Wednesday, October 5, 2016

သက်ရှိပင်လုံ

Maung Maung
Oct 05/10/2016


●○●○●○●○●○●○●○●○●○●○●○●○●○●○●○●○●○●○●○●
❖ 7Days News
အိမ်နံရံပေါ်တွင် မှန်ပေါင်ဖြင့် ချိတ်ဆွဲထားသော အဖြူအမည်း ဓာတ်ပုံများအကြောင်း အသက် (၉၃)နှစ်အရွယ် အဘိုးက စိတ်အားထက်သန်စွာ ပြောပြနေသည်။
‘‘ပင်လုံတုန်းက ရိုက်ခဲ့တဲ့ ပုံအတော်များများက ကိုယ့်ပုံတွေပဲ။ တချို့လည်း မရှိတော့ဘူး။ မှတ်မှတ်ရရ ထင်ထင်ရှားရှား ပြရရင်တော့ ပင်လုံစာချုပ်ပုံကိုလည်း ကိုယ်ပဲရိုက်ခဲ့တာ’’ဟု တောင်ကြီးမြို့မှ မြန်မာ့အလင်းသတင်းစာ သတင်းထောက် ဦးစံအောင်က ပြောပြသည်။ အခန်းနံရံပေါ်တွင် ချိတ်ဆွဲထားသော အဖြူအမည်းဓာတ်ပုံများ၌ ပင်လုံစာချုပ် လက်မှတ်ရေးထိုးရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးနေပုံ၊ ပင်လုံစာချုပ်ပုံ၊ ပင်လုံစာချုပ်အတွက် လူထုအစည်းအဝေးများ ကျင်းပနေပုံ စသည်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က သမိုင်းဝင်ဓာတ်ပုံများ ပါဝင်သည်။
အသက် (၉၃)နှစ်အရွယ် အဘဦးစံအောင်သည် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ခေါ် ကော်လံစား သတင်းထောက်အဖြစ် နှစ် ၃၀ ကျော် လုပ်ကိုင်ခဲ့သူဖြစ်သည်။ အသက် (၁၅)နှစ်သားအရွယ်မှာပင် ဒေသသတင်းများ စတင်ရေးသားပေးပို့ရင်း သတင်းထောက်အလုပ် စတင်လုပ်ကိုင်ပြီး အသက်(၂၃)နှစ်အရွယ်တွင် သမိုင်းဝင်ပင်လုံညီလာခံသို့ တက်ရောက်သတင်းရယူရေးသားခဲ့သူဖြစ်သည်။
ထို့ကြောင့် မြန်မာ့သမိုင်းတွင် အရေးပါလှသော ၁၉၄၇ ဖေဖော်ဝါရီ၌ ကျင်းပခဲ့သည့် ပင်လုံညီလာခံကို ကိုယ်တိုင်တက်ရောက်ခွင့်ရခဲ့သော မြန်မာနိုင်ငံ၌ တစ်ဦးတည်းကျန်ရှိတော့သည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။
တောင်ကြီးမြို့ မြို့မဈေးအနီးရှိ ရှုမဝတိုက်ဟုခေါ်သော သုံးထပ်တိုက်အပေါ်ဆုံးထပ်၌ အဘဦးစံအောင်သည် အနွေးထည်အထပ်ထပ် ဝတ်ဆင်ထားပြီး နံနက်ခင်းနေရောင်ခြည်အောက်တွင် အငွေ့တထောင်းထောင်းထနေသော နွားနို့ကိုသောက်ရင်း စာအုပ်တစ်အုပ် ဖတ်နေသည်။ စာကြည့်စားပွဲပေါ်တွင် ဗုဒ္ဓဘာသာဘာသာရေးစာအုပ်များ၊ ဆောင်းပါးပေါင်းချုပ်စာအုပ်အချို့၊ သတင်းစာနှင့် ဂျာနယ်အချို့ဖြင့် ပြည့်နက်ရှုပ်ပွနေသည်။ ဦးစံအောင်၏နောက်တွင် နံရံကပ်ဗီရိုအပြည့် အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော စာအုပ်များစွာ တွေ့ရသည်။ အိမ်ဦးခန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကျကျနနချိတ်ဆွဲထားသည်။
ပင်လုံညီလာခံအကြောင်းနှင့်ပတ်သက်၍ ပြောပြရာတွင် အသက်ကြီးလှပြီဖြစ်သော်လည်း ဦးစံအောင်က မှတ်ဉာဏ်ကောင်းစွာ ချက်ကျလက်ကျ ပြောနိုင်သည်။
‘‘(၁၅)နှစ်သားကနေ သတင်းထောက် စလုပ်လာတာ။ သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းတဲ့အချိန်ထိ မြန်မာ့အလင်းသတင်းထောက်အဖြစ် လုပ်ခဲ့တာပဲ’’ဟု အဘကပြောသည်။
၁၉၃၉ တွင် ရှမ်းပြည်နယ် မြန်မာ့အလင်းသတင်းစာတိုက် အကျိုးတော်ဆောင်သတင်းထောက် စတင်လုပ်ကိုင်ခဲ့သော ဦးစံအောင်အား တောင်ကြီးမြို့၌ အစိုးရဝန်ထမ်း မိဘနှစ်ပါးက ၁၉၂၄ တွင် မွေးဖွားခဲ့ပြီး တောင်ကြီးသားစစ်စစ်ဖြစ်သည်ဟုလည်း ဟွာဝေးဖုန်းဖြင့် ကိန်းဂဏန်းများ တွက်ချက်ရင်း မွေးသက္ကရာဇ်ကို ပြောသည်။
‘‘သတင်းထောက်ပိုးဝင်သွားတာကတော့ အဖေ့ကြောင့်ပါ။ အဖေက အင်္ဂလိပ်ခေတ်မှာ ရဲမှူးလေ။ ဆားပုလင်းတွေက မနက်ဆိုရင် အိမ်လာလာပြီး သတင်းတွေလာလာပြော၊ လာလာပို့ကြတယ်။ အဲဒီအထဲက သတင်းတစ်ခု ထူးခြားတာလေးကို သတင်းစာတိုက်ပို့လိုက်တာ ပါလာတော့ ပိုးဝင်သွားတာပဲ’’ဟု ဦးစံအောင်က ရယ်မောရင်းပြောသည်။
ပင်လုံစာချုပ် ချုပ်ဆိုစဉ် သွားရောက်သတင်းရယူစဉ်က မြန်မာ့အလင်းသတင်းစာတိုက်မှ အယ်ဒီတာချုပ် ဦးသန်းတင့်(ခ) ဓူဝံက ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့၍ သွားရောက်ခဲ့ခြင်းပင်ဖြစ်သည်။
‘‘အဲဒီအချိန်တုန်းက ကိုယ့်အသက် (၂၃)နှစ်ပေါ့။ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ သတင်းတွေကိုလည်း သတင်းစာတိုက်ကို အချိန်နဲ့တစ်ပြေးညီ ပို့ပေးနိုင်ခဲ့တယ်’’ ဟု လက်မထောင်ပြုံးပြရင်း ဦးစံအောင်က ဂုဏ်ယူစွာပြောသည်။
ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်သည့် ပင်လုံစာချုပ်ပုံကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်ကာ အခြားသတင်းစာတိုက်များမပါမီ မြန်မာ့အလင်းသတင်းစာတိုက်က နောက်တစ်နေ့သတင်းစာတွင် ဦးဆုံးဖော်ပြနိုင်ခဲ့သည်။
မြန်မာ့အလင်း သတင်းစာတိုက်သို့ သတင်းများအချိန်မီ ပေးပို့နိုင်ရန်လည်း အဆိုပါ ပင်လုံစာချုပ်ချုပ်ဆိုနေစဉ်အတွင်း အင်္ဂလိပ်အစိုးရစစ်တပ်က ပင်လုံတွင် ကြေးနန်းရုံတစ်ရုံ ယာယီ လာရောက်ဖွင့်လှစ် ကူညီပေးခဲ့သည်ဟု ဦးစံအောင်က အဝေးတစ်နေရာသို့ကြည့်ရင်း ပြောသည်။
ပင်လုံညီလာခံမှ အမှတ်တရဖြစ်ရပ်များကို မေးမြန်းရာ‘‘ပင်လုံမှာ အကုန်ရှုပ်ထွေးသွားတဲ့ စကားက ခင်ဗျားတို့ ကျွန်တော်တို့နဲ့အတူ လွတ်လပ်ရေး ရယူနိုင်တယ်၊ ပေါင်းချင်လည်း ပေါင်း၊ မပေါင်းချင်လည်းနေ၊ ကျုပ်တို့ကချမယ်’’ ဟု ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် စကားတစ်ခွန်းကို ဦးစံအောင်က ပြန်လည်ရေရွတ်ပြသည်။ သို့သော် ပင်လုံညီလာခံမတိုင်မီ အချိန်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်းသည် ညောင်ရွှေမြို့သို့ ကြိုတင်သွားရောက်ခဲ့ပြီး စော်ဘွားများနှင့်တွေ့ဆုံ၍ ပင်လုံစာချုပ်ချုပ်ဆိုရန် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် တောင်ကြီးမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝိုင်းဝန်းကူညီပံ့ပိုးပေးခြင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ အတူပူးပေါင်းကြိုးပမ်းမှုတို့ကြောင့် အောင်မြင်စွာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ဦးစံအောင်က သုံးသပ်မှတ်ချက်ပေးသည်။
မြန်မာ့အလင်းသတင်းစာတိုက်၏ အကျိုးတော်ဆောင်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ချိန်တွင် စော်ဘွားများနှင့် အင်္ဂလိပ်အစိုးရတို့၏ ဆက်ဆံရေးကို သတင်းထူး၊ သတင်းဦးများ မကြာခဏ ရေးသားနိုင်ခဲ့သည်။ သတင်းစာတိုက်မှပေးသည့် ယာချီကာ ၃၅ မမ ဖလင်ကင်မရာဖြင့် မှတ်တမ်းဓာတ်ပုံ မြောက်မြားစွာကိုလည်း သူရိုက်ခဲ့သည်။ အဆိုပါဓာတ်ပုံများတွင် ပင်လုံညီလာခံပုံများလည်း အပါအဝင်ဖြစ်သည်။
‘‘မျက်နှာဖုံးမှာ သတင်းပါလာပြီဆိုရင် အတွင်းသတင်းထက် နှစ်ဆ၊ သုံးဆပိုရတယ်။ ဓာတ်ပုံတစ်ပုံကို စာမူခ ၁၀ ကျပ်လောက် ရတယ်’’ဟု ဦးစံအောင်က ပြောကြားသည်။
ပင်လုံစာချုပ်သတင်းမတိုင်မီ စစ်အတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ အစာရေစာငတ်ပြတ်သဖြင့် ဆွမ်းဟင်းအကျန်များ လိုက်လံကောက်စားနေရပြီး ကျေးရွာသားများ ဆယ်နှင့်ချီ၍ သေဆုံးနေသော သတင်းကို သတင်းထူးအဖြစ် ပေးပို့နိုင်ခဲ့သည်။
သတင်းပါရှိပြီးနောက် အင်္ဂလိပ်အစိုးရ အရေးပိုင်မြို့ဝန်မင်းမှာ ထုချေလွှာတောင်းခံရပြီး ဦးစံအောင်မှာလည်း မမှန်သတင်းဖော်သည်ဆိုကာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။
နောက်ပိုင်းတွင် သေဆုံးသည့် ကျေးရွာသားအမည်၊ ကျေးရွာတို့ကို အတိအကျ ထပ်မံရေးသားဖော်ပြနိုင်ခဲ့သဖြင့် အင်္ဂလိပ်အစိုးရက မဲနယ်တောင်ဒေသသို့ စားနပ်ရိက္ခာများ ပို့ဆောင်ပေးခဲ့သည်။ သတင်းထောက်လုပ်နေစဉ်ကာလအတွင်း ဗြိတိသျှစစ်တပ်၏ ဖိအားပေးခြင်းခံရပြီး သတင်းစာတိုက်ကိုလည်း တရားစွဲဆိုရန် မကြာခဏ ကြုံခဲ့သကဲ့သို့ အင်္ဂလိပ်အစိုးရက ဝရမ်းထုတ်သည့်အတွက် ဝရမ်းပြေးဘဝလည်းရောက်ခဲ့ဖူးသည်။
ဂျပန်ခေတ်တွင် အာရှလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုရန် ရှမ်း -ဗမာ ပူးပေါင်းရေးအတွက် ရှမ်းပြည်လူထုကိုယ်စားလှယ် ဦးတင်အေးနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားရောက်ဆွေးနွေးခဲ့ဖူးကြောင်း ၎င်းကဆိုသည်။
၁၉၅၂ ခုနှစ် ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲတွင် တောင်ကြီးမြောက်မဲဆန္ဒနယ်မှ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကိုယ်စားပြုအမတ်အဖြစ် ရွေးချယ်အနိုင်ရပြီး ၁၉၅၆ ခုနှစ်အထိ ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
‘‘၅၂ ခုနှစ်မှာ အမတ်အဖြစ် အရွေးခံရတယ်။ ၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရတက်တယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတော့ တိုင်းပြည်ကပျက်ပြီ’’ဟု ရယ်မောရင်းပြောကြားသည်။
ယခုအချိန်အထိ ဦးစံအောင်သည် သတင်းစာများဖတ်ခြင်း၊ ဂျာနယ်များဖတ်ရင်း၊ ရုပ်သံသတင်းများ ကြည့်ရင်းဖြင့် မျက်မှောက်နိုင်ငံရေးအခြေအနေကို မပျက်လေ့လာနေဆဲဖြစ်သည်။
‘‘ကျွန်တော်တို့ဆီမှာ အင်မတန်အဖိုးတန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လက်ဆောင်တစ်ခု ရထားတယ်လေ။ သူက နတ်သမီးတစ်ပါးလိုပါပဲ’’ဟု တိုက်နံရံတွင် ချိတ်ဆွဲထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဓာတ်ပုံကို လက်ညှိုးထိုးရင်းပြောသည်။
၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်၍ အောင်မြင်လိမ့်မည်ဟု မထင်ကြောင်းလည်း ဦးစံအောင်က မှတ်ချက်ပြုသည်။
‘‘ဘာလို့ ဒီလိုပြောရသလဲဆိုရင် ဗိုလ်တွေများနေတယ်။ ခေါင်းဆောင်ကောင်းနောက်ကို မလိုက်ကြဘူး။ ကိုယ်လိုချင်တာတွေပဲ ကိုယ်တောင်းနေကြတယ်။ ပင်လုံတုန်းက အဲဒီလိုမဟုတ်ဘူး။ ဦးအောင်ဆန်းထက် အသက်ကြီးတဲ့သူတွေလည်း ဦးအောင်ဆန်းကိုပဲ ခေါင်းဆောင်အဖြစ် တင်မြှောက်ထောက်ခံခဲ့တယ်’’ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲထားသည့် ကာလပတ်လုံး လွှတ်တော်သည် စာအုပ်စိမ်း၏ ရုပ်သေးရုပ်သာဖြစ်နေမည်ဟု မျက်မှောက်နိုင်ငံရေးအခြေအနေအပေါ် ဦးစံအောင်က သုံးသပ်သည်။
‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ကျွန်တော် အယုံအကြည်မရှိဘူး။ ဖယ်ရှားမှ တိုင်းပြည်တိုးတက်နိုင်မယ်။ စစ်တပ်က လွှတ်တော်ထဲ ထိုင်စရာမလိုဘူး။ စစ်တပ်က စစ်တန်းလျားမှာပဲနေရမယ်။ နိုင်ငံရေးမှာ ၀င်ရှုပ်စရာမလိုဘူး’’ဟု ဦးစံအောင်က ပြတ်ပြတ်သားသား ပြောကြားသည်။
ဦးစံအောင်၏ နေအိမ်သို့ ခင်မင်သူ၊ လေးစားသူ၊ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားများနှင့် မီဒီယာသမားများ နေ့စဉ်ဝင်ထွက်သွားလာ၍ နိုင်ငံရေး၊ စာပေအရေးတို့ကို ဆွေးနွေးပြောဆိုလေ့ရှိသည်။
သူ၏ ကျန်းမာရေးအခြေအနေမှာလည်း လမ်းမလျှောက်နိုင်သည်မှလွဲ၍ ဒေါင်ဒေါင်မြည်နေဆဲပင်ဖြစ်သည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာစောင်များကို ဖတ်ရှုနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နှင့် အမေရိကန် ခရီးစဉ်အပြန် ကျန်းမာရေးနှင့် ပတ်သက်သော သတင်းများဖတ်ရှုရင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်(၉၀)ကျော် အဘက စိုးရိမ်ပူပန်သည်ဟု တွေဝေစွာဖြင့် ပြောသည်။
‘‘သူ သိပ်ပင်ပန်းနေပြီ။ သူမ မရှိတော့ရင် ဒီမိုကရေစီအရေးလည်း နိမ့်ကျသွားမယ်။ သူတစ်ဦးသာ ဒီမိုကရေစီကို အပြည့်အ၀ နားလည်တယ်။ အင်မတန်တော်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးပါ’’ဟု မှတ်ချက်ပေးသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် ညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြပါက ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်လိမ့်မည်ဟု အဘဦးစံအောင်က မှတ်ချက်ပြုသည်။

No comments: