Saturday, October 15, 2016

အမေစုပြောတဲ့ သီတင်းကျွတ်အမှတ်တရ

16 . 10 . 2016
ကျွန်မတို့ ကလေးဘ၀က သီတင်းကျွတ်တွေ အကြောင်း စဉ်းစားမိပါတယ်။ နံပါတ်တစ် အရေးကြီးဆုံးကတော့ မီးပုံးလေးတွေ ထွန်းရတဲ့ ကိစ္စပါပဲ။ ရောင်စုံမီးပုံးလေးတွေအထဲက ဖယောင်းတိုင်ကလေးတွေ မီးညှိလိုက်တော့ ဖြာထွက်လာတဲ့ အလင်းရဲ့အလှ စိတ်ထဲမှာ စွဲနေတာ ယခုအသက်ကြီးထိတိုင်အောင် ဘယ်လို ဇာတ်မျိုးကမှ ယှဉ်နိုင်စွမ်းမရှိတဲ့ အလှမျိုးလို့ ခံစားနေရပါတယ်။ ဒုတိယ အရေးကြီးဆုံးကိစ္စကတော့ လူကြီးတွေကို လိုက်ကန်တော့ ရတာ၊ ကန်တော့တာကြောင့် ဆုရတာ၊ မေမေ့ကို လာကန်တော့ကြတဲ့အခါ မုန့်တွေ ပါလာတာတွေပါပဲ။ အဲဒီတုန်းက မုန့်တွေ သိပ်မစုံပါဘူး။ ‘ပလိန်းကိတ်’ (အများသဖြင့် ရှာမီး၊ ဆန်းကဖီးတို့ကပါပဲ)၊ ‘အဆော့စ်တစ်ကိတ်’ (မျိုးစုံကိတ်အသေးလေးတွေ) နဲ့ ‘ပတ်တီး’ အသားမုန့် လေးတွေပါပဲ။ အခုခေတ်ကလေးတွေက ဒါလောက်များတော့ ပျင်းသေးတယ်ပေါ့။ ကျွန်မတို့ အတွက်ကတော့ ပျော်စရာကြီးပါ။ တတိယအားဖြင့် အရေးကြီးတာကတော့ မီးပန်းလေးတွေ ဝှေ့ယမ်းပြီးမီးပွင့်လေးတွေ တောက်ပမြူးနေတာကို ရှုမငြီး ကြည့်ရတာပါပဲ။ အကိုတွေကတော့ ဗျောက်အိုးကို မီးပန်း နည်းတူ သဘောကျကြပါတယ်။ မီးပန်းထက်တောင် ကြိုက်ကြလားမသိပါဘူး။ ကျွန်မကတော့ မနှစ်သက်ပါ။
ယခု အသက်ကြီးလာတဲ့ အခါမှာလည်း ဗျောက်အိုးတွေကို (ဆိုလိုတာက) ဗျောက်အိုးသံတွေကို မနှစ်သက် ပါဘူး။ အထူးသဖြင့် ကျွန်မခွေးလေးတိုင်ချီတိုကြောင့် ပိုမိုလို့တောင် မနှစ်သက်ပါဘူး။ ခွေးအတော် များများနည်းတူ တိုင်ချီတို ငယ်ငယ်တုန်းက ဗျောက်အိုးသံဆို အင်မတန်ကြောက်ပါတယ်။ သီတင်းကျွတ် လအတွင်းမှာ မွေးလာတဲ့ တိုင်ချီတို ပထမဦးဆုံး အကြိမ် တစ်နှစ်သားလေးအနေနဲ့ ဗျောက်အိုးသံတွေ ကြားတော့ နေစရာမရှိအောင်ကို တုန်လှုပ်နေပါတယ်။ ပြေးမိပြေးရာပြေးပြီး ရေမြောင်းထဲ သွားပုန်းနေလို့ အတော့ကို ရှာယူရပါတယ်။ အခန်းထဲ ခေါ်ပြီး ဖက်ထားတာတောင် တုန်နေတာပဲ။ တစ်နှစ်နဲ့ တစ်နှစ်ကြီး လာတာနဲ့အမျှ ကြောက်စိတ်က လျော့သွားပြီး ဗျောက်အိုးသံကြားရင် ပုန်းတာ၊ တုန်တာမရှိတော့ဘဲ စိတ်ဆိုးဆိုးနဲ့ ဟောင်တဲ့ အဆင့်ရောက်လာပါတယ်။
ဒီနှစ် သီတင်းကျွတ်အကြိုရက်တွေမှာ ဗျောက်အိုးသံ တစ်ချက်တစ်ချက်ကြားရတဲ့အခါ တိုင်ချီတို ပြန်ဟောင် ပေမယ့်၊ သိပ်ဂရုမစိုက်တော့ပါဘူး။ ဒါပေမဲ့ သီတင်းကျွတ် လပြည့်နေ့ကျတော့ ဒီလို မဟုတ်တော့ဘူး။ ဗျောက်အိုးထက် ပိုပြီး အသံကျယ်တဲ့ မီးရှူး၊ မီးပန်းတွေ ဆက်တိုက် လွှတ်ကြတာနဲ့ အသံတွေဟာ မပြတ်ထွက်ပေါ် လာတော့တာပဲ။ (ပြောရင်းဆိုရင်း အခုပဲ လပြည့်ကျော် ၃ရက်ညမှာတောင် ဒီအသံတွေ ထွက်လာနေသေးတယ်။) ကြာတော့ လူများထက် အကြားအာရုံ ပိုမိုကောင်းတဲ့ ခွေးနားရွက်အတွက် အတော့်ကို ခံရခက်လာမှာပဲ။ တိုင်ချီတို စိတ်ညစ်လာပါတော့တယ်။ အိပ်ချိန်ရောက်လို့ ၁၀နာရီ ကျော်တဲ့တိုင် တဒိန်းဒိန်း၊ တဒိုင်းဒိုင်းနဲ့ မရပ်မနား၊ မီးရှူးမီးပန်းသံတွေ ထွက်လာနေတော့ ကျွန်မလည်း စိတ်ညစ်လာတယ်။ ၁၀နာရီ၊ ၁၁နာရီ ၁၂နာရီ နောက်ဆုံး မီးရှူး၊ မီးပန်းတွေ နံနက် အရုဏ်တက်ခါနီး ၃နာရီ ကျော်မှပဲ တိတ်သွားပါတော့တယ်။ တိုင်ချီတိုနဲ့ ကျွန်မ ၂ယောက်လုံး ကောင်းကောင်း ကို အိပ်လို့ မရပါဘူး။
နောက်နေ့ နံနက် အခြားသူတွေကို မေးကြည့်တော့ အားလုံးအတွက် အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပါပဲ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညမှာလည်း အသံတွေဟာ ည ၁၂နာရီကျော်အထိ မတိတ်ပါဘူး။ အဲဒီအချိန်လောက်မှာ မိုးရွာလို့ ကျွန်မတို့ ဘက်မှာတော့ တိတ်သွားပါတယ်။ ဗျောက်အိုးမဖောက်ရလို့ အစိုးရက အမိန့်ထုတ် ထားတာကို ဘယ်သူကမှ မမှုတာလား၊ မီးရှူး၊ မီးပန်း လွှတ်တဲ့ အသံမို့ “ဗျောက်အိုး မဖောက်ရ” အမိန့်နဲ့ အကျုံးမ၀င်တာလား၊ ဒီမီးရှူးမီးပန်းတွေ ဟာ အင်မတန်မှ ဈေးကြီးတယ်လို့လည်း သိရပါတယ်။ ဒီလောက်သိန်းနဲ့ချီပြီး မီးရှူး၊ မီးပန်းတွေ ဘယ်သူတွေများ လွှတ်နိုင်ပါလိမ့်။ အချို့နေရာတွေမှာ လမ်းပေါ်ကိုတက်ပြီး လွှတ်ကြတယ်ပြောပါတယ်။ ဒါတွေဟာဖြင့် ဖြစ်သင့်ပါရဲ့လား။
နေ့ကြီးရက်ကြီး အချို့ထုံးတမ်းစဉ်လာအရ ပွဲတွေ ဆင်နွှဲတဲ့အခါ တီးကြ၊ မှုတ်ကြ၊ ဆိုကြ၊ ကကြ၊ ဗျောက်အိုးဖောက်ကြနဲ့ အသံတွေ ဆူညံတာဟာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင် အတွက်လည်း စဉ်းစား ဖို့လိုပါတယ်။ နာမကျန်းဖြစ်နေသူတွေ၊ လန့်ပြီး အိပ်မရတဲ့ ကလေးငယ်တွေ အတွက်ဘယ်လောက် အနေရခက်လိမ့်မလဲ။ ကျန်းမာနေတဲ့ သူတွေထဲမှာလည်း အကြောင်းကြောင့်နောက်တစ်နေ့ စောစော အလုပ်သွားရမည့်သူတွေလည်း သက်သာမှာ မဟုတ်ပါဘူး။ နိုင်ငံကြီး အတော်များများမှာဆိုရင် အများကို အနှောင့်အယှက် ဖြစ်စေမယ့် အသံတွေကို ဘယ်နှစ်နာရီ အထိသာ ပြုလုပ်နိုင်သည် ဆိုတဲ့ စည်းမျဉ်း ဥပဒေတွေ ရှိပါတယ်။ အများအားဖြင့်တော့ သာမာန်နေ့များမှာ ည၁၁နာရီ လောက်ထိပဲ ခွင့်ပြုထားပြီး၊ နေ့ကြီးရက်ကြီးတွေမှာတော့ ဒီထက် ကြာကြာခွင့်ပြုပါတယ်။ ဒါတောင် ပတ်ဝန်းကျင်က မကျေနပ်ရင် ရဲကိုတိုင်နိုင်ပါတယ်။ အများနဲ့ အတူနေရတဲ့ လောကကြီးမှာ ပတ်ဝန်းကျင်အတွက်စဉ်းစားတတ်တဲ့ အလေ့အကျင့်ကတော့ လိုအပ်ပါတယ်။
အောင်ဆန်းစုကြည်

 

No comments: