Sunday, October 30, 2016

ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်

ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်

30 October 2016

ပြင်ဦးလွင်မြို့ ညံကွဲရပ် ရွှေမြင်တင် ဘုရားအနောက်ဘက်ရှိ ရွှေစင်မင်း သီလရှင်(အမျိုးသမီး) ပညာရေးကျောင်းရှိ သီလရှင်များနှင့် အမျိုးသမီးငယ်များ အလှူရှင်များအတွက် ဆုတောင်းပေးနေစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
ကျောင်းဝင်ပေါက်မုခ်ဦးမှ ၀င်လိုက်သည်နှင့် ကျောင်းဆောင်ကြီးများ ကြားရှိ လွင်ပြင် ကွက်လပ်တွင် ဟိုတစ်စု ဒီတစ်စုဖြင့် ထိုင်နေသည့် ကလေးငယ်များ၊ ဆော့ကစားနေသည့် ကလေးငယ်များကို မြင်တွေ့ရသည်။
ကျောင်းဝတ်စုံဖြစ်သော ရှပ်အင်္ကျီအဖြူ နှင့် အစိမ်းရောင်လုံချည်၊ ဒူးအောက်အထိ အရှည်ရှိသော ဘောင်းဘီတို အစိမ်းရောင်တို့ကို တွဲဖက်ဝတ်ဆင်ထားသည့် ဆင်တူဝတ်စုံလေးများကြောင့် ကျောင်းသားကလေးများဟု တပ်အပ်သိနိုင်သော်လည်း အားလုံးမှာ ကတုံးဆံပင်ပေါက်လေးများဖြင့် ရှိနေသောကြောင့် ရုတ်တရက် မြင်တွေ့လိုက်ရသည့် အခိုက် ကျား၊ မ မသဲကွဲပေ။

မြင်တွေ့ရသည့် ကလေးငယ်များ အားလုံးမှာ မူလတန်းအရွယ် ကလေးငယ်များသာဖြစ်ပြီး သက်တူရွယ်တူများအတိုင်း အရပ်အမောင်း အရွယ်အစား တူညီကြသော မိန်းကလေး ကလေးငယ်များသာ ဖြစ်သည်။
ဤကျောင်းဝင်းကလေးမှာ ပြင်ဦးလွင်မြို့ ညံကွဲရပ် ရွှေမြင်တင်ဘုရား အနောက်ဘက်ရှိ ရွှေစင်မင်း သီလရှင်သင်(အမျိုးသမီး) ပညာရေးကျောင်းဖြစ်ပြီး အမျိုးသမီးသီးသန့် လက်ခံသင်ကြားသည့် စာသင်ကျောင်းဖြစ်ကာ  အနီးအနားဝန်းကျင်မှ လာရောက် ပညာသင်ယူသည့် အမျိုးသမီးကျောင်းသားဦးရေ အနည်းငယ်မျှသာရှိပြီး အများစုမှာ ကျောင်းရှိ မိဘမဲ့ကလေးငယ် အမျိုးသမီးများသာ ဖြစ်ကြသည်။
အဆိုပါကျောင်းမှာ ပရဟိတ ၀န်ဆောင်မှု တာဝန်တစ်ရပ်အဖြစ် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများရှိ မိဘမဲ့အမျိုးသမီး ကလေးငယ်လေးများကို ခေါ်ယူစောင့်ရှောက် ပေးနေခြင်းဖြစ်ပြီး ကျောင်းတည်ထောင်စ အချိန်တွင် မိဘမဲ့ အမျိုးသမီးကလေးငယ် ၄၀ ခန့်သာရှိခဲ့ရာမှ ယခုအခါတွင် အရေအတွက် ရာချီရှိနေပြီဖြစ်သည်။

ထမင်းစားချိန် ရောက်သည့်အခါ ကျောင်းရှိဆရာ၊ ဆရာမများ၏ ဆော်သြမှုကြောင့် ကလေးငယ်များ အားလုံးမှာ ဆော့ကစားနေသည့် နေရာမှရပ်၊ ထိုင်နေသည့် နေရာမှထကာ လက်အုပ်ကလေးများချီ၍ အစီအရီ တန်းစီရင်း ထမင်းစားဆောင်သို့ ၀င်လာကြသည်။ ထမင်းစားဆောင်အတွင်း ချထားသည့် ထိုင်ခုံ တန်းလျားရှည်များတွင် နေရာယူ ပြင်ဆင်အပြီးတွင် သီလရှင် ဆရာလေးတစ်ပါးမှ ကလေးငယ်များအား “လက်အုပ်လေးတွေချီကြမယ်။ ဒီနေ့ ဆွမ်းအလှူ ရှင်တွေက ဟိုးအဝေးကြီး မင်းကွန်းဒေသကနေ လာပြီး ကုသိုလ်ပြုတာနော်။ အလှူရှင်တွေအတွက် ဆုတောင်းပေးရမယ်။ ဆွမ်းဓိဋ္ဌာန် ရမယ်။ အလှူရှင် လှူတဲ့ထမင်းကိုလည်း သေချာ သုံးဆောင်ရမယ်” ဟု ပြောပြီးချိန်၌ ထမင်းစားဆောင်အတွင်းရှိ ကလေးငယ်များထံမှ ဆုတောင်းသံတို့ သံပြိုင် ထွက်ပေါ်လာသည်။

“အရင်ကတော့ တစ်ခါတည်း ကျွေးလို့ရတယ်။ အခုကလူများလာပြီး အပြင်ကျောင်းတွေ သွားတက်ရတဲ့ ကလေးတွေလည်းရှိတော့ ထမင်းက နှစ်ခါခွဲကျွေးရတယ်” ဟု ထမင်းနှင့်ဟင်းများ ပြင်ဆင်ပေးနေသည့် ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
ရွှေစင်မင်း သီလရှင်သင်(အမျိုးသမီး) ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းစတင် တည်ထောင်စဉ်က မိဘမဲ့ သီလရှင်လေး ၄၀ ကျော်သာရှိခဲ့ရာမှ နောက်ပိုင်းနှစ်များတွင် တဖြည်းဖြည်း နယ်စပ်ဒေသများက တိုင်းရင်းသူကလေးငယ်များ ရောက်ရှိမှု ပိုမိုများပြားလာပြီး ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရ၊ သာသနာရေး ဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ကြောင်း၊ ကျောင်းတွင် အတန်းပညာအဖြစ် အခြေခံမူကြိုတန်းမှ သတ္တမတန်းအထိ သင်ကြားပေးကာ သတ္တမတန်း အောင်မြင်ပါက အစိုးရ အထက်တန်းကျောင်းများတွင် အပ်နှံသင်ကြားပေးသည်။
ကျောင်းသို့ ရောက်ရှိလာသည့် အမျိုးသမီး ကလေးငယ်အများစုမှာ နယ်မြေ မငြိမ်းချမ်းမှုများ ရှိသည့်ဒေသများဖြစ်၍ ကချင်၊ ရှမ်း၊ လားဟူ၊ လီဆူ၊ ပအို့ဝ်၊ ပလောင် စသည့် တိုင်းရင်းသူများ ဖြစ်သောကြောင့် စာသင်ကြားရာတွင် ဘာသာစကား ခက်ခဲမှုများလည်းရှိပြီး အတန်းပေါင်းစုံအတွက် သီလရှင် ဆရာလေးတချို့နှင့် ပြင်ပမှဆရာမ ၁၈ ဦးတို့  ပူးပေါင်း သင်ကြားပေးရကြောင်း ကျောင်းတွင် လက်ရှိ စောင့်ရှောက်မှုပေးထားသည့် မိဘမဲ့ ကလေးငယ် ၆၁၂ ဦးရှိသည်ဟု သိရသည်။
“ကလေးငယ်တွေကို လက်ခံတဲ့အခါတော့ စည်းကမ်းချက်တွေတော့ ရှိတာပေါ့။ အားလုံးက တကယ့်ကို အခက်အခဲတွေနဲ့။ ဒီလိုမှ မစောင့်ရှောက်ထားရင် သူတို့ ဘ၀လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အမှန်အမှား မသိတတ်သေးခင် အချိန်မှာ လမ်းမှား ရောက်သွားကြမှာလည်း မလိုလားဘူး။ ဒါကြောင့် ဆရာလေးတို့ ကိုယ်တိုင် ချွေတာစားပြီး ကျောင်းသူလေးတွေကို လက်ခံ ကျွေးမွေးစောင့်ရှောက်တယ်။ ဒီလောက်အထိ မဖြစ်လာခင်တုန်းက ဆိုရင် လောကဓံ အမျိုးမျိုးကိုလည်း ခံစားကျော်ဖြတ်ခဲ့ရတယ်။ ပိုက်ဆံဆိုတာ ဆရာလေးတို့ကျောင်းမှာ အပိုမရှိပါဘူး။ စက်ဝိုင်းလိုပဲ အမြဲလည်နေတယ်။ လူ ၆၀၀ ကျော် ၇၀၀ နီးပါး နေ့စဉ် စားဝတ်နေရေးအတွက် လောက်ငအောင် ချွေတာစီမံရတယ်။ အလှူ ရှင် မရှိတဲ့ရက်တွေဆိုရင် ကလေးတွေကိုလည်း ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် ကျွေးရတယ်။ အရင်နှစ်တွေကတော့ ထမင်းအလှူရှင်တွေ မပြတ်ရှိတော့ ခံသာသေးတယ်။ ဒီနှစ်ပိုင်းထဲမှာ အလှူရှင်တွေ သိပ်မလာတော့ဘူး။ ဆရာလေးတို့မှာ အခုနေရာထိုင်ခင်းအတွက် အလှူရှင်တွေရှိတော့ အဆောက်အအုံကြီးတွေနဲ့ အဆင်ပြေသလို ရှိနေပေမယ့် တကယ်တော့ “ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်” ဆိုသလိုပါပဲ။ ဒါကြောင့် တစ်နပ်စာမှ မဟုတ်ပါဘူး။ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေကို အလှူရှင်တွေအနေနဲ့ တတ်နိုင်သလောက် လာရောက် လှူဒါန်းနိုင်ပါတယ်” ဟု ကျောင်းအုပ်ချုပ်ရေးမှူး ဆရာလေးဖြစ်သည့် ဆရာလေး ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။
ကျောင်းတွင် မိဘမဲ့ အမျိုးသမီးကလေးငယ် တစ်နှစ်ထက်တစ်နှစ် များပြားလာကာ ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုဖြင့်သာ ရပ်တည်နေရပြီး အစိုးရ၏ အထောက်အပံ့ ရရှိခြင်း မရှိသေးကြောင်း သိရသည်။ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ကျောင်းတွင် အမြဲတမ်း စောင့်ရှောက်မှုပေးနိုင်သည့် ဆရာဝန်မရှိသေးဘဲ မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်း တစ်သင်းမှ ပရဟိတ ဆရာဝန်များ လစဉ် လာရောက်ကာ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသည်ဟု သိရသည်။
ပြင်ဦးလွင်တွင် ရွှေစင်မင်း အမျိုးသမီး မိဘမဲ့ကျောင်းကဲ့သို့ မိဘမဲ့ ကလေးငယ်များကို စောင့်ရှောက်ပေးသည့် ဒိုးပင်အမျိုးသား မိဘမဲ့ ကျောင်းလည်းရှိသေးသည်။ ထို့အတူ သုခမေတ္တာ မိဘမဲ့ကျောင်းတွင်လည်း စောင့်ရှောက်ထားသည့် ကလေးငယ်အများအပြား ရှိသည်။
မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် စာရင်းကောက်ယူကြည့်မည်ဆိုပါက မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်း အရေအတွက်မှာ ဆယ်ချီရှိလိမ့်မည်။ ကျောင်းများတွင် စောင့်ရှောက်ပေးထားသော ကျောင်းသားဦးရေကို သင်္ချာတွက်ကြည့်လျှင် ထွက်လာမည့်အဖြေက အံ့အားသင့်စရာ ကောင်းနေပေလိမ့်မည်။ ထိုကဲ့သို့ ကျောင်းများထဲတွင် ကလေးငယ်များအတွက် နေရေးထိုင်ရေး၊ စားသောက်ရေးအတွက် ပူပန်နေရသည့် ကျောင်းအရေအတွက် မည်မျှပင် ပါဝင်နေမည်နည်းဟု အတွေးများနေစဉ် ဆရာလေးက အလှူရှင်များကို နည်းများမဆို နောင်ဆက်ကာ လာရောက် လှူဒါန်းနိုင်ဖို့ ဖိတ်ကြားနေသည်ကို ကြားရသည့်အခါ အလှူရှင်များ ဆထက်ထမ်းပိုး လှူဒါန်းနိုင်၍ ကလေးငယ်များဘ၀ သာယာဖြောင့်ဖြူး နိုင်ကြပါစေဟု တောင်းဆုပြုမိသည်။
Writer: 
■ လဲ့လဲ့အောင်
 

No comments: