြီး ပြည်သူ့လွှတ်တော်ကပါ ပြစ်တင်ရှုတ်ချလာခဲ့ပါတယ်။ အခုနောက်ဆုံး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နေရာ ပြန်လည်အစားထိုး ခန့်ထားဖို့ ရှိလာချိန်မှာ ဘယ်လိုလူတွေ ကော်မရှင်အဖွဲ့ဝင်တွေ ဖြစ်သင့်သလဲ ပြန်လည်သုံးသပ်ကြည့်ဖို့ လိုလာပါတယ်။
လူ့အခွင့်အရေးကော်မရှင်ဆိုတာ အမှန်တော့ နိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ပေးဖို့နဲ့ မြှင့်တင်ပေးဖို့ရည်ရွယ်ချက်နဲ့ ဖွဲစည်းထားတတ်ကြတာကို တွေ့ရပါတယ်။ ဘယ်လိုမျိုးဖွဲ့စည်းရမလဲဆိုတာကို တချိုနိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းလေ့ရှိသလို တချို့နိုင်ငံတွေကတော့ လွှတ်တော်ကနေ ပြဌာန်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းတာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကတော့ ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှဆယ်နိုင်ငံမှာ ငါးနိုင်ငံမြောက် ဖွဲ့စည်းလာခဲ့တဲ့ ကော်မရှင်ဖြစ်ပါတယ်။
လူ့အခွင့်အရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်ရမယ့် လူပုဂ္ဂိုလ်တွေဟာ နိုင်ငံသားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးရမယ့် တာဝန်၊ နိုင်ငံတော်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုတွေကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးရမယ့် တာဝန်ရှိတာကြောင့် သူတို့ရဲ့ အရည်အချင်းတွေက အရေးကြီးလှပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အရည်အချင်းတွေ၊ စံချိန်စံညွန်းတွေကို ကော်မရှင်ရဲ့ ဥပဒေတွေမှာ ပြဌာန်းထားလေ့ရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေရဲ့ အပိုဒ် ၆ မှာဆိုရင်လည်း ကော်မရှင်ဝင်တွေဟာ (၁) မြန်မာနိုင်ငံသားဖြစ်ရမယ် (၂) အသက် ၃၅ နှစ်ထက် မငယ်ရဘူး (၃) သိက္ခာသမာဓိနဲ့ ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းရမယ်၊ ကော်မရှင်မှာ ဘက်မလိုက်ဘဲ လုပ်ဆောင်နိုင်ရမယ် (၄) လူ့အခွင့်အရေးဥပဒေ၊ လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးလုပ်ငန်း၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး လုပ်ငန်းဆိုင်ရာ အတွေ့အကြုံနဲ့ (၅) ကော်မရှင်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်မယ့် ခံယူချက်တွေ ပြည့်စုံရမယ်လို့ ဆိုထားပါတယ်။ ဒီအရည်အချင်းတွေနဲ့ ကိုက်ညီတဲ့သူမှ ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။
အရည်အချင်း သတ်မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် ပညာရပ်နဲ့ အတွေ့အကြုံကို ဦးစားပေးတာတွေ့ရပါမယ်။ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ တာဝန်ရှိသူတယောက်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေက မရှိမဖြစ် လိုအပ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ရည်မှန်းချက်တွေဖြစ်တဲ့ လူ့အခွင့်အရေးကာကွယ်ခြင်း၊ မြှင့်တင်ခြင်းတွေကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ အတတ်ပညာ၊ ဗဟုသုတသက်သက်သာ မလုံလောက်တော့ပါဘူး။ လူ့အခွင့်အရေးနှလုံးသား ပိုင်ရှင်တွေဖြစ်ဖို့ အထူး အရေးကြီးလှပါတယ်။ လူ့အခွင့်အရေးအပေါ် ယုံကြည်လေးစားဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေအပေါ် စာနာနားလည်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကောင်းမွန်တဲ့ဥပဒေအရ အမှန်တရားဖော်ဆောင်ပေးလို့တဲ့ စိတ်ရှိဖို့က လူ့အခွင့်အရေးကော်မရှင်ဝင်တွေအတွက် အထူး အရေးကြီးလှပါတယ်။
ဗဟုသုတ၊ ပညာရပ်နဲ့ စဉ်းစားဆုံးဖြတ်နိုင်ဖို့လိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာနာနားလည်တတ်ပြီး အမှန်တရားအတွက် လုပ်ဆောင်လိုတဲ့ နှလုံးသားတွေ လိုအပ်တယ်ဆိုတာ ပြီးခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုက ထင်ထင်ရှားရှား မီးမောင်းထိုးပြနေပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေမှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ အားနည်းခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အားကြိုးမာန်တက် လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒ ကင်းမဲ့နေခဲ့တာက ထင်ရှားပါတယ်။
ဒီလောက်အထိ လူမဆန်စွာ နှိပ်စက်ညှင်းပမ်းမှု ကျူးလွန်တာကို တွေ့ရှိရဲ့သားနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ မမှတ်ယူတာ၊ ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျုးလွန်တာ သိရဲ့သားနဲ့ ငွေသားနဲ့ ကျေအေးဖို့ တိုက်တွန်းခဲ့တာတွေဟာ ကော်မရှင်ဝင်တွေရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို နားမလည် မကျွမ်းကျင်တာကို ပေါ်လွင်စေပါတယ်။ ဒီလိုအမှုကိစ္စမျိုးဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ်ပါ အချက်တွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တာမျိုးပါ။ လူနှစ်ယောက် သာမန်စကားများ ရန်ဖြစ်တာမျိုး မဟုတ်ပါဘူး။
နောက်ထပ် အရေးကြီးတဲ့အချက်တခုကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူတို့အနေနဲ့ ကြီးတဲ့အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် သဘောရိုးနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တဖက်က လက်ခံနိုင်သလိုရှိပေမယ့် အခုလို အသက်အရွယ်ငယ်၊ ပညာနိမ့်၊ အဆက်အသွယ်မရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေအတွက် အမှန်တရားအတိုင်း အပြစ်ရှိတဲ့သူကို ဖော်ထုတ်ပေးခြင်းက ပို မလိုလားအပ်ဘူးလားလို့ ပြန်လည်မေးခွန်းထုတ်ချင်ပါတယ်။
မတရားလုပ်တာ ထင်ရှားလျက်နဲ့၊ အမှန်တရားအတွက် အားကျိုးမာန်တက် လုပ်ဆောင်ပေးသင့်သားနဲ့ “ကော်မရှင်အနေနဲ့ အမှုတခုကို ကျေလည်အောင် ဖြေရှင်းပေးလိုက်နိုင်ပါကြောင်း” ဆိုတဲ့ စာသားတကြောင်းအတွက်ကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့တာဟာ လူ့အခွင့်အရေးချိုးဖောက်ခံရသူများက ကော်မရှင်ကို ယုံကြည်အားကိုးမှု ကင်းမဲ့စေခဲ့ပါတယ်။ တကယ်လို့သာ ဒီလိုမတရားနှိပ်စက်ခံရတဲ့ မိန်းကလေးငယ်တွေအတွက် ရပ်တည်ပေးပြီး ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ အရေးယူမှုတွေ ပေါ်ပေါက်လာဖို့ အမှန်တရားကို ချစ်မြတ်နိုး၊ လူ့အခွင့်အရေးကို လေးစားတဲ့ နှလုံးသားတွေနဲ့ အားကြိုးမာန်တက်သာ လုပ်ဆောင်ပေးခဲ့မယ်ဆိုရင် ကော်မရှင်ဝင်တွေဟာ ပြည်သူက ယုံကြည်အားထားတဲ့ လူ့အခွင့်အရေးသူရဲကောင်းတွေ ဖြစ်လာခဲ့ကြမှာပါ။
ကော်မရှင်ရဲ့ ဥပဒေတွေမှာ အရည်အချင်းတွေ သတ်မှတ်ချက်တွေ ပြဌာန်းသားပါလျက် ဘာကြောင့် ဒီလို အရည်အချင်း မပြည့်စုံသူတွေ ကော်မရှင်အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြတာလဲ။ ပြန်စဉ်းစားကြည့်ရင် ရွေးချယ်ပုံ၊ လုပ်ထုံးလုပ်နည်း လွဲမှားနေတာ တွေ့ရပါလိမ့်မယ်။ ကော်မရှင်ရဲ့ ဥပဒေထဲမှာ အရည်အချင်းပြည့်စုံတဲ့သူတွေကို ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး ရွေးချယ်ရမယ်လို့ အပိုဒ် ၅ မှာ ဖော်ပြထားပါတယ်။ ဒီရွေးချယ်ရေးကော်မတီမှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူကယ်ပြန် ၀န်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်တဦး၊ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တဦး၊ ဥပဒေနဲ့အညီဖွဲ့ထားတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၂ ဦးပါဝင်ရမယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် တကယ်တမ်း ကော်မရှင်ဝင်တွေကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်သူတွေ မသိခဲ့ပါဘူး။ ဘယ်သူတွေကို ဘာကြောင့်ရွေးတယ်ဆိုကိုလည်း ပြည်သူတွေ သိခွင့်မရှိခဲ့ပါဘူး။ ပြည်သူတွေသိခွင့်ရှိတာကတော့ သမ္မတလက်မှတ်ထိုးပြီး ရွေးချယ်ခန့်အပ်ခဲ့တဲ့ ကော်မရှင်ဝင်စာရင်းထွက်လာမှ ကိုယ့်ဘ၀တခုလုံးအတွက် အရေးကြီးတဲ့ လူ့အခွင့်အရေးဆိုင်ရာအချက်တွေကို ကာကွယ်မြှင့်တင်ပေးဖို့ တာဝန်ခန့်အပ်ခံရတဲ့ လူပုဂ္ဂိလ်တွေ ဘယ်သူဖြစ်တယ်ဆိုတာ သိရပါတယ်။ ပြည်သူလူထုဘက်က ဘယ်သူတွေဖြစ်သင့်တယ်ဆိုတာ အကြံပေးခွင့် မရှိပါဘူး။ ဘယ်လိုလူတွေကို အမည်စာရင်း တင်သွင်းထားလဲဆိုတာ သိခွင့်မရှိပါဘူး။ သမ္မတရဲ့ ရွေးချယ်ခန့်အပ်မှု တခုတည်းသက်သက်နဲ့ ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။
ရွေးချယ်မှုကို လေ့လာကြည့်ရင်လည်း ယခင်အစိုးရ ၀န်ထမ်းဟောင်းတွေသာ ဦးစားပေးရွေးချယ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာမှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်တွေထဲမှာ အကျဉ်းဦးစီးဌာနက ညွန်ကြားရေးမှူး ကော်မရှင်ဝင်ဖြစ်တဲ့ တခုထဲသော လူ့အခွင့်အရေးကော်မရှင် ဖြစ်လာခဲ့ရပါတယ်။ အခုဆိုရင် ကော်မရှင်ဝင်တွေကို ပြန်ရွေးသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ထွက်ပေါ်လာနေပါတယ်။ တကယ်တမ်းလည်း ပြန်လည်ရွေးချယ်သင့်ပါတယ်။ ပြီးခဲ့တဲ့ သင်ခန်းစာတွေကို သုံးသပ်ပြီး တကယ်အရည်အချင်းရှိတဲ့၊ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တာဝန်ယူလိုတဲ့ စိတ်ထားရှိသူတွေ ပါဝင်လာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
လူမှန်နေရာမှန် ဖြစ်လာဖို့ကို အကောင်းဆုံးရွေးချယ်နိုင်မယ့်သူတွေက ပြည်သူတွေဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဘယ်သူတွေက ဘယ်လိုအရည်အချင်းတွေ ရှိတယ်။ ဘယ်သူတွေကို ယုံကြည်အားကိုးလောက်တယ်ဆိုတာကို ဘ၀နဲ့ရင်းပြီး သိနေကြပါတယ်။ ဘယ်သူတွေကို တာဝန်ပေးရင် ပြည်သူတွေ အားလုံးရဲ့ လူ့အခွင့်အရေးအတွက် အမှန်တကယ် ကာကွယ်ပေးမယ့် ကော်မရှင်ဖြစ်လာမယ်ဆိုတာ ပြည်သူတွေ အသိဆုံးပါ။ ဒါကြောင့် ကော်မရှင်တွေကို အကြံပြုတဲ့နေရာမှာ ပြည်သူတွေ အကြံပြုနိုင်တဲ့လုပ်ငန်းစဉ်ဖြစ်အောင် ဖော်ဆောင်ပေးဖို့ လိုပါတယ်။
ပြည်သူတွေကနေ အကြံပြုတဲ့ အမည်စာရင်းတွေထဲကမှ အမှန်တကယ် အရည်အချင်းလည်းရှိ၊ အတွေ့အကြုံလဲ ပြည်စုံ၊ လူ့အခွင့်အရေးအတွက် ရပ်တည်လုပ်ဆောင်လိုတဲ့ နှလုံးသားပိုင်ရှင်တွေကို စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံရွေးချယ်သင့်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ရွေးချယ်စိစစ်ရေးကော်မတီမှာ ပါဝင်မယ့်သူတွေရဲ့ သမာသမတ်ကျမှု၊ ပညာရပ်ပိုင်းဆိုင်ရာနှံ့စပ်မှု၊ အကောင်းဆုံး အရည်အချင်းရှိသူတွေကို ရွေးချယ်လိုမှု၊ အစွဲကင်းမှုတွေ လိုအပ်ပါမယ်။ ဒါမှသာ အရည်အချင်း၊ စိတ်ထားကောင်းသူတွေကို အမှန်ဆုံး အသင့်တော်ဆုံး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သူတို့ရွေးချယ်ထားတဲ့ ကော်မရှင်ဝင်လောင်းတွေအကြောင်း ပြည်သူကို အသိပေးပြီး ကန့်ကွက်လိုရင် ကန့်ကွက်ခွင့်လည်း ပေးသင့်ပါတယ်။ နောက်ဆုံးရွေးချယ်ခံရတဲ့ အမည်စာရင်းကို သမ္မတဆီ ပေးပို့ပြီး အတည်ပြုဖို့ လုပ်ဆောင်ရပါမယ်။
သမ္မတရဲ့ တာဝန်ဝတ္တရားကတော့ နောက်ဆုံးအမည်စာရင်းပေးပို့လာတဲ့ ကော်မရှင်ဝင်စာရင်းကို လေ့လာပြီး သဘောတူရင် တရားဝင်ခန့်အပ်တာ ဖြစ်ရပါမယ်။ ဒါမှသာ ပြည်သူက အားကိုးတဲ့၊ ပြည်သူက ယုံကြည်တဲ့ ကော်မရှင်ဝင်တွေ ရွေးချယ်ခန့်အပ်နိုင်မှာဖြစ်ပါတယ်။ ဘယ်က ကျလာမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေကြောင့် အစိုးရဌာနတွေမှာ ကမောက်မကဖြစ်ပြီး သက်ဆိုင်ရာဌာနဝန်ထမ်းတွေ မခံမရပ်ဖြစ်နေခဲ့တာ အထင်အရှားပါ။ လူထုက သူတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးကို ကာကွယ်မြင့်တင်ပေးမယ့်သူတွေဟာ ဘယ်က ကျလာမှန်းမသိတဲ့ နောက်ထပ်မိုးကျရွှေကိုယ်တွေ မဖြစ်စေချင်တာ အသေအချာပါ။ ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တာဝန်ထမ်းဆောင်မယ့် အဖွဲ့ဝင်တွေကို ရွေးချယ်ခန့်အပ်ရာမှာ အရင်က သင်ခန်းစာတွေကို အတုယူပြီး အကောင်းဆုံးရွေးချယ်ခန့်အပ်ဖို့ လိုပါပြီ။
လူ့အခွင့်အရေးကော်မရှင် ဥပဒေကောင်းမှ ကော်မရှင်အဖွဲ့ဝင်ကောင်းတွေ ရှိလာပါလိမ့်မယ်။ အဖွဲ့ဝင်တွေကောင်းမှာ ကော်မရှင်ကောင်းပါလိမ့်မယ်။ ကော်မရှင်ကောင်းမှ ပြည်သူတွေရဲ့ ဘ၀တွေ လုံခြုံလာပါလိမ့်မယ်။
(အောင်မျိုးမင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလှုပ်ရှားမှုအဖွဲ့ Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

No comments: