Wednesday, October 19, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တွေ့ဆုံပြီး နားလည်မှုစာချွန်လွှာ MoU သုံးခု ရေးထိုး

19.10.2016
 

အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့သည် အောက်တိုဘာ ၁၉ ရက်တွင် နယူးဒေလီမြို့ရှိ Hyderabad House ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့သည် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အလေးအနက်ထား ဆွေးနွေးခဲ့ကြသလို နားလည်မှုစာချွန်လွှာ MoU သုံးခုကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်းလည်း အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vikas Swarup ၎င်း၏ တွစ်တာတွင် “အိန္ဒိယနှင့် မြန်မာခေါင်းဆောင်နှစ်ဦးသည် စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း ကဏ္ဍများတွင် သဘောတူစာချုပ်များ လက်မှတ်ထိုးလဲလှယ်ရာ၌ သက်သေခံခဲ့ကြသည်’’ဟု ဖော်ပြခဲ့သည်။
အိန္ဒိယ Newkerala သတင်းဌာန၏ ဖော်ပြချက်အရ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး MoU ၊ အိန္ဒိယဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း မြှင့်တင်ရေး MoU နှင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် သင်ကြားရေးနှင့် ပရော်ဖက်ရှင်နယ် အဆောက်အအုံ အစီအစဉ် ရေးဆွဲရေး MoU တို့ကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
တွေဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ‘‘ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နှင့် မိတ်ဆွေနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်ပေါင်တန်း ရပ်တည်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေ အောင်မြင်မှုရဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်’’ဟု ပြောကြားသည်။
ထို့ပြင် အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ဒုတိယနေအိမ်မှ ကြိုဆိုပါကြောင်း (အိန္ဒိယနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကို ရည်ညွှန်း) နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခွင့်ရတာဟာ အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ရပ် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အကူအညီပေးမှုကို တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်ဟု the hindu businessline သတင်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံကို အစဉ် လေးစားမှုရှိကြောင်း၊ ကျွန်မတို့နှစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိကြောင်း၊ ကျွန်မတို့ ဘာတွေ လုပ်နိုင်ခဲ့သည်ဆိုခြင်းကို အချိန်က သက်သေ ပြမည်ဖြစ်ကြောင်းလည်း ၎င်း၏ပြောကြားမှုတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၁၈ ရက်တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက နယူးဒေလီမြို့ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် တရားဝင်အခမ်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် ဂူဗိမ္မာန်သို့ သွားရောက်ပြီး ပန်းခွေချ ဂါရ၀ပြုခဲ့ပြီး Rajghat Samdhi Committee ဖြစ်သူ Mr. Ranjnish Kumar မှ ဒေါ်အောင်ဆန်းစုကြည်ကို မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် စာအုပ်နှင့် မဟတ္တမဂန္ဒီ ပုံတူရုပ်တုအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် ၁၁ နာရီတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှာမာဆွာရာ့ရ်နှင့် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံသမ္မတ ပရာနာ့ဘ်မူကာဂျီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၇ ရက်က အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဒီနှင့်လည်း ဒေလီမြို့ရှိ နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဂိုအာမြို့ကို အောက်တိုဘာ ၁၆ ရက်က ရောက်ရှိခဲ့ပြီး ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး (BIMSTEC Retreat) ကို တက်ရောက်ခဲ့သည်။
Writer:
ငြိမ်းကို

============
Eleven Media Group
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သဘောတူညီမှုတွေအကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို အိန္ဒိယ ဝန်ကြီးချုပ်ကလည်း စွမ်းအင်နဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ မြန်မာဘက်ကို အကူအညီပေးမယ်လို့ ပြောခဲ့ပါတယ်။
BBC ဘီဘီစီမြန်မာပိုင်း...

No comments: