Sunday, October 23, 2016

မြန်မာပြည်အတွင်းနိုင်ငံခြားရင်းနှီး မြှပ်နှံမှုတွေဝင်လာနိုင်ရန် အစိုးရအနေနဲပြင်ဆင်ထားရမဲ့ Macro စီးပွားရေးမူဝါဒများဟာ ဘာတွေလဲ။့

17.10 2016
တခြားတိုင်းပြည်သို့ ရင်းနှီးမြှပ်နှံတော့မဲ့
ကုမ္ပတွေဟာ အရင်ဆုံး စီးပွားရေးနဲ့
ပတ်သက်တဲ့ ပိုင်းခြားသုံးသပ်မှုတွေ
လုပ်ကြတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့
အန္တရယ်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့
အန္တရယ်၊ စီးပွားပြိုင်ဘက်တွေရဲ့
အားနဲချက် အားသာချက်၊
ကိုယ့်ကုမ္ပဏီရဲ့ အားနည်းချက်
အားသာချက် စသဖြင့်တွေကို
ပိုင်းခြားသုံးသပ်ကြတယ်။
ဒီနေရာမှာ issues ခေါင်းစဉ်
အချက်အလက်တွေအနေနဲ့
ထိုတိုင်းပြည်က နိုင်ငံရေး
တည်ငြိမ်မှုရှိလား၊ အစိုးရကိုင်ထားတဲ့
Fiscal ပေါ်လစီနဲ့ ပတ်သက်ပြီး
Tax စနစ်ကို ရင်းနှီးမြှပ်နှံသူတွေကို
ဘယ်လို လုပ်ချင်လာအောင်
တွန်းအားပေးသလဲ၊ ဗဟိုဘဏ်က ကိုင်ထားတဲ့ Monetary policy ဖြစ်တဲ့
ဘဏ်တိုးနှုန်း (Interest rate)၊
ငွေကြေးဖောင်းပွမှု (Inflation rate)၊
ငွေလဲနှုန်း (Exchange rate) တွေဟာ
ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေအတွက်
အပြုသဘောဆောင် တွန်းအားပေးနေ
သလား၊
ပြီးတော့ ဝန်ကြီးဋ္ဌာနတွေ
ရဲ့ Industry policy, Trade policy
တွေကရော အခွင့်အလန်းနဲ့
ကိုက်တွယ်မှုတွေကို တည်ငြိမ်စွာ
ထိန်းကြောင်းပေးနိုင်လား၊ စီးပွားရေး
လုပ်ကိုင်နိုင်ဘို့ အတွက် အခြေခံ
အဆောက်အအုံ Infrastructure
ဖြစ်တဲ့ လမ်းပန်းဆက်ရေး၊ လျှပ်စစ်
အင်နဂျီ ၊ ရေ ၊ လူ့စွမ်းအားအရင်း
အမြစ်တို့ရဲ့ အရည်အသွေးနဲ့ ကုန်ထုတ်
လုပ်မှုအတွက် ကုန်ကျစရိတ် နှုန်းထား
စသဖြင့်တို့ကို ပထမဦးစွာ
တွက်ချက်ကြတယ်။

သေချာတဲ့ အချက်တခုက နိုင်ငံခြား
ရင်းနှီးမြှပ်နှံမှုဆိုတာ ရေရှည်စီမံကိန်း
ဖြစ်ပြီး အခုဝင် အခုပြန်ထွက်လို့
မရဘူး၊ ဒါကြောင့် ဝင်ပြီးပြီဆိုရင်
အနဲဆုံး ရှစ်နှစ်နဲ့ ဆယ်နှစ်လောက်
လုပ်ကိုင်နိုင်ရလိမ့်မယ်၊ နိုင်ငံခြားရင်း
နှီးမြှပ်နှံမှု မပြောနဲ့ တည်ငြိမ်ပြီးသား
တိုင်းပြည်တခုမှာ လုပ်ငန်းတခု
စတင်လုပ်ကိုင်ရင် သုံးနှစ်လောက် မပြုတ်ဘဲ ရှင်သန်နိုင်ဘို့ အချိန်ယူရတယ်။
သုံးနှစ်အတွင်းမှာ မပြုတ်ဘူးဆိုရင်
ဒီလုပ်ငန်းဟာ ရေရှည် ရှင်သန်
တိုးတက်နိုင်မယ်။

အထက်မှာ ပြောခဲ့တဲ့ အချက်တွေထဲက
ဗဟိုဘဏ်ကိုင်ထားတဲ့ အတိုးနှုန်း၊
ငွေကြေးဖောင်းပွမှုနဲ့ ငွေလဲနှုန်းတို့ကို
ထုတ်ယူပြီးဆွေးနွေးမယ်။

အတိုးနှုန်းဟာ ဗဟိုဘဏ်အနေနဲ့
တိုင်းပြည်ရဲ့ စီးပွားရေးစနစ်ထဲမှာ
ငွေကြေး လည်ပတ်စီးမျောမှုကို
ထိန်းချုပ်တဲ့
ကရိယာဖြစ်တယ်။ အတိုးနှုန်းကို
မြှင့်တင်ထားရင် တိုင်းပြည်စီးပွားရေးထဲမှာ
လည်ပတ်နေတဲ့ ငွေကြေးစီးဆင်းမှု ပမာဏ အနဲအများကို ဟန့်တား
ချုံ့ယူလိုက်တဲ့အတွက် ငွေကြေးပမာဏ
အနဲငယ်သာ စီးဆင်းနိုင်ပြီး
ငွေကြေး ရှာဖွေဘို့ ပိုပြီးခက်ခဲလာတယ်။
ရင်းနှီးမြှပ်နှံဘို့အတွက် လိုအပ်တဲ့ငွေကြေး
ရယူမှု ပိုပြီးဈေးကြီးလာတယ်၊ ဘဏ်တွေမှာလည်း ငွေကြေးပမာဏ နဲသွားခြင်းကြောင့် အသေးစားလုပ်ငန်းရှင်များကို
မချေးပေးနိုင်တော့ဘူး၊ စီးပွားရေး
တိုးတက်မှု အရှိန်ကိုပါ ဘရိတ်အုပ်
လိုက်သလို ဖြစ်သွားတယ်။
အကယ်၍
တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှု
အရှိန်ရလာပြီး မရှေးမနှောင်းမှာ
စီးပွားရေးကောင်းမှုကြောင့်
အလုပ်ရှင်ရော အလုပ်သမားပါ
ဝင်ငွေတွေကောင်းလာတော့
ပုံမှန်လိုအပ်ချက်ဖြစ်တဲ့
စားဝတ်နေရေးအပြင် အပိုတွေကိုပါ
ဖြုန်းတီးလာပြီး ဝယ်လိုအား
အရမ်းများလာခြင်းကြောင့်
ရောင်းလိုအားမှာနဲလာသဖြင့်
Demand နဲ့ Supply မမျှတခြင်းကြောင့်
ကုန်ဈေးနှုန်းမြင့်တက်ခြင်းကိုသာ
တွန်းအားပေးသလို ဖြစ်ရတယ်၊
ဒါကြောင့် ငွေကြေးဖောင်းပွမှု
Inflation နဲ့ ကြုံရတော့တယ်။
ငွေကြေးဖောင်းပွမှုကို လျှော့ကျစေရန်
ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို
မြင့်တင်ခြင်းဖြင့်
ထိန်းချုပ်မောင်းနှင်ခြင်းဖြစ်တယ်၊
ဆိုလိုတာက စီးပွားရေး အားကောင်းလာလို့ ငွေကြေး
ဖောင်းပွမှုကို ထိန်းချုပ်ရန်
အတိုးနှုန်းမြင့်တင်ရခြင်း
ဖြစ်တယ်။
အကယ်၍ စီးပွားရေးမတိုးတက်ဘဲ၊
အောက်ခြေပြည်သူအများစုက
ဝင်ငွေကောင်းကောင်း မရှိဘဲနဲ့
ကုန်ဈေးနှုန်းမြင့်တက်ပြီး
ငွေကြေးဖောင်းပွနေခြင်းဟာ
ပုံမှန်မဟုတ်ဘဲ စီးပွားရေး
စနစ်ထဲမှာ တခုခုက ကြီးကြီးမားမား
လွဲမှားနေပြီဆိုတာ သေချာနေပြီ၊
ဒီလွဲမှားချက်ကြီးကို အစိုးရနဲ့
ဗဟိုဘဏ်တို့ ရှာဖွေဖော်ထုပ်ပြီး
မူဝါဒ ပြုပြင်မှုကို လုပ်ရလိမ့်မယ်။

စီးပွားရေး အားကောင်းလာအောင်
တွန်းအားပေးနိုင်ဘို့အတွက် စနစ်ထဲမှာ ငွေကြေးပမာဏ များများစီးဆင်းနိုင်ဘို့
လိုအပ်တယ်။ အသေးစားလုပ်ငန်းရှင်
များများ လုပ်ငန်းတွေကို
လုပ်ကိုင်နိုင်ဘို့
လိုအပ်တယ်။ ရင်းနှီးဘို့ လိုအပ်တဲ့
အရင်းအနှီးကို အတိုးနှုန်းသက်သာစွာနဲ့
ချေးယူ လုပ်ကိုင်နိုင်ဘို့လိုအပ်တယ်။
ဒီအခြေအနေတွေကို အပြုသဘောဆောင်
အားပေးရန်အတွက် ဗဟိုဘဏ်က
အတိုးနှုန်း မလွဲမသွေ လျှော့ချပေးဘို့
လိုအပ်တယ်။

ငွေကြေးဖောင်းပွမှုက
ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲ။
လုပ်ငန်းရှင်အားလုံးဟာ
ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု
တို့ရဲ့ ကုန်ကျစရိတ်ကို
တွက်ချက်ရတယ်၊ အနဲဆုံးရေတို
စီမံကိန်းကို တွက်ချက်ရပြီး
ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့
ကုန်ကြမ်းနဲ့ ဝန်ဆောင်မှု စရတ်တို့ကို
တွက်ချက်ရာတွင် တည်ငြိမ်ပြီး မမြင့်တဲ့
ငွေကြေးဖောင်းပွမှု လိုအပ်တယ်၊
ဒါမှ အနာဂတ် ခြောက်လမှ
နှစ်နှစ်လောက်အတွင်း သူတို့ရဲ့
ကုန်ကျစရတ်ကို တွက်ချက်နိုင်လိမ့်မယ်၊
မဟုတ်ရင်တော့ ငွေကြေးဖောင်းပွမှု
မတည်ငြမ်တဲ့အတွက် အနာဂတ်မှာ
ကုန်ကြမ်းစရိတ် ဘယ်လောက်တက်မှာကို
မတွက်ချက်နိုင်တော့ဘဲ စိုးရိမ်ပူပန်မှု
တွေနဲ့ဘဲ အလုပ်လုပ်ကြရမှာဖြစ်လို့
စီးပွားရေး အခြေနေက ကျီးလန့်စာစား
ကြုံနေရပြီး တိုးတက်မှုကို အနှောက်
အယှက်ပေးသလို ဖြစ်နေတယ်၊
ထပ်လောင်းပြီးလည်း ငွေကြေး
ဖောင်းပွမှု စိတ္တဇက လုပ်ငန်းရှင်
အားလုံးမှာ ရောဂါတခုလို
စွဲကပ်လာပြီး အန္တရယ်ကို
ကာမိစေရန်အတွက်
ဈေးတင်ဘို့ဘဲ စဉ်းစားနေလေတော့
ငွေကြေးဖောင်းပွမှုက မလိုအပ်ဘဲ
နှစ်ပြန်လောက် မြင့်တက်နေလိမ့်မယ်။

ဒါကြောင့် စီးပွားရေးတိုးတက်အောင်
မူဝါဒ ဆွဲရာတွင် ငွေကြေးဖောင်းပွမှုကို
တည်ငြိမ်အောင်နဲ့ နှုန်းထားဟာ
5% အောက်မှာရောက်နေရန်
ထိန်းချုပ်နိုင်ဘို့
အစိုးရရော ဗဟိုဘဏ်မှာ အရည်အချင်း
ရှိတဲ့ တာဝန်ယူမှု လုံးဝ ရှိရလိမ့်မယ်။
တိုးတက်ပြီးသားတိုင်းပြည်တွေမှာ
ငွေကြေးဖောင်းပွမှု (Inflation) ဟာ
2% နဲ့ 3% ကြားမှာ ရအောင်
ထိန်းကြရတယ်။

ငွေလဲနှုန်းကရော ဘယ်လို
အကျိုးသက်ရောက်မှု ရှိလဲ။
တိုင်းပြည်ရဲ့စီးပွားရေး လုပ်ငန်းဟာ
သွင်းကုန် ထုတ်ကုန် ဖြစ်လာတယ်။
စီးပွားရေးတိုးတက်ဘို့အတွက်
ပြည်တွင်း ထုတ်ကုန်များကို
ပြည်တွင်းမှာ စားသုံးပြီး အပိုကို အသားတင် များများ
အနေနဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ဘို့
အရေးကြီးတယ်။ ထုတ်ကုန်ပမာဏဟာ
သွင်းကုန်ပမာဏထက် ပိုများဘို့
လိုအပ်တယ်၊ ဒါမှ တိုင်းပြည်အတွက်
အမြတ်အစွန်းရရှိမယ်။
ဒီနေရာမှာ ငွေလဲနှုန်းက တည်ငြမ်ဘို့နဲ့
ပြည်တွင်းငွေတန်ဘိုး လျှောချထားဘို့
လိုအပ်တယ်။
အကြောင်းက ပြည်တွင်းငွေတန်ဘိုး
ချထားတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
ကုန်ကျစရိတ် သက်သာပြီး
ထုတ်ကုန်ဈေးနှုန်းလည်း
သက်သာစေတဲ့အတွက် နိုင်ငံခြားသို့
ထုတ်ကုန်များများ တင်ပို့မှုနိုင်မှုအတွက်
အခွင့်အလန်းကို ဖန်တီးပေးသလို
ဖြစ်တယ်။ အနဲဆုံး အာစီယံ တိုင်းပြည်
များနဲ့ ယှဉ်လျှင် ကုန်ပစ္စည်းချင်း
တူတာတောင် ကိုယ့်ပစ္စည်းက သူများ
ထက်ဈေးသက်သာမှ နိုင်ငံခြား
ဈေးကွက်မှာ အပြိုင်အဆိုင်နဲ့
ရောင်းချနိုင်မယ်။ ပြီးတော့ ငွေလဲနှုန်းကို
ငြိမ်နေအောင်ထိန်းထားနိုင်ရမယ်။
အကြောင်းက နိုင်ငံခြားပို့ကုန်အားလုံး
ဟာ ငွေလဲနှုန်းမှာ မူတည်နေတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေအတွက်
လာမဲ့ ခြောက်လ တနှစ်အတွင်း
မှာ သူလက်ခံ ရရှိမဲ့ ငွေပမာဏ
ဘယ်လောက်ဆိုတာ ငွေလဲနှုန်း
တည်ငြိမ်မှာပေါ်မှာ တွက်ချက်နိုင်
လိမ့်မယ်။ ငွေလဲနှုန်း
အတက်အကျကြောင့် ထုတ်ကုန်
လုပ်ငန်းရှင်တွေ အရှုံးပေါ်နိုင်တယ်။
ဒါကို စီးပွားရေး ဝေါဟာရအရ
ငွေလဲနှုန်း အန္တရယ်
(Exchange Rate Risk) လိုခေါ်တယ်။
ဒါကြောင့်ငွေလဲ့နှုန်းကို လှျော့ချပြီး
တည်ငြိမ်အောင် ထိန်းထားနိုင်ဘို့
ဗဟိုဘဏ်မှာ အရည်အချင်းရှိရလိမ်မယ်။

မြန်မာပြည်မှာ ဗဟိုဘဏ်က
ချ မှတ်ထားတဲ့ ဘဏ်တိုးနှုန်းဟာ
10% ဖြစ်လို့ တော်တော်များတယ်လို့
ပြောရမယ်။ ငွေကြေးလည်ပတ်မှုကို
ချုပ်ထားသလို ဖြစ်နေပြီး
ဘဏ်တွေအနေနဲ့ အသေးစားလုပ်ငန်း
ရှင်တွေကို မချေးပေးနိုင်ဘူး။
ငွေအရင်းနှီးရဲ့ စရိတ်ကလည်းကြီးနေတယ်။
နိုင်ငံခြားမှ ရင်နှီးမြှပ်နှံသူတွေရဲ့
ရည်ရွယ်ချက်ကိုလည်း
ဆန့်ကျင်နေသလိုဖြစ်နေတယ်။
ဗဟိုဘဏ်အနေနဲ့ ဘယ်လို
အခြေနေဘဲဖြစ်ဖြစ် အတိုးနှုန်းကို
အနဲဆုံး 6% သို့ လျှောချပေးရလိမ့်မယ်။

လက်ရှိမြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှု
(Inflation)က 13% လောက်ရှိတယ်။
ဒီနှုန်းနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို
ဘယ်လိုမှ စွဲဆောင်နိုင်မှာ မဟုတ်ဘူး။
စီးပွားရေး နဲ့ ကုန်ထုတ်လုပ်မှု မတိုးတက်ဘဲ
Inflation များနေခြင်းဟာ တနေရာမှာ
အလွဲကြီး တခုရှိနေတာကို ဖော်ပြနေလို့
ရှာဖွေပြီး မူဝါဒကို ပြောင်းလဲ
ချမှတ်ရလိမ်မယ်။ Inflation ကို
အနဲဆုံး 5% အောက်မှာ တည်ငြမ်
အောင် ထိန်းချုပ်နိုင်ရလိမ့်မယ်။
မဟုတ်ရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို
မစွဲဆောင်နိုင်ဘူး။

ငွေလဲနှုန်းနဲ့ ပတ်သက်ရင် လက်ရှိငွေလဲနှုန်းက US တစ်ဒေါ်လာကို
ကျပ်ငွေ 1200 ကျော်လောက်ရှိတယ်။
IMF ရဲ့ frame-work နဲ့ 2012 ခုနှစ်မှာစပြီး
တစ်ဒေါ်လာကို 650 ကျပ်လောက်နဲ့
လွှတ်ပေးလိုက်ရာ လေးနှစ်အတွင်း
နှစ်ဆလောက် ကျပ်ငွေတန်ဘိုး
ကျဆင်းသွားခဲ့ပြီ။ ဒါကတော့
ကောင်းတဲ့အချက်ဘဲ။
ကျပ်ငွေတန်ဘိုးဟာ
လက်ရှိနှုန်းထားထက်တော့ ပြန်တက်ဘို့
မဖြစ်နိုင်တော့ဘူး ထပ်ကျဘို့သာရှိတယ်။
ဗဟိုဘဏ်အနေနဲ့ ထပ်ကျတဲ့ နှုန်းထား
တခုမှာ တည်ငြိမ်အောင် ထိန်းနိုင်ရလိမ့်မယ်၊ မဟုတ်ရင်တော့
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အတွက်
စွဲဆောင်နိုင်မှာ မဟုတ်ဘူး။

အထက်ပါ ဘဏ်တိုးနှုန်း၊ ငွေဖောင်းပွမှု
နဲ့ ငွေလဲနှုန်းတိုကို ဥပမာ တခုအနေနဲ့
နှိုင်းယှဉ်ကြည့်နိုင်ရန်အတွက်
တရုတ်ပြည်ကို အထက်ပါ သုံးခုနဲ့
ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
အတွက် ဘယ်လို ပြင်ဆင် ထိန်းချုပ်နိုင်
ခဲ့လည်းဆိုတာ ကြည့်မယ်ဆိုရင်..
ပူးတွဲပါ ဓာတ်ပုံ ဂရပ်ဖ်များကို
ကြည့်နိုင်တယ်။

တရုတ်ပြည်ရဲ့ ဘဏ်တိုးနှုန်းဟာ ခုနှစ်
2000 မှ 2016 အတွင်း 6% နဲ့ နိုင်ငံခြား
ရင်းနှီးမြှပ်နှံမှုရော ငွေကြေးလည်ပတ်မှုကို
အားကောင်းအောင် တွန်းအားပေးနိုင်ခဲ့တယ်။ လက်ရှိ
4% ကျော်ရုံလေးဘဲရှိတယ်။ 1996 ခုနှစ်တွင် အတိုးနှုန်း 10% ရှိခဲ့ပြီး
လေးနှစ်အတွင်း ခုနှစ် 2000မှာ
6%သို့ လျှော့ချ ပေးခဲတယ်။ အတိုးနှုန်း
6% ကို ဆယ်ခြောက်နှစ်ကြာ
ထိန်းထားခဲ့တယ်။ ဒီအချက်က
တရုတ်ပြည် စီးပွားရေးကို တိုးတက်စေခဲ့တယ်။

တရုတ်ပြည်ရဲ့ ငွေကြေးဖောင်းပွမှု
Inflation ကို 1995 ခုနှစ်မှစ၍
ယနေ့အချိန်ထိ နှုန်းထား 5%
အောက်မှာ တည်ငြမ်အောင်
ထိန်းထားနိုင်ခဲ့တယ်။

ငွေလဲနှုန်းကိုလည်း 1994 ခုနျိစ်မှ
စပြီး 2005 ခုနှစ်အထိ US
တစ်ဒေါ်လာကို 8 ယွန်နဲ့ 11 နှစ်ကြာ
ထိန်းထားနိုင်ခဲ့တယ်။
အထက်ပါ အခြေနေများဟာ
တရုတ်ပြည်သို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
များကို စွဲဆောင်စေခဲပြီး စီးပွားရေး
တိုးတက်အောင် ပြင်ဆင် ထိန်ချုပ်ခဲ့သော
မူဝါဒများဖြစ်တယ်။
 
 

အနှစ်ချုပ်ဆိုသော်
မြန်မာပြည်သို့ နိုင်ငံခြားရင်းနှီး
မြှပ်နှံမှုများ ဝင်ရောက်လာနိုင်ရန်နှင့်
စီးပွားရေး တိုးတက်လာအောင်
အတိုးနှုန်းကို 6% အထိ အနဲဆုံး
လျှော့ချ ပြင်ဆင်ဘို့ လိုအပ်တယ်။
Inflation ကိုလည်း 5% အောက်အထိရောက်အောင်
ပြင်ဆင်ထားဘို့ လိုအပ်တယ်။
ငွေလဲနှုန်းကိုလည်း လက်ရှိနှုန်းထားထက်
အနဲငယ်ထပ်ချ၍ တည်ငြိမ်အောင်
ထိန်းထားနိုင်ဘို့ လိုအပ်ကြောင်း
တင်ပြလိုက်ပါတယ်။

 

No comments: