Saturday, October 29, 2016

ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးနှင့် တွင်းဝခွန်

ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးနှင့် တွင်းဝခွန်

Saturday, October 29, 2016
===========================
ကမ္ဘာ့အကြီးဆုံးနှင့် တန်ဘိုးအမြင့်ဆုံး ဖြစ်လာနိုင်ဖွယ်ရှိသည့် ကျောက်စိမ်းတုံးကြီးအား မြန်မာကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်းကျော် တန်ဘိုး သတ်မှတ်မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများနှင့် အင်တာနက် လူမှုကွန်ယက် စာမျက်နှာများတွင် ပြည်သူများ၏ မကျေနပ်သံများ ကျယ်ကျယ်လောင်လောင် ကြားသိနေခဲ့ရသည် ။

ကျောက်စိမ်းတုံးကြီးအား မြန်မာကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်းကျော် သတ်မှတ်ရခြင်းနှင့် ပတ်သက်ပြီး “ သယံဇာတနှင့်သဘာဝ...ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ၊တန်ဘိုးဖြတ်အဖွဲ့ ( ဖားကန့် ) မှ လက်ထောက်ညွှန်ကြားရေးမှူးအား သွားရောက်မေးမြန်းခဲ့ပါသည် ။
နိုင်ငံတော်နှင့်အကျိုးတူ တူးဖော်လုပ်ကိုင်သော ရတနာတောင်တန်း ကျောက်စိမ်းတူးဖော်ကုမ္မဏီ ၊မက်လင်ချောင် အကျိုးတူ လုပ်ကွက်အမှတ်( ၂ ) မှ ၁၂.၁၀.၂၀၁၆ နေ့တွင် တူးဖော်ရရှိသော အလေးချိန် စုစုပေါင်း တန်ချိန် ( ၂၁၀ ) ကျော် ရှိ ကျောက်စိမ်းတုံးကြီးအား မြန်မာကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်းကျော် တန်ဘိုးဖြတ်ရခြင်းမှာ တွင်းဝ ခွန်သာဖြစ်ပြီး ကျောက်စိမ်းတုံးကြီး၏ နောက်ဆုံးတန်ဘိုးမဟုတ်ဟု သိရပါသည် ။ ကျောက်စိမ်းတုံးကြီးသည် အသားကျောက်မျိုးဖြစ်ပြီး ၊အသားကျောက်များကို A B C D ဟု အဆင့်လေးဆင့်သတ်မှတ်ထားသည်ဟု ပြောပြပါသည်။
ကျောက်စိမ်းတုံးကြီးအား စက်ယန္တယားများဖြင့် နေရာရွေ့ရန် ကြိုးစားရာမှ အခြမ်းကြီးတစ်ခြမ်းအပါအဝင် အပဲ့ (၅) ပဲ့ ၊စုစုပေါင်း ( ၆) ခု ပဲ့သွားသည်ဟုသိရပါသည် ။ အသားများသွားသဖြင့် ကျောက်တွင်ပါဝင်သော အရည်အသွေးနှင့် အနာများပါဝင်မှုကို စစ်ဆေးတိုင်းတာပြီး တွင်းဝခွန် ဆောင်နိုင်ရန် နေပြည်တော်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကာ သိန်းပေါင်း ခုနှစ်သောင်းကျော် တန်ဘိုးဖြတ်ပြီး တူးဖော်ရရှိသော အကျိုးတူ ကုမ္မဏီအား သိန်းပေါင်း တစ်သောင်းငါးထောင်ခန့် နိုင်ငံတော်ကို တွင်းဝခွန် ဆောင်စေခဲ့သည်ဟုသိရပါသည် ။
ယခုကျောက်စိမ်းတုံးကြီးကို C နှင့် D အဆင့်သတ်မှတ် ခဲ့သည်ဟု
သိရပါသည် ။
ကျောက်စိမ်းတုံးကြီးအား မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြသရောင်းချပြီးမှသာ ကျောက်စိမ်းတုန်း၏ တန်ဘိုးအမှန်ကို သိရမှာ ဖြစ်ပြီး ၊ကျောက်စိမ်းတုံးကြီးအား ရောင်းချပြီးပါက အခွန်များထပ်မံကောက်ခံဦးမည်ဟု သိရပါသည် ။“ ဒီကျောက်ကို ပြပွဲမှာ ရောင်းထွက်သွားရင် အထူးစည်းကြပ်ခွန် (၂၀) ရာခိုင်နှုန်း ထပ်ကောက်ရမှာပါ ။ကောက်ပြီးလို့ ကျန်တဲ့ရောင်းရငွေကိုမှ နိုင်ငံတော်က (၂၅) ရာခိုင်နှုန်း ယူပြီး ကုမ္မဏီက (၇၅) ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိမှာပါ ” ဟုတန်ဘိုးဖြတ်အဖွဲ့ ( ဖားကန့် ) မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါသည် ။ နိုင်ငံတော်နှင့်အကျိုးတူ ကျောက်မျက် လုပ်ကွက်များမှ ရရှိသော ကျောက်မျက်ရတနာများကို နိုင်ငံတော်မှပြုလုပ်သော ပြပွဲများတွင်သာ ရောင်းချရမည်ဟုလည်း ဥပဒေများတွင်ပြဌာန်းထားသည်ဟုလည်း သိရပါသည် ။

ကျောက်စိမ်းတုံးကြီးအား လုပ်ငန်းရှင်နှင့်နိုင်ငံတော် အကျိုးအမြတ်ခွဲဝေမှုတွင် ကွဲလွဲမှုများ ရှိနေသည်မှာ စိတ်ဝင်စားစရာလည်း ဖြစ်နေပါသည် ။ ဖားကန့်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးမှ အဆိုပါ ကျောက်စိမ်းတုံးကြီး အကျိုးအမြတ်ခွဲဝေမှုတွင် (၄၀) ရာခိုင်နှုန်းကို နိုင်ငံတော်မှ ခံစားရမှာဖြစ်ပြီး ကျန်(၆၀) ရာခိုင်နှုန်းမှာ တူးဖော်တွေ့ရှိသော ကုမ္မဏီမှ ရရှိခံစားရမည် ဟုကျောက်စိမ်းတူးဖော်ရေးဌာ ( လုံးခင်း ) ရှိ အရာရှိ တစ်ဦး၏ စကားကို ကိုးကား၍ မီဒီယာများသို့ပြောကြားခဲ့ခြင်းလည်း ဖြစ်သည် ။
ဇော်မိုးထက်(ဖားကန့်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



 

No comments: