Monday, October 24, 2016

မင်းဆရာက တစ်ရာ နှစ်ရာ...

မင်းဆရာက တစ်ရာ နှစ်ရာ...

‘မွေးသန္ဓေသေမှ ပျောက်’ဆိုသည့် စကားကို ကြားဖူးကြလိမ့်မည်ထင်သည်။ သန္ဓေ၏ အဓိပ္ပာယ်ကို အခြေခံအားဖြင့် စွဲတည်ခြင်းဟု ဖွင့်ဆိုသည်။ သို့ဖြစ်၍ မွေးသန္ဓေ ကို မွေးဖွားကတည်းက အခြေခံ အားဖြင့် စွဲတည်ခြင်းဟု ဖွင့်ဆိုရ လိမ့်မည်။ လူတို့တွင် မွေးဖွားစဉ် မှစ၍ မိဘဆွေမျိုးနှင့် ပတ်ဝန်း ကျင်ကို အခြေခံပြီး စွဲလမ်းလာ သော အကျင့်တစ်ခုရှိတတ်၏။ ထိုစွဲမြဲနေသောအကျင့်မှာ ပျောက်ပျက်နိုင်ရန် ခက်ခဲသဖြင့် မွေးသန္ဓေသေမှ ပျောက်ဟုဆိုကြခြင်းဖြစ် သည်။
ယခုရက်ပိုင်းအတွင်း မြန်မာတို့ ဝမ်းတွင်း၌ တည်နေသော နိုင်ငံရေးသန္ဓေတစ်ခုကို သွားတွေ့မိသည်။ ထိုသန္ဓေကားကိုယ်နှင့် အယူအဆချင်းမတူ ကိုယ့်ရန်သူဆိုသော အလေ့နှင့်တက်လာသည့် အစိုးရ၏ အားနည်းချက်ကို ထောက်ကာ ဝေဖန် ပုတ်ခတ်လိုသည့် အကျင့်ပင်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အဆိုးမြင်ဝါဒ စွဲကပ်နေခြင်းပင်ဖြစ်၏။ ထိုသန္ဓေကို မွေးဖွားပေးသည့် အဓိကလက်သည်မှာ ခေတ်အဆက်ဆက်၏ အုပ်ချုပ်သူဆိုးနှင့် စနစ်ဆိုးများပင်ဖြစ်၏။ စနစ်ဆိုးကြောင့်ခေတ်ဆိုးကို ကြုံတွေ့ရပြီး ခေတ်ဆိုး၏ သားကောင်ဖြစ်ရသော ပြည်သူများသည် အစိုးရ (ဝါ)အုပ်ချုပ်သူများအပေါ် ယုံကြည်မှုအားနည်းနေလေ့ရှိသည်။
 အစိုးရအဆက်ဆက်က လည်း ပြည်သူကို ဖိနှိပ်ချုပ်ချယ် သည့်အပြင် တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် မပြုလုပ်နိုင်သည့်အခါ အစိုးရအပေါ် မယုံကြည် သည့် သန္ဓေမှာ တဖြည်းဖြည်းကြီး ထွားလာပြီး ယခုထိတိုင် စွဲကပ် နေခြင်းပင်ဖြစ်တော့သည်။
တစ်ရက် ဘတ်စ်ကားစီး သွားရင်း ယာဉ်ကြောပိတ်နေ သဖြင့် အချိန်ကြာမြင့်စွာ ကားရပ် နေရသည်။ ထိုစဉ် ကားစပယ်ယာ က လက်ပွေ့ရောင်းသူတစ်ဦးထံ မှ သတင်းစာတစ်စောင်ကို ဝယ် ယူပြီး မျက်နှာဖုံးသတင်းကိုဖတ် ကာ ‘‘မောင်တောမှာ ကုလားတွေ က ရဲတွေဝင်သတ်နေပါတယ်ဆို ခါမှ ဒေါ်အောင်ဆန်းစုကြည်က ကုလားပြည်သွားရတယ်’’လို့ဟု ဆိုလိုက်သည်။ ဘတ်စ်ကားစီးသူ များထံမှ သူ့စကားနှင့်ပတ်သက်၍ ဘာမှတ်ချက်မျှ ထွက်မလာ။ စာ ရေးသူကတော့ အင်န်အယ်လ်ဒီ ပါတီအောင်နိုင်ရေး ဗီဒီယိုရုပ်ရှင် ခွေထွက်စဉ်က ဘတ်စ်ကားပေါ် တွင် ယခုလို ကားပိတ်တုန်း ရုပ် ရှင်သရုပ်ဆောင်တွေ   ငြင်းကြခုံကြတာကို ပြန်သတိရမိသည်။ ကိုလူ မင်းသာ ကားပေါ်ပါလာလျှင် ‘‘မောင်တောမှာ အကြမ်းဖက်သူ တွေက ဘင်္ဂါလီတွေ ညီလေးရဲ့။ အခု အမေစုသွားတာက အိန္ဒိယ နိုင်ငံသားတွေနေတဲ့ အိန္ဒိယပြည် ကွဲ့’’ဟု ရှင်းလင်းပြမည်လားဟု တွေးမိသည်။
အစိုးရ၊ ဝန်ကြီး၊ ဝန်ကြီးချုပ် မှအစ လွှတ်တော်ကိုယ်စားလှယ် အထိ ကောင်းကောင်းမနေရ သော နေရာတစ်ခုလည်း ရှိသေး သည်။ အားလုံးသိသည့်အတိုင်း ဖေ့စ်ဘွတ်ခ်ဟူသော လူမှုကွန် ရက်စာမျက်နှာပင်ဖြစ်သည်။ သီတင်းကျွတ်ရက်က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်း ဂျော်နီနှင့် ကြံ့ခိုင်ရေးပါတီ ဗဟို ဦးဆောင်အဖွဲ့ဝင် ဦးဌေးဦးတို့ အ တူယှဉ်တွဲထိုင်ကာ ရယ်မောစကားပြောနေကြသည့်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တွေ့လိုက်ရသည်။ ဓာတ်ပုံ အောက်ရှိ မှတ်ချက်များတွင် ကား မန်းဂျော်နီကို ကြံ့ခိုင်ရေးပါတီနဲ့ တွဲရကောင်းလားဟု ပြောဆိုဝေ ဖန်သူများက မနည်းလှချေ။
ထိုပုံ၏ နောက်ကြောင်းကို လိုက်ကြည့်သောအခါ ဝန်ကြီး ချုပ်သည် ဟင်္သာတမြို့နယ် ယုံ သလင်းကျေးရွာတွင် ကျင်းပ သော လျှပ်စစ်မီးပေးသည့် ဖွင့်ပွဲ အခမ်းအနားသို့ လာရောက်ခြင်း ဖြစ်ကာ တစ်ဆက်တည်း နတ် မော်ကျေးရွာရှိ ရှင်သာလျောင်း ဘုရား၌ ကျင်းပသော ဆီမီးလေး ထောင်ပူဇော်ပွဲ အခမ်းအနားသို့ သွားရောက်ကြည်ညိုရင်း ဦးဌေး ဦးနှင့် စကားလက်ဆုံကျခြင်းဖြစ် ၏။ ပါတီချင်းတွေ့ဆုံကာ အစည်းအဝေးလုပ်နေခြင်းမဟုတ်။ ဦးဌေးဦးမှာလည်း ဘုရားဂေါပကအဖွဲ့မှ ဖိတ်ကြားထား၍သာ ရောက်ရှိနေ ခြင်းဖြစ်မည်ထင်၏။
အကယ်၍ ပါတီခေါင်း ဆောင်ချင်း တွေ့ဆုံကာ ဒေသ အကျိုး ညှိနှိုင်းတိုင်ပင်နေလျှင် လည်း ဝေဖန်စရာအကြောင်းမရှိ။ ရွေးကောက်ပွဲအောင်နိုင်ရေး ပြု လုပ်စဉ်က ပါတီချင်းယှဉ်ပြိုင်နေ သည့်ကာလဖြစ်၍ မပူးပေါင်းနိုင် သည်က ဓမ္မတာဖြစ်၍ ကိစ္စမရှိ။ ယခု ရွေးကောက်ပွဲပြီး အတန်ကြာသည့်တိုင် မင်းပါတီလုပ်သည့်အ လုပ်မှာ တို့မပါ၊ မင်းတို့ပါတီပါ လျှင် တို့မလုပ်ဟူလျှင် တိုင်းပြည်ဖွံ့ဖြိုးရေး တုံ့နှေးမည့်အပြင် ဒီမိုကရေစီလည်း အမြစ်တွယ်မည် မဟုတ်ပေ။ မည်သည့်ပါတီမဆို သဘောရိုးနှင့် တိုင်းပြည်အကျိုး ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အာဏာရအစိုးရက လက်ခံရမည်သာဖြစ်၏။ အကျိုးမဲ့ ဝေဖန်ပုတ် ခတ်စရာ အကြောင်းမရှိသင့်ပါ။
ယခုတော့ တိုင်းပြည်တွင် ထစ်ခနဲဖြစ်သည်နှင့် ဘယ်လိုလုပ် သင့်သည်၊ ဘယ်လိုမလုပ်သင့်ဟူ သော ဝေဖန်မှုတွေက လူမှုကွန် ရက်ပေါ်တွင် တက်လာသည်။ အချို့က စေတနာပါသော်လည်း အများစုက အစိုးရအပေါ် ကဲ့ရဲ့ ရှုတ်ချလိုသောသဘောဖြင့် ရေး သားဝေဖန်နေကြသည်။ ကိုဖီအာ နန်ကော်မရှင်ကိစ္စဆိုလည်း ဝင်ပါ လိုက်သည်။ ပြီးတော့ ကချင်စစ်ပွဲ ကိစ္စရောက်သွားပြန်၏။ မောင် တောကိစ္စ ဖြစ်ပြန်တော့ ရခိုင်ပြန် လာလိုက်သည်။ နောက် ချင်း တွင်းမြစ်ထဲက အောင်စိုးမိုးကျော် သင်္ဘောနစ်သည့်ကိစ္စ ရောက် သွားသည်။ ကြားထဲတွင် လွှတ် တော်အမတ်တည်းခိုခန်းတည်း သည့်ကိစ္စ ကြားဖြတ်ဝင်ဆွဲသေး သည်။ အားမရသည့်အဆုံး သမ္မတ၏ ကျေးဇူးတင်လွှာတွင် အစည်း အဝေးဆုံးဖြတ်ချက်အရတို့၊ သဒ္ဒါ မှားနေသည်တို့ကအစ မချန် လက်ထဲ မီဒီယာကိုယ်ပိုင်ရှိသလို စွတ်တင်နေကြသည်။
ထိုသို့ဆိုလျှင် အစိုးရမှား တာ၊ လွှတ်တော်အမတ်မှားတာ၊ ဝန်ကြီးချုပ်မှားတာ မပြောရ၊ မဆို ရဘူးလားလို့ စာရေးသူအား ပြန် မေးကြလိမ့်မည်။ ပါလီမန်ဒီမိုက ရေစီခေတ်က ဝန်ကြီးချုပ် ဦးနုက ‘‘ခင်ဗျားတို့ သတင်းစာတွေက ကျုပ်တို့ မကောင်းကြောင်းပဲ ရေး နေကြတယ်။ ကောင်းကြောင်းကျ တစ်ခါမှ မရေးဘူး’’ဟုဆိုရာ ထွန်း နေ့စဉ်သတင်းစာမှ ဦးထွန်းဖေက ‘‘အစိုးရဆိုတာ ကောင်းအောင် လုပ်ရမယ့် တာဝန်ရှိပါတယ်။ အစိုးရမကောင်းတာကို ရေးရမယ့်တာဝန်ကတော့ သတင်းစာ တာဝန်’’ဟု ပြန်လည်ချေပခဲ့ဖူးပါ သည်။ ထို့အတူ ပြည်သူများတွင် လည်း အစိုးရမကောင်းတာကို ဝေဖန်ထောက်ပြရန် တာဝန်ရှိပါ သည်။ သို့သော် ကြောင်းကျိုးဆက်စပ်မှုရှိစွာ ဝေဖန်သင့်ပါသည်။
မောင်တောအကြမ်းဖက်မှု ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်က ဘင်္ဂါလီများအ ပေါ် ရှုတ်ချမပြောဆို၍ဟုဆိုကာ ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။ အကယ်၍ အစောပိုင်းကသာ ဘင်္ဂါလီအား လုံးကိုရော၍ အကြမ်းဖက်သမား ဟု ကြေညာချက်ထုတ်လျှင် မွတ် စလင်နိုင်ငံအသိုင်းအဝိုင်းက လူ နည်းစုကို နှိပ်ကွပ်သည်ဟု အသံ ထွက်လာနိုင်သည်။ ဇာစ်မြစ်ကို အချိန်ယူသုံးသပ်ပြီးမှ ဘယ်လို ဘင်္ဂါလီလူမျိုးက အကြမ်းဖက် သည်ဟု တိကျစွာထုတ်ပြန်သော အခါ အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံ များကပါ အစိုးရ၏ လုပ်ဆောင် ချက်ကို ထောက်ခံလာကြသည်။
စာရေးသူအပါအဝင် ပြည် သူအားလုံးသည် ခေတ်ဆိုး၊ စနစ် ဆိုးတွင် ကြီးပြင်းခဲ့ကြ၍ ယခုလို ပြည်သူ့ဆန္ဒနှင့် တင်မြှောက်ထား သည့် အစိုးရလက်ထက်တွင် ကောင်းတာတွေမြင်၊ ကောင်းတာ တွေကြားချင်ပြီး အစိုးရအနေနှင့် လည်း ကောင်းတာတွေကို မြန် မြန်လုပ်ပေးစေလိုသည့် ဆန္ဒဇော  တွေရှိနေသည်။ ထိုဆန္ဒဖြင့် အစိုး ရ၏ လုပ်ဆောင်ချက်များကို အား မလိုအားမရဖြစ်သည့်အခါလည်း ဖြစ်မည်ဖြစ်သည်။
မကြာမီက MNTV ချန်နယ် တွင် ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်နှင့် အင်တာဗျူးကို အပိုင်း လေးပိုင်းခွဲကာ ထုတ်လွှင့်သွားခဲ့ သည်။ ဝန်ကြီးချုပ်က ယာဉ်ကြော ပိတ်ဆို့မှုကိစ္စ၊ အိမ်ရာကိစ္စ၊ မြို့ သစ်ကိစ္စ၊ စက်မှုဇုန်ကိစ္စ၊ ကျူး ကျော်ကိစ္စများကို ဖြေကြားသွား ပြီး နောက်ဆုံးတွင် အင်တာဗျူး သူက ဝန်ကြီးချုပ်အနေနဲ့ ပြည်သူ ကို ဘာစကားပါးချင်ဘာသလဲဟု ပြောရာ ဝန်ကြီးချုပ်က အထက်ပါ ကိစ္စများကို စီမံကိန်းချဆောင်ရွက်နေပါကြောင်း၊ ထို့အတွက် ခဏ တော့ စောင့်စေချင်ပါကြောင်း၊ ပြည်သူစောင့်နေသည့်အချိန်မှာ အစိုးရက အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်နေမှာဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ပေါင်း ၆၀ လုံးလုံး ပျက် စီးယိုယွင်းခဲ့သော တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန်မှာ ပြည်သူအားလုံး ခဏတော့စောင့် ရန်လိုပါသည်။ ဘဲအုပ်က တစ် ရာ၊ နှစ်ရာ မဗေဒါက တစ်ပင် တည်းဆိုသလို မင်းဆရာတွေ လုပ်ကာ ဝေဖန်ပုတ်ခတ်နေရုံမျှ ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာ မည်မဟုတ်ပါ။ ဇွန်ပန်းရုံအနီး နွံထဲ ၌ လှည်းဘီးကျွံနေ၍ ကုန်းပေါ်သို့ အားလုံးတွန်းတင်ခဲ့ကြပြီးဖြစ်၏။ လိုရာပန်းတိုင်ရောက်ရန် လှည်း ကို ဆက်တွန်းကြရပါဦးမည်။ ပြိုင်တူတွန်းလျှင် ပန်းတိုင်ရောက်မည်ဖြစ်ပါ၏။ ။

http://www.7daydaily.com/story/78888

No comments: