Monday, October 24, 2016

ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားသော ကြောင့် ၀ တပ်ဖွဲ့ အနေဖြင့် မိုင်းလားနယ်မြေမှ ပြန်လည်ဆုတ်ခွာရန်လိုဟု မိုင်းလား NDAA တာဝန်ရှိသူဆို

ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားသော ကြောင့် ၀ တပ်ဖွဲ့ အနေဖြင့် မိုင်းလားနယ်မြေမှ ပြန်လည်ဆုတ်ခွာရန်လိုဟု မိုင်းလား NDAA တာဝန်ရှိသူဆို
Monday, October 24, 2016
 
UWSA ၀ တပ်ဖွဲ့အနေဖြင့် မိုင်းလားနယ်မြေတွင် ၀င်ရောက် အခြေချနေခြင်း မှာ ဒေသတည်ငြိမ်မှု ပျက်ပြားစေနိုင်သည့် အတွက် ၀ တပ်ဖွဲ့အနေဖြင့် မိုင်းလားနယ်မြေမှ ပြန်လည်ဆုတ်ခွာပေးရန် လိုအပ်ကြောင်း NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က The Ladies News သို့ ပြောသည်။
“ကျွန်တော်တို့ မိုင်းလား နယ်မြေက ၀ နယ်မြေ မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဘာသာ တစ်သက်လုံး ဒီအတိုင်းနေလာတယ်။ အခု အစိုးရသစ် လက်ထက်မှာမှ ကျွန်တော်တို့နယ်မြေထဲကို တပ်တွေ အလုံးအရင်းနဲ့ ၀င်လာတော့ ဒေသတွင်း တည်ငြိမ်မှုတွေပါ ပျက်ကုန်တဲ့အပြင် တပ်မတော်ကပါ ကျွန်တော်တို့ နယ်မြေနားကို ရောက်လာတယ်။ ၀ တပ်ဖွဲ့က ကျွန်တော်တို့ နယ်မြေထဲ က ပြန်ဆုတ်သွားဖို့လိုတယ်” ဟု မိုင်းလားအဖွဲ့မှ ဦးကြည်မြင့် က အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် The Ladies News သို့ ပြောသည်။
မိုင်းလားအဖွဲ့မှ ၂၁ ရာစု ပင်လုံညီလာခံတွင် နယ်မြေ သတ်မှတ်ပေးပါ က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးမည်ဟု ကြေညာ ခဲ့ပြီးနောက် အိမ်နီးချင်း မဟာမိတ်ဖြစ်ခဲ့သည့် UWSA ၀ တပ်ဖွဲ့မှ မိုင်းလားနယ်မြေအတွင်း အဓိကကျသည့် စခန်းများကို ၀င်ရောက် သိမ်းပိုက်မှုများ ရှိခဲ့သည်။
ယခင်က အားလုံး ပါဝင်ရေးမူပေါ်တွင် နှစ်ဖွဲ့စလုံးက အခြေခံခဲ့သော်လည်း အန်အယ်လ်ဒီ အစိုးရ တက်လာပြီးနောက် မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းမှာ နေပြည်တော်သို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့ပြီး ၀ မှာ ၂၁ ပင်လုံတက်သော်လည်း အဆင့်နိမ့် ကိုယ်စားလှယ်များသာ စေလွှတ်ခဲ့ကာ ညီလာခံမပြီးဆုံးခင် ပြန်လည် ထွက်ခွာမှုများလည်း ပေါ်ပေါက်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် မိုင်းလား ဒေသရှိ အဓိကကျသည့် မိုင်းလားအဖွဲ့၏ စခန်းများကို ၀ တပ်ဖွဲ့မှ ၀င်ရောက်စီးနင်း သိမ်းပိုက်မှုများ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့က ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် မိုင်းလားဒေသရှိ လွယ်ကျူဆိုင် ၊ လွယ်ဆမ်ဆုံ နှင့် မိုင်းမတပ်စခန်းများ အပေါ် တပ်မတော်မှ လေယာဉ်နှစ်စီးပျံဝဲခဲ့ကြောင့် သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြပြီး မိုင်းလားနယ်စပ်အနီး တပ်မတော်မှ စစ်အင်အားတိုးချဲ့ နေရာချထားမှုများလည်း ရှိနေသည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြသည်။
မိုင်းလားနယ်မြေရှိ ၀ တပ်ဖွဲ့များ ဆုတ်ခွာရန် တပ်မတော်က ညွှန်ကြား ထားသည်ဟု သျှမ်းသံတော်ဆင့်က ဖော်ပြသော်လည်း မိုင်းလားအဖွဲ့ကိုမူ တပ်မတော်မှ တိုက်ရိုက်ညွှန်ကြားခြင်း မရှိကြောင်း ဦးကြည်မြင့်က ဆိုသည်။
“တပ်မတော်က ကျွန်တော်တို့ကို တိုက်ရိုက် ညွှန်ကြားတာတော့ မရှိဘူး။ ဒါပေမဲ့ သတင်းတွေမှာ ဖော်ပြနေသလို မိုင်းလား ၊ ကျိုင်းတုံလမ်းကြောင်း ၊ မိုင်းခတ် ၊ မိုင်းယန်း ကားလမ်းနှင့် မဲခေါင်မြစ်အနီး မိုင်းယုမိုင်းယောင်း ဘက်ကိုလည်း လမ်းတွေ ပိတ်လိုက်တာတော့ ဟုတ်ပါတယ်။ ဒေသတွင်းမှာ လူတွေ ကြောက်လန့်ကုန်ပြီ” ဟု ဦးကြည်မြင့်က အတည်ပြုပြောဆိုသည်။
သျှမ်းသံတော်ဆင့် သတင်းဖော်ပြချက်တွင်မူ ၀ တပ်ဖွဲ့အနေဖြင့် ဆုတ်ခွာမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ တရုတ်မြန်မာ နယ်စပ်ရှိ မိုင်းလားနယ်မြေမှာ ရှမ်း ၊ အခါ ၊ လွယ် စသည့် တိုင်းရင်းသားများ အဓိကနေထိုင်ရာ ဒေသဖြစ်သော် လည်း ဒေသခံအများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်နေသောကြောင့် အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုသည်မှာ မဖြစ်နိုင်သဖြင့် ၂၁ ပင်လုံတွင် မိုင်းလားအဖွဲ့ တာဝန်ရှိသူများမှာ အခါနာမည်ဖြင့် ဒေသတောင်းဆိုခြင်း မရှိတော့ပေ။
ဝ တပ်ဖွဲ့အနေဖြင့် မိုင်းလားနယ်မြေတွင် ၀င်ရောက် နေရာယူနေခြင်းမှာ စစ်ရေးစီးပွားရေးအရ အရေးပါသည့် နယ်မြေဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဟောင်းများကလည်း သုံးသပ်မှုများ ရှိနေသည်။
“အခု အခြေနေက အန်စီအေ ဆိုတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် စာချုပ်ဆိုတာ ပေါ်လာပြီး နောက်မှပဲ ရှမ်း RCSS/SSA နဲ့ တအာင်းပလောင် အဖွဲ့တွေ တိုက်ခိုက်မှုဖြစ်လာတယ်။ နောက် ၀ နဲ့ မိုင်းလား ဆိုတာကလည်း တစ်သက်လုံ မဟာမိတ်အဖွဲ့တွေပဲ ။ အခု အန်စီအေ ကိစ္စပေါ်လာမှ ဒီလိုကိစ္စတွေ ဖြစ်လာတယ်။ တိုင်းရင်းသား အချင်းချင်း မတူညီတဲ့ ချဉ်းကပ်မှုတွေကနေ တစ်ဖက်က သွေးခွဲတဲ့ Divide and Rule ဆိုတာတွေ ဖြစ်မလာစေဖို့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း အမြင်ကျယ်ကျယ်နဲ့ သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်” ဟု ရှမ်းပြည်နယ်ရှိ အဓိက နိုင်ငံရေးပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ပြောခွင့်ရ ဦးစိုင်းလိတ်က မှတ်ချက်ပြု ပြောဆိုသည်။
The Ladies News

No comments: