Monday, October 31, 2016

နိုင်ငံတော်အတိုင်ပင်ခံ၏ ဂျပန်ခရီးစဉ် စီးပွားရေးလုပ်ငန်းရှင်များပါဝင်မည်မဟုတ်.....၀န်ကြီးခရီးစဉ်ဖြင့်သာ လိုက်ပါကြမည်ဟုဆို.....

ရန်ကုန်၊ အောက်တိုဘာ ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်အား ကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အစိုးရအရာရှိများ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး အပါအဝင် စုစုပေါင်း ၁၉ ဦး သာပါရှိမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမျှ ပါဝင်မည်မဟုတ်ကြောင်း သမ္မတရုံး၏ဒုတိယညွှန့်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယင်းလုပ်ငန်းရှင်များမှာ ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ခရီးစဉ်နှင့်သာ သက်ဆိုင်သည်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၎င်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ထို့အပြင် UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းကလည်း ၎င်းတို့အနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့တွင် ၀န်ကြီးခရီစဉ်ဖြင့်လိုက်ပါမည်ဖြစ်ကြောင်းပြောသည်။
"ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်နဲ့ လိုက်မှာမဟုတ်ပါဘူး။ ၀န်ကြီးခရီးစဉ်နဲ့ လိုက်မှာပါ။ နိုဝင်ဘာ ၃ ရက်နေ့မှ သွားကြမှာပါ။"ဟု ဦးဇော်မင်းဝင်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်တွင် ဂျပန်ကို ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။ ၅ ရက်ကြာ ဂျပန်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် အပြင် အစိုးရထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံသွားရန်လည်းရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဂျပန်ဝန်ကြီးချုပ်က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စများတွင်ကူညီမည်ဖြစ်ကြောင်းပြောကြားထားသည်။
Maung Tun Wai
HEZ

No comments: