Monday, November 7, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ သ၀ဏ်လွှာ ပေးပို့

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ သ၀ဏ်လွှာ ပေးပို့Monday, November 7, 2016
 
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား -
ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့် အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ယနေ့ချိန်ခါသည် ကရင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားသည့် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ကရင်ပြည်နယ်နေ့ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်ပြည်နယ်နေ့တွင် ကရင်ပြည်နယ်၌ နေ ထိုင်ကြသည့် ကရင် တိုင်းရင်းသားများ၊ နိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင် လျက်ရှိသော ကရင်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ ပါစေ ကြောင်း ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်၊ တိုင်းများဖွဲ့စည်း တည်ထောင်ရာတွင် ကရင် လူမျိုးများ နေထိုင်သော ဒေသများကို ကရင် ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစား လာကြပြီး ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
၁၉၅၂ ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေအရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်မြို့နယ်တို့ကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခဲ့ပါသည်။ ၎င်းနောက် ၁၉၆ဝ ပြည့်နှစ် မတ်လ ၁ ရက်နေ့ တွင် မြဝတီကို မြို့နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်ကို ဘားအံ မြို့နယ်၊ ဖာပွန်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သံတောင်မြို့နယ်၊ ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီ မြို့နယ်ဟူ၍ မြို့နယ်ပေါင်း ခုနစ်မြို့နယ်ဖြင့် အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထိုကဲ့သို့ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ၁၉၅၁ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသော နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်နေ့ အခမ်းအနား ကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၁) နှစ် မြောက်ခဲ့ပြီ ဖြစ်ပါ သည်။
သမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုလျှင် ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယနှင့်ပဋိပက္ခများ နှစ်ရှည်ကြာစွာဖြစ်ပေါ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများ ထက် နောက်ကျခဲ့ရပါသည်။ ထို့ကြောင့် မိမိတို့အစိုးရသစ် အနေဖြင့် တိုင်းရင်း သားပြည်သူများ မျှော်လင့်တောင့်တခဲ့ရသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို စတင်အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းကို ကာလရှည်ကြာစွာဖြတ်သန်းခဲ့ကြ ရပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ယုံကြည်မှု အားနည်းခဲ့ကြပြီး လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာခဲ့ရသည့်အတွက် ကရင်ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက်မှု အားနည်းခဲ့ရပါသည်။ စစ်ဘေးစစ် ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံး ခဲ့ရသော ဆုံးရှုံးမှုများသာမက နှစ်ပေါင်းများစွာ အတွင်း မျိုးဆက်အလိုက် လူငယ်များ၏အနာဂတ်များ ဆုံးရှုံးခဲ့ရသည်မှာ ပိုမို၍ပင် ဝမ်းနည်းဖွယ်ရာ အတိ ဖြစ်ခဲ့ရပါသည်။ ယနေ့အချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လာခြင်းကြောင့် ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ရရှိ ခံစားနေကြရပြီဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များလည်း ရရှိနေပြီဖြစ်ပါသည်။
တစ်ချိန်က တိုက်ပွဲများဖြင့် ယမ်းငွေ့ဝေခဲ့သော ကရင်ပြည်နယ်သည် မကြာခင်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည်ဖြစ် ရာ ရှေ့ကို မျှော်ကြည့်လျှင် အမှန်ပင် အားတက်ဝမ်းမြောက် ရပါသည်။ များမကြာခင် ကာလများအတွင်း ကရင်ပြည်နယ်၌ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ် ယူမိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင် ဖော်ဆောင်နိုင်ရေးသည် အထူးအရေးကြီးလှပါသည်။ ပြည်ထောင်စု၏ နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာသော နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် မိမိတို့အားလုံး မျှော်မှန်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူဝါဒများ ထွက်ပေါ်လာမည်ဟု အခိုင်အမာယုံကြည်ထားပါသည်။ ငြိမ်းချမ်းရေးခရီးလမ်းကို သတ္တိရှိရှိ၊ အမြော်အမြင် ပြည့်ပြည့်ဝဝဖြင့် လျှောက်လှမ်းခဲ့ကြသော ကရင်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် ရှေ့သို့ဆက်၍လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးရေး တို့တွင် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင် ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့လိုက်ပါသည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်ဟု သိရသည်။
The Ladies News

No comments: