Thursday, October 27, 2016

#ယနေ့ကြေးမုံပါမေစုပြောကြားငြိမ်းချမ်းရေးသတင်းးလေး ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး ငြိမ်းချမ်းရေးနှင့်အညီ နေထိုင်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို မလွဲမသွေအောင်မြင်မယ်လို့ ယုံကြည်

နေပြည်တော် အောက်တိုဘာ ၂၅
(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ၌ ယမန်နေ့ ည ၆ နာရီက ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ကျင်းပတဲ့ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အခမ်းအနားကို လူကြီးမင်းများအားလုံးနဲ့အတူတူ ကျင်းပခွင့်ရတာကျွန်မအနေနဲ့ ဝမ်းမြောက်မိပါတယ်။ကျွန်မအနေနဲ့ ကုလသမဂ္ဂနဲ့ လက်တွဲလာခဲ့တာ အချိန်ကာလအားဖြင့် ကြာခဲ့ပြီဖြစ်ပါတယ်။
ကျွန်မ ငယ်ရွယ်စဉ်အချိန် တက္ကသိုလ်ကဘွဲ့ရပြီးခါစမှာ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂလက်အောက်ခံဖြစ်တဲ့ Advisory Committee on Administrative and Budgetary Questions (ACABQ) ဆိုတဲ့ဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံအသီးသီးက သံတမန်တွေက ယင်းအဖွဲ့အစည်းမှာ အလုပ်လုပ်ခွင့်ရဖို့ အလွန်ကို စိတ်ဝင်စားခဲ့ကြပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂပေါ်ပေါက်ခဲ့တာ ၂၆ နှစ်သာ ရှိသေးတဲ့အတွက် သက်တမ်းအားဖြင့် အလွန်ကို နုနယ်သေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ကျွန်မနဲ့ ကုလသမဂ္ဂရဲ့ဆက်ဆံရေးက စာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ပါတီခေါင်းဆောင်ဘဝမှာ ကုလသမဂ္ဂနဲ့ဆက်ဆံရေးက တစ်မျိုးတစ်ဖုံ ထူးခြားနေပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မတူညီတဲ့အမြင် ရှုထောင့်အမျိုးမျိုးကို ကျွန်မရရှိခဲ့ပါတယ်။ ယူအန်ဒီပီနဲ့ အခြားကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ မတူညီတဲ့ အဖွဲ့အစည်းအမျိုးမျိုးဖြစ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ အတိုက်အခံအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်လဲဆိုတာ ကျွန်မလေ့လာသိရှိခဲ့ရပါတယ်။ အခုဆိုရင်ကျွန်မနဲ့ ကုလသမဂ္ဂဆက်ဆံရေးဟာ တတိယစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ အခုကျွန်မဟာ အစိုးရသစ်၏ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်လာပြီဖြစ်တဲ့အတွက် ယခင်အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဆက်ဆံရေးမျိုးလို မဟုတ်ဘဲ ထူးခြားနေပြန်ပါတယ်။ ကုလသမဂ္ဂဟာ ကမ္ဘာပေါ်မှာ ပြဿနာများဖြေရှင်းရာမှာ အရေးအပါဆုံးသော အဖွဲ့အစည်းအနေနဲ့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
#ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ နှစ်စဉ်ကျင်းပတဲ့ အစည်းအဝေးတွေမှာ အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အနာဂတ်အတွက် မျှော်မှန်းပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဓိကဆွေးနွေးလေ့ရှိကြပါတယ်။ ကုလသမဂ္ဂက ငြိမ်းချမ်းရေးကာကွယ်စောင့် ရှောက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
#ကုလသမဂ္ဂနဲ့ငြိမ်းချမ်းရေး
ကျွန်မအနေနဲ့ ကုလသမဂ္ဂစာစီစာကုံးပြိုင်ပွဲမှာ ပါဝင်တဲ့သူတွေကို အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ ယင်းပြိုင်ပွဲတွင် အမြင့်ဆုံးဆုရရှိသူများမှာ မိန်းကလေးများသာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ များစွာအံ့သြမိပါတယ်။ မိန်းကလေးတွေက ကုလသမဂ္ဂအကြောင်း ပိုစိတ်ဝင်စားကြလို့ပဲလား၊ ပညာရေးဘက်မှာ မိန်းကလေးတွေက ပိုတော်နေလို့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မိန်းကလေးတွေဆုရကြတာ ဝမ်းသာပေမယ့် ယောက်ျားလေးတွေက မိန်းကလေးတွေလောက် ငြိမ်းချမ်းရေးကို စိတ်မဝင်စားလို့လားဆိုပြီး မျှော်မှန်းထားသလောက်ဖြစ်မလာတဲ့အတွက် အနည်းငယ်တော့ စိတ်ပျက်မိတာအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ဒီနှစ်စာစီစာကုံး ခေါင်းစဉ်က ''ကုလသမဂ္ဂနဲ့ ငြိမ်းချမ်းရေး'' ဖြစ်လို့ပါပဲ။ မိန်းကလေးတွေက ငြိမ်းချမ်းရေးကို အလှတရားတစ်ခုအနေနဲ့ ခံစားကြပါတယ်။ ကမ္ဘာကြီးရဲ့ သဘာဝအလှတရားကို ဖျက်ဆီးနေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ အမုန်းတရားတွေနဲ့ ရန်လိုမုန်းတီးမှုတွေကို ဆန့်ကျင်တိုက်ထုတ်မှသာ တည်ငြိမ်အေးချမ်းပြီး သာယာလှပတဲ့ကမ္ဘာကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းက ယနေ့ထက်တိုင် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲအောင် တည်ဆောက်ထားနိုင်ဆဲဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာမိပါတယ်။ ယနေ့ကျင်းပတဲ့အခမ်းအနားကို ယခင်နှစ်တွေနဲ့မတူ တက်ရောက်လာသူတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးအမြင်ချင်းဖလှယ်ပြီး ရင်းနှီးမှုတွေ တိုးပွားလာအောင် ရည်ရွယ်ကျင်းပခြင်းပဲဖြစ်ပါတယ်။
#သဘောထားကွဲလွဲနိုင်
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉ဝ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂမှာ သဘောထားမတူညီမှုတွေရှိနေမှာတော့ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ဟာ မတူညီတဲ့ ကွဲပြားခြားနားချက်တွေကို အချင်းချင်း နားထောင်ကာ သင်ခန်းစာယူပြီး ချစ်ခင်ရင်းနှီးမှုမပျက်ဘဲ ယဉ်ကျေးသိမ်မွေ့စွာနဲ့ သဘောထားကွဲလွဲနိုင်ရမှာ ဖြစ်ပါတယ်။ မိမိနဲ့သဘောထားမတိုက်ဆိုင်လို့ ရန်သူကဲ့သို့ ဆက်ဆံနေမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာ ဧကန်မလွဲပါပဲ။ ရန်သူများအကြား သဘောထားကွဲလွဲမှုဟာ အန္တရာယ်ရှိနိုင်သော်လည်း ရှိရင်းစွဲချစ်ခင်ရင်းနှီးမှုကိုအခြေခံကာ အယူအဆကွဲလွဲကြမယ် ဆိုရင်တော့ အမြင်ချင်းဖလှယ်ပြီး ဘုံရည်မှန်းချက်အတွက် ဖြေရှင်းနည်းအသစ်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်လိုပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကိုလည်း ကုလသမဂ္ဂအကြောင်း ပိုမိုသိစေချင်ပါတယ်။
#မမေ့နိုင်တဲ့ဂုဏ်ယူမှု
ကျွန်မကလေးဘဝတုန်းက မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ကုလသမဂ္ဂအစည်းအဝေးပွဲတွေကို တက်ရောက်ဖို့အတွက် ခရီးဝေးလှတဲ့ နယူးယောက်ကိုသွားတာကို ဂုဏ်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကမ္ဘာ့အလယ်မှာ ဉာဏ်ပညာကြီးမားစွာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အတွက် ကမ္ဘာက လေးစားတာကိုလည်း ခံယူနိုင်ခဲ့ကြပါတယ်။ တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံက ဖြစ်တဲ့အတွက်လည်း ကမ္ဘာက မြန်မာနိုင်ငံကို လေးစားပြီးအထင်တကြီး ရှိခဲ့ကြပါတယ်။ အဲဒါကတော့ ကျွန်မတို့အတွက် မမေ့နိုင်တဲ့ ဂုဏ်ယူမှုတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာအာဏာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပြီး ကျွန်မအနေနဲ့ အဲဒီအနေအထား ပြန်လည်ရောက်ရှိအောင် ကြိုးစားချင်ပါတယ်။
#အချင်းချင်းညှိနှိုင်း
ယနေ့ ကုလသမဂ္ဂက မည်သည့်လမ်းကြောင်းသစ်ကို ဦးတည်နေတယ် ဆိုတာကိုကြည့်ပြီး မိမိတို့အနေဖြင့်လည်း မည်သည့်လမ်းကြောင်းဆီ လိုက်ပါဆောင်ရွက်မည်ကို စဉ်းစားအကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတွေကိုလက်ခံပြီး အနာဂတ်မှာ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို အချင်းချင်းညှိနှိုင်းကြရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာဖြစ်ဖို့ ဝိုင်းဝန်းကြိုးစား ကြရမှာဖြစ်ပါတယ်။
#အပြုသဘောဆောင်
ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး ငြိမ်းချမ်းရေးနှင့်အညီ နေထိုင်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို မလွဲမသွေ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဒီခန်းမမှာ စုဝေးရောက်ရှိနေတဲ့ နိုင်ငံအသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ကိုယ်စားလှယ်တွေ၊ သံတမန်တွေအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ လူသစ် စိတ်သစ် မျှော်လင့်ချက်အသစ်တွေနဲ့ ပြည့်နေတဲ့ ကျွန်မတို့နိုင်ငံမှာ ချစ်ခင်ရင်းနှီးစွာနဲ့ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်မှုတစ်ခုဖြစ်စေရန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။ စစ်မှန်တဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ လွဲမှားနေတာတွေကိုလည်း ပြင်ဆင်ပေးပြီး လိုအပ်နေတာတွေကိုလည်း ကူညီပေးပြီး လွတ်လပ်စွာ အပြုသဘောဆောင် အမြင်ချင်းဖလှယ်ပြုပြင်ပေးစေလိုပါတယ်။
#စစ်မှန်တဲ့မျှော်လင့်ချက်
မိမိ ယခင်က နော်ဝေနိုင်ငံသွားခဲ့စဉ်က မှတ်သားမိတာလေးရှိပါတယ်။ တစ်ချိန်က နော်ဝေဟာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်တဲ့။ ဒါပေမယ့် အဲဒီလို ထုတ်ဖော်ပြောရတာ သူတို့မရှက်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ အခုလို အခြေအနေမျိုးရောက်အောင် လိမ္မာပါးနပ်စွာနဲ့ ရုန်းထွက်နိုင်ခဲ့တာ ဂုဏ်ယူစရာဖြစ်နေလို့ပါတဲ့။ အဲဒီအတွေးအခေါ်လေးကို တော်တော်လေး ကောင်းပါတယ်။ မိမိတို့ မြန်မာနိုင်ငံဟာ လက်ရှိမှာဆင်းရဲနေတုန်းပါပဲ။ ဒါပေမယ့် မိမိတို့လည်း တစ်နေ့မှာ နော်ဝေနိုင်ငံလို တစ်ချိန်က ဆင်းရဲခဲ့တယ်လို့ ပြောနိုင်ရပါမယ်။ ဆင်းရဲတာ ရှက်စရာမဟုတ်ပါဘူး။ အနာဂတ်ကို မျှော်မှန်းပြီး အခြားနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့အကူအညီကို ရယူပြီး မိမိတို့စွမ်းအားနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ယနေ့တက်ရောက်လာတဲ့ ဧည့်သည်တော်များအနေနဲ့ မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ စစ်မှန်တဲ့ မျှော်လင့်ချက်တွေကို နားလည်အောင် ကြိုးစားကြမယ်လို့ မျှော်လင့်မိပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments: