Friday, October 28, 2016

နောက်ဆုံးခံကတုတ်ထဲ ကောက်၍ ကွေး၍....။။။၊

နောက်ဆုံးခံကတုတ်ထဲ ကောက်၍ ကွေး၍....။။။၊


ငါဆောင်းခဲ့တဲ့ ဦးထုပ်
ငါဝတ်ခဲ့တဲ့ ဂျင်းပန်(န်)
ငါလွယ်ခဲ့တဲ့ ကျောပိုးအိတ်
အတွေးတို့သည် မြစ်၏ခြေရင်း၌ ကပ်၍ သီ၍

တိတ်တိတ်လေးနေ တိတ်တိတ်လေး
ဂီတာတလက် ဖလက်တံကောက်နေတယ်
အဲဒီလို အဲဒီအချိန်ဖြစ်တတ်တဲ့ စိတ်ကို
စန္ဒရားသံထဲ ထည့်မြည်းဘို့ ကျုပ်က
သဘောမတူနိုင်ဘူး

တူးပြီးသားတွင်းဟာ တူးပြီးသားတွင်းဘဲ
ထွင်းပြီးသားပန်းပုကို ဘာနဲ့
လိုက်ဖြည့်မလဲ
အဇ္စတ္တထက် ပိုကဲတဲ့စိတ်အခြေအနေကို ပြဆိုဘို့
သင်္ကေတတို့ ပုံရိပ်တို့ မျက်မှောင်ကြုတ်

အထိမခံတဲ့ အထ္တုပတ္တိတပုဒ်ကို
လက်ထဲ သွေးသံရဲရဲနဲ့ဆုပ်ကိုင်ရင်း
စီးမျောခြင်း အနုပညာထဲ အသင်တို့ရဲ့မျက်လုံးနှစ်ဖက်ကို
ပြဇတ်ဆန်ဆန် စင်းထားစေခဲ့
သွက်တဲ့ရေက သွက်တယ်

ပက်ပက်စက်စက် ကလဖန်အထိုးခံလိုက်ရခြင်းကို
မသိဘူးလို့ မထင်နဲ့
သိသာထင်ရှားတဲ့အရာတွေထဲမှာ
မှောက်ထားတဲ့ဖဲအပေါ်က လှန်ထားတဲ့ မျက်နှာတချပ်

Pattern ပျက် Pattern ရွဲ့
ဘဝထဲမှာ အဲဒီလို ဝင်သက်ထွက်သက်မမျှတဲ့ ဒီဇိုင်းတွေ အလွှာလိုက် အချပ်လိုက် ဖရိုဖရဲနဲ့ စက္ကူဖြတ်စက်တစက်လို သိုက်သိုက်မြိုက်မြိုက်ကြေကွဲ

ထိုနေ့ညကကျွန်တော်သည်ပင်လျှင် ငိုက်စိုက်ငိုက်စိုက်နဲ့ အိမ်အဝင်လမ်းတွေ မှားလို့မှား
မထီမဲ့မြင် ငုံ့၍ကြည့်စဉ် ရင်မှာဒဏ်ရာဝေ
ဒီတစ်ချက်ဟာ အနက်ဆုံးမေ ဂုဏ်ယူလိုက်အုံးမေ...တဲ့ ကိုခင်ဝမ်းကြီးရေ ဒါ
ယုံကြည်ရာကို တလင်တမယားစနစ်နဲ့ သွားခဲ့တာလားဗျ

ဦးထုပ်ဆို ငါဆောင်းခဲ့တဲ့ ဦးထုပ်မှ
ဂျင်းပန်(န်)ဆို ငါဝတ်ခဲ့တဲ့ ဂျင်းပန်(န်)မှ
ကျောပိုးအိတ်ဆို ငါလွယ်ခဲ့တဲ့ ကျောပိုးအိတ်မှ
ကပ်သီးကပ်သပ်နဲ့ ဒီရွာကို ကပ်သီလေးကွေ့ဝိုက်ဖြတ်သွားတဲ့ မြစ်လို
အတွေးတို့က

ခံစစ်ကြောင်းကို ဖောက်ထွက်လာရင်
ဖြတ်တိုက်ပစ်ရမဲ့ အာရုံကို နာခံသော စိတ်တွေ

မောင်မငိုပါဘူး
မိုးလည်း မသည်းစေချင်ဘူး

အသင် ဖလက်တံကောက်ဘူးပါသလား
စန္ဒရားသံကတော့ သင့်ကို
ထည့်ခလောက်ဘို့
ဟော့ဟို ထောင့်ချိုးလေးနားမှာ ချိမြလောင်တောက်.....။................။


လူလူလက်ျာ

 

No comments: