Tuesday, October 11, 2016

“ဘာဆိုဘာမျှ မဟုတ်တော့တဲ့အခါ”

10.10.2016

ဘယ်သွားနေလဲ မောင်ရေခဲတဲ့
ဘာဝယ်ခဲ့လဲ မရွှေဖဲတဲ့
တည့်တည့်မေးနေတဲ့ စကားလုံးတွေထဲမှာ...

ဘယ်ကို တည့်တည့်လျှောက်ရမလဲ မသိ
ဘာကို တည့်တည့်ပြောရမှန်းလဲ မသိ….

ဘုရားပွဲကိုသွားဖို့ လှည်းကိုလည်း ရှာမတွေ့
တရားပွဲထဲ မြဲဖို့ စိတ်ကိုလည်း ရှာမတွေ့
အရာရာအားလုံးဟာ
အဆုံးရောက်ခါနီးတိုင်း တကျော့ပြန်ကွေ့ရွာတဲ့
စနေမိုးလိုမျိုး
အငြိုးကြီး မိုးသီးတွေရွာတယ်….

အမှားအမှန် မဝေဖန်နိုင်တဲ့ နေ့စွဲတွေကို
ငွေမင်သုတ် ဖြဲစုတ်ပစ်ရရင် ကောင်းမလား
အမေးအဖြေ အံမဝင်တဲ့ အခြေအနေတွေကို
မင်နီသား စွဲချက်တင်ပစ်ရရင် ကောင်းမလား….

ဆက်ရန်တွေနဲ့ ရက်ချန်ဖတ်နေရတဲ့
ဘာသာပြန် စာအုပ်တွေဆိုရင်တော့လည်း
နဂိုရှိရင်းစွဲ ကြိုက်လက်စမို့ ရှိပါစေတော့
ကိုယ်ရေးရာဇဝင်တွေအတွက်
ဆက်ရန်တွေ လှန်လှန်ဖတ်နေရတာ သိပ်မဟန်ဘူး…

အမှားမဟုတ်ပေမယ့် မမှန်ခဲ့သေးပြန်ဘူးတဲ့
လေတွေ တဟူးဟူးတိုက်ခဲ့တုန်းက
ဖောက်ရေးခဲ့တဲ့ လက်မောင်းသွေးတွေ
လှိုင်းတွေ တဝုန်းဝုန်းကြီးခဲ့တုန်းက
ပြိုင်တူသောက်ခဲ့တဲ့ သစ္စာရေတွေ…

ကိုယ့်ဆန္ဒနဲ့ သူ့မျှော်လင့်ချက်
တကိုင်းတခက်တည်း နားဖို့ခက်တဲ့ ကမ္ဘာမှာ
အရာရာအားလုံးဟာ
ဘာဆို ဘာမျှမဟုတ်တော့ပါဘူး…။

ဆောင်းယွန်းလ (အောက်တိုဘာ ၁၀ရက်၊ ၂၀၁၆)

No comments: