Thursday, November 24, 2016

ရန်ကုန်တက္ကသိုလ်နဲ့ တွဲနေတဲ့ အမျိုးသားအောင်ပွဲနေ

ရန်ကုန်တက္ကသိုလ်နဲ့ တွဲနေတဲ့ အမျိုးသားအောင်ပွဲနေ
|| လှမျိုးထွန်း ||
 
24 November 2016
 
၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက် ကျောင်းထွက်လာသော ကောလိပ် ကျောင်းသားတွေကစပြီး ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းကို စာမျက်နှာ သစ်ဖွင့်ခဲ့သည်ဟု ပြော ရမည်။ မြန်မာ တစ်နိုင်ငံလုံး အင်္ဂလိပ် ကိုလိုနီအဖြစ် အလုံးစုံ ကျရောက်ခဲ့သည့် ၁၈၈၅ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်း နှစ်ပေါင်း ၃၅ နှစ် အကြာ လူငယ်လူရွယ်တွေချည်း သီးသန့် နှလုံးရည်တိုက်ပွဲဝင် သော ကျောင်း သားအရေး လှုပ်ရှားမှုဖြစ်သည်။ အစိုးရမဆိုထားနှင့် အစိုးရအရာထမ်း၊ အမှုထမ်းကိုပင် လက်အုပ်ချီကာ ဘုရားထူးတတ်ကြသော ပဒေသရာဇ် အရှိန် အဟုန် မကုန်နိုင်သေးသော မြန်မာလူမျိုးများ အတွက် ကောလိပ်ကျောင်း သားများက ရှေးဦးသူရဲကောင်းပင် ဖြစ်သည်။
အနောက်တိုင်းပုံစံ ပညာရေးစနစ်တွင် တက္ကသိုလ်ကျောင်းသည် အဆင့် အမြင့်ဆုံးပညာ သင်ကြားပေးရာ နေရာဖြစ်သည်။ ကမ္ဘာတစ်ဝက်ကျော် သိမ်းပိုက်ထားသော ဗြိတိသျှအင်ပါယာအတွက် ဗျူရိုကရက် အမှုထမ်းကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့ တက္ကသိုလ် ပညာရေးက အရေးကြီးသည်။ ကျယ်ပြန့် သော အင်ပါယာကြီးတွင် နေရာတိုင်း အင်္ဂလိပ်အရာရှိ၊ အရာထမ်းတွေ ခန့်ထားအုပ်ချုပ်ဖို့ မလွယ်။ ဒါကြောင့် တိုင်းရင်းသား ဗျူရိုကရက်များ၏ ပူးပေါင်းမှုကို မဖြစ်မနေ လိုအပ်ခြင်းဖြစ် သည်။ တက္ကသိုလ် ပညာရေးကနေ တစ်ဆင့် အုပ်ချုပ်ရေးဆိုင်ရာအတတ် ပညာများကို ထပ်မံသင်ကြားကာ India Civil Service (ICS) "ပြည်သူ့ ဝန်ထမ်း" တွေ မွေးရသည်။ ဒေသခံ တက္ကသိုလ်များက ကိုလိုနီနိုင်ငံ သားတွေထဲက အကောင်းဆုံး ဦးနှောက်များကို အတော် ဆုံးဖြစ်အောင် လေ့ကျင့်သင်ကြားပေးသော နေရာလည်း ဖြစ်သည်။
ကျောင်းသား သပိတ်နှင့် ရန်ကုန်တက္ကသိုလ် ဥပဒေက ခွဲခြားလို့မရအောင် ပူးတွဲလျက်သား သမိုင်းအဖြစ်အပျက် တစ်စုံဖြစ်သည်။ ၁၉၂၀ ခုနှစ် တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက် ပြီးဖြစ်သော်လည်း သီးခြားနိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခြင်းမခံရသေး။ အိန္ဒိယနိုင်ငံ၏ လက်အောက်ခံ ပြည် နယ်တစ်ခု အဆင့်၌သာ ရှိနေသေးသော အချိန်ဖြစ်သည်။ အင်္ဂလိပ်တို့ သီပေါမင်းကို ဖမ်းဆီးပြီး တစ်နိုင်ငံလုံး ကို ထိန်းချုပ်နိုင်ခဲ့သော နှစ်မတိုင်မီ ၁၈၈၄-၈၅ ပညာသင်နှစ်ကစ၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ်ကို ဖွဲ့စည်းကာ ရန်ကုန် ကောလိပ်ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ကောလိပ်ကျောင်း အဆောက်အအုံ သီးသန့်မရှိသေးဘဲ ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်ဆေးရာ အစိုးရ အထက်တန်းကျောင်း ယခုခေတ် လသာအထက်တန်းကျောင်း အမှတ် (၁) ၌ ပင် ဖြစ် သည်။ နောက်ပိုင်းမှ ရန်ကုန်ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင် နေရာတွင် ရန်ကုန်ကောလိပ် အဆောက်အအုံများကို ဆောက်လုပ် ပေးခဲ့သည်။ သို့သော် ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ကောလိပ်အဖြစ်သာ နှစ်ပေါင်း များစွာ သည်အတိုင်း ရပ်တည်ခဲ့ရသည်။ ထိုအချိန်မှစ၍ အဆင့်မြင့်ပညာရေး စနစ်၏ သင်္ကေတဖြစ်သော ယူနီဗာစီတီခေါ် တက္ကသိုလ် ကျောင်းတော်ကြီး တစ်ခုကို ရန်ကုန်မြို့တွင် သီးခြားလွတ်လပ်စွာ တည်ထောင် ခွင့်ရဖို့ အစဉ်တစိုက် တောင်းဆိုလာခဲ့ရာ ၁၉၂၀ ပြည့်နှစ် ရောက်မှ အကောင်အထည်ပေါ်သည်။
မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်တက္ကသိုလ် တစ်ခုကို ဥပဒေဖြင့် သာမက မြေနေရာကိုပါ သတ် မှတ်ပေးခဲ့တာ ဝမ်းသာစရာပင် ဖြစ်သည်။ ကမာရွတ်ရွာ အနီးတောအုပ်ကြီးကို ခုတ်ထွင်ရှင်းလင်းပြီး လမ်းတွေ ဖောက် ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ စီမံကြသည်။ ပညာမြတ်နိုးသူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံအဖြစ် ၁၉၃၀ ပြည့်နှစ်ရောက်မှ မြန်မာနိုင်ငံ ဥပဒေဖြင့် တိတိကျကျ သတ်မှတ်ခံရသော်လည်း ရန်ကုန်တက္ကသိုလ်က ၁၅ နှစ်စောကာ အိန္ဒိယတက္ကသိုလ် လက်အောက်ခံ ဘဝကနေ လွတ်မြောက်ခဲ့သည်။ သို့သော် အမြင်ကျယ်သော မြန်မာပညာတတ်များနှင့် လူကြီးများက ဝမ်းမသာနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် တင်းကျပ် ချုပ်ချယ်လွန်းသော ရန်ကုန်တက္ကသိုလ် ဥပဒေပါ အချက်အလက် များကြောင့် ဖြစ်သည်။
အင်္ဂလိပ်အစိုးရက မပေးချင်သော အရာတစ်ခုကို အကောင်အထည်ဖော်ဖို့ အလွန်နှေးကွေး လွန်းသည်ဟု ဆိုရမည်။ ၁၉၁၈ ခုနှစ်ကတည်း ပညာမင်းကြီးမာ့ခ်ဟန်းတား ခေါင်းဆောင်သောအဖွဲ့က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို ရေးဆွဲခဲ့ရာ ၁၉၂၀ စက်တင်ဘာလရောက် မှ မြန်မာနိုင်ငံ ဥပဒေပြု ကောင်စီက အတည်ပြုသည်။ နောက်ဆုံး အဆင့်အဖြစ် ယင်းနှစ် အောက်တိုဘာ ၂၄ တွင် အိန္ဒိယဘုရင်ခံ ချုပ်ထံ အတည်ပြုချက် တောင်းရပြန်သည်။ ဘုရင်ခံချုပ်၏ အတည်ပြုချက်ဖြင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင်မှ စတင်အသက်ဝင်သည်။ တရားဝင် အခမ်းအနားဖြင့် ရန်ကုန်တွင် ဖွင့်လှစ်မည့်ရက်က ဒီဇင်ဘာ ၇ ရက် အဂါင်္နေ့ဖြစ်သည်။
အင်္ဂလိပ်တို့၏ မူလရည်ရွယ်ချက်အတိုင်း ဗျူရိုကရက် အရာရှိလောင်းတွေ ဖြစ်အောင် မွေးမြူရာ၌ ဝိဇ္ဇာပညာရပ်များကိုသာ ဖိအားပေး သင်ကြားစေပြီး အင်ဂျင်နီယာ၊ ဆေးပညာစသော သိပံ္ပပညာ ရပ်များ နောက်ချန်ထားသည်။ ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရဖို့အတွက် အင်္ဂလိပ်စာနှင့် အခြားဘာသာတစ်ခု ထူးချွန်မှ ဖြစ်မည်ဟု သတ်မှတ်ထားသဖြင့် မြန်မာလူမျိုးများအတွက် တက္ကသိုလ်ပညာရေးနှင့် အလှမ်းဝေးအောင် ဖန်တီးထားသလို ဖြစ်နေသည်။
ကျောင်းအိပ်ကျောင်းစား အဆောင်နေ ကျောင်းသားဖြစ်မှ ရန်ကုန်တက္ကသိုလ် တက်ခွင့်ရမည့် အချက်ကလည်း အကန့်အသတ် တစ်ခုဖြစ်သည်။ နှုတ်ဖြေ စာမေးပွဲ အပါအဝင် စာသင်နှစ်တစ်ခုလုံး အတွက် တစ်ကြိမ်တည်းသာ စစ်ဆေးခြင်း၊ ဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဇာတန်းအတွက် အလွန်တင်းကျပ်စွာ ကန့်သတ်ထားခြင်း၊ တက္ကသိုလ် ရောက်ပြီးမှ အကြိုတန်းတစ်နှစ် ထပ်တက်ခိုင်းခြင်း၊ ရန်ကုန်တက္ကသိုလ် စာမေးပွဲကို ပြင်ပကနေ ဝင်ရောက်ဖြေဆိုခွင့် မပြုတော့ခြင်း စသော စည်းကမ်းသစ်များနှင့် သတ်မှတ်ချက်များက ဘီအေနှင့် ဘီအယ်တန်း ကျောင်းသားကြီးများအတွက် စိတ်မချမ်းသာ ဖြစ်ရသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေအရ ယခင်ရှိပြီးသား ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် နှစ်ခုစလုံး တက္ကသိုလ် တစ်ခုတည်း၏ အုပ်ချုပ်မှုအောက် ရောက်ခဲ့ရသည်။ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အသက်ဝင်ခဲ့ပြီ ဖြစ်သည်။ လူမှုရေး အသင်းအဖွဲ့တွေနှင့် သတင်းစာတွေက ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် အိန္ဒိယဘုရင်ခံချုပ် ကိုယ်တိုင်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ခြင်းဖြစ် ၍ ကောလိပ်ကျောင်းသားတွေ ပြင်ပကို အားကိုး၍ မရတော့မှန်း သိလာသည်။
သည်တော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှ ဖြစ်တော့မည်ဟု လက်တွေ့ကျကျ ဆုံးဖြတ်ကာ မတူညီ သည့် ကောလိပ်ကျောင်း နှစ်ကျောင်း က ကျောင်းသားကြီး ၁၁ ဦး ဒီဇင်ဘာ ၃ ရက်နေ့ ရွှေတိဂုံဘုရား စနေထောင့်တွင် တွေ့ဆုံဆွေးနွေးပြီး "အစိုးရက ဘယ်နိုင်ငံရေးသမား၊ ဘယ်အဖွဲ့အစည်းကိုမှ ဂရုစိုက်တာ မဟုတ်၊ ဥပဒေကို အတည်ပြုလိုက်ပြီ၊ ငါတို့ဟာ ကျောင်းသားကြီးတွေ ဖြစ်တယ်၊ မကြာခင်ကျောင်းပြီး အလုပ် ရတော့မှာမို့ ဒီဥပဒေနဲ့ လွတ်ကင်းတယ်၊ ဒါပေမဲ့ နောင်လာမယ့် ကျောင်း သားတွေအတွက် ငါတို့ တာဝန်မကျေခဲ့ရင် တိုင်းပြည်အတွက် ရင်လေးစရာပဲ ဖြစ်တယ်၊ ကျောင်းသားအရေး ကျောင်းသားတွေ ကိုယ်တိုင် တိုက်ပွဲဝင်မှ ဖြစ်မယ်" ဟူ၍ တိုင်ပင်ကြပြီး လက်မှတ်ထိုး သစ္စာပြုရင်းဖြင့် သပိတ်မှောက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။
တကယ်တော့ ရွှေတိဂုံကုန်းတော် စနေထောင့်တွင် သမိုင်းဝင်ဆွေးနွေး ပွဲကျင်းပပြီး မခွဲစတမ်း သပိတ်မှောက် ဘွိုင်းကောက်လုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်မှာ ကျောင်းသားကြီး ၁၁ ဦးဆိုသော်လည်း လက်မှတ်မထိုး အမည်မပါဝင်ဘဲ စိတ်တူကိုယ်တူ စုဝေးသည့်အထဲမှာ အခြား ကျောင်းသားတွေလည်း ပါဝင်သည်။ အစိုးရဝန်ထမ်း သားသမီးများ ဖြစ်နေခြင်းကြောင့် သူတို့၏ မိဘအလုပ်အကိုင်တွေ၊ အစိုးရ အထောက်အပံ့တွေ ထိခိုက်ကုန်မှာ စိုးရိမ်သည့်အတွက် အခြားကျောင်းသားများက နာမည် ထည့်မရေးခဲ့ခြင်း ဖြစ်သည်။
မူလအစီအစဉ်က လာမည့် အဂါင်္နေ့ ရန်ကုန်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနား တွင် အဓိပတိဖြစ်သည့် ဒုတိယဘုရင်ခံက တက္ကသိုလ်ကြီးကို တရားဝင်ဖွင့် လှစ်ကြောင်း ကြေညာချိန်မှာ တိုင်ပင်ထားသော ကျောင်းသားတွေက "ဘွိုင်းကောက်" ဟု ဝိုင်းဝန်းဟစ်အော် ကြွေးကြော်ပြီး အခမ်းအနားကနေ တစ်ခါတည်း ထွက်ခွာ ကြဖို့ဖြစ်သည်။ အုပ်ချုပ်ရေး အကြီးအကဲတွေနှင့် သတင်းစာဆရာတွေ ရှေ့မှာပင် ကျောင်းသားတွေက ရဲရဲ တောက် ကန့်ကွက်ဆန္ဒပြကြမည်ဟု တိုင်ပင်သဘောတူထားခြင်း ဖြစ်သည်။
သို့သော် အစီအစဉ်က တက္ကသိုလ်အာဏာပိုင်များထံ ပေါက်ကြားသွားသည်။ အခမ်းအနားကို လုံခြုံရေးအတွက် ကန့်သတ်ဖို့ အစီအစဉ်တွေ ဆောင် ရွက်သလို၊ သံသယရှိသည့် ကျောင်းသားကြီးတွေ၏ မိဘတွေဆီကို ဆက်သွယ်တားဆီးဖို့လည်း အပူတပြင်း စီစဉ်သည်။ သည်တော့လည်း သပိတ်မှောက်ရန် စီစဉ် သည့် ကျောင်းသားများက တန်ပြန်အရေးပေါ် လှုပ်ရှားမှုတွေ လုပ်ရတော့သည်။ လှုပ်ရှားမှု၏ အနှစ်သာရ တက္ကသိုလ်ကျောင်း ဥပဒေကို အဓိပတိလုပ်သူက တရားဝင် မကြေညာခင် သပိတ်မှောက်ရန် အစီအစဉ်ကို အပျက်မခံနိုင်။ သည်တော့ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့မှာပင် အဆောင်ကနေ ရွှေတိဂုံခြေတော်ရင်းက ဗဟန်း ဦးအရိယ ကျောင်းတိုက်ရှိရာကို အသီးသီး ထွက်ခွာခဲ့တော့သည်။ ထိုနေ့က ဒီဇင်ဘာ ၅ ရက်နေ့ ဖြစ်သည်။
နောက်ပိုင်း နေရှင်နယ်ဒေးအဖြစ် သတ်မှတ်ဖို့ မျိုးချစ်စိတ် အပြည့်နှင့် မြန်မာပြက္ခဒိန် ရက်စွဲ ကိုသာ ယူဖို့ သတ်မှတ်ခဲ့၍ အမျိုးသားနေ့ သည် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ မူလအမည်က "အမျိုးသားနေ့" မဟုတ်ပါ။ ဒေါက်တာဘမော်အစိုးရ လက်ထက်ရောက်မှ တရားဝင်ရုံးပိတ်ရက် သတ်မှတ်ဖို့ စီစဉ်ရင်း နောက် ဆက်တွဲစကားလုံး "အောင်ပွဲ" ပြုတ်သွားခြင်း ဖြစ်သည်။ ကိုလိုနီခေတ် လွတ်လပ်ရေးမရခင် ကာလအတွင်း ကျင်းပခဲ့သော နေရှင်နယ်ဒေး စီတန်းလှည့်လည်ပွဲတိုင်းကို "အမျိုးသားအောင်ပွဲနေ့" ဟု ခေါ်ဝေါ်ရေး သားခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်ကြီးပင် နှစ်ပေါင်း ၁၀၀ ပြည့်ခါနီးပြီ။ တက္ကသိုလ် ရာပြည့်ပွဲကို အကြိတ် အနယ်ဆင်နွှဲဖို့ သံယောဇဉ် ကြီးမားသည့် ကျောင်း သားကျောင်းသူ ဟောင်းကြီးတွေ အများအပြား ရှိသည်။ ယခုနှစ်မှာပင် ရာပြည့်အကြိုအဖြစ် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း အထိမ်းအမှတ်ပွဲတွေ လုပ်ကြမည်ဟု ပြင်ဆင်နေကြသံတွေ ကြားရသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် နိုင်ငံရေး အခြေအနေ ဘယ်လိုနေမယ်မှန်း ဘယ်သူမှ မခန့်မှန်းနိုင်။ သည်တော့ ကွေးသောလက် မဆန့်ခင် ၉၆ နှစ်ပြည့်မှာတင် ရသလောက်လုပ်ဖို့ ပြင်ဆင် နေတာလည်း ဖြစ်နိုင်သည်။ တကယ်တမ်း သာဆို ရန်ကုန်တက္ကသိုလ်နှင့် ဖွားဖက်တော် ပထမကျောင်းသား သပိတ်ကြီး ကိုလည်း မေ့မထားသင့်တာ အမှန်ပင်ဖြစ်သည်။
၁၉၂၀ ခုနှစ်က ကောလိပ် ကျောင်းသားကြီးများ၏ ကျေးဇူးကား မြန်မာနိုင်ငံ အတွက် ဆပ်မကုန်နိုင်လောက်အောင် ကြီးမားပါသည်။ သပိတ်မမှောက်ဘဲ အင်္ဂလိပ်စီမံသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အတိုင်းသာ ခေါင်းငုံ့ ခံလိုက်ပါက ဆေးကောလိပ်၊ အင်ဂျင်နီယာ ကောလိပ်နှင့် မန္တလေးကော လိပ်တို့ သည်လောက် မြန်မြန် ပေါ်လာနိုင်စရာမရှိ။ ကျောင်း သားတွေ အတွက် အောက်စ်ဖို့ပုံစံ ယူနီယံဖွဲ့ပေးဖို့ ယူနီယံ အဆောက် အအုံ အတွက် အလှူခံဖို့ ဆိုတာတွေ ဖြစ်မလာလျှင် လွတ်လပ်ရေး ခေါင်းဆောင်တွေ ပေါက် ဖွားမည့် ၁၉၃၆ ဒုတိယကျောင်းသား သပိတ်လည်း ဖြစ်နိုင်ခြေနည်းသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်လျှင် ရန်ကုန်မြို့ပေါ်ရှိ အထက်တန်း ကျောင်းသားတွေ သာမက တစ်နိုင်ငံလုံးကပါ ထောက်ခံ သပိတ်တွေ ဆင်နွှဲတတ်သော အစဉ်အလာ တစ်ခုဖြစ်ဖို့ ခဲယဉ်းလိမ့်မည် ဖြစ်သည်။ ယုတ်စွအဆုံး ရဲဘော်သုံးကျိပ်တောင် ပေါ်ပေါက် လာဖို့ မလွယ်ခြင်းကြောင့် လွတ်လပ်ရေးအရ နောက်ကျ သွားနိုင် သလို မြန်မာ့တပ်မတော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်း သား ခေါင်းဆောင်ဟောင်းက စတင်တည်ထောင်ခဲ့သည်ဟု ဂုဏ်ယူ ပြော ဆိုနိုင်တော့မည် မဟုတ်။
ပထမ ကျောင်းသားသပိတ်က မြန်မာတို့၏ အမျိုးသားရေး စိတ်ဓာတ် ကို နိုးကြားစေခဲ့သည်ဟု သမိုင်းဖတ်စာအုပ်တွင် ရေးသားလေ့ရှိခြင်းထက် ပိုသည်ဟု ခံယူမိပါသည်။ မြန်မာ့လွတ်လပ်ရေး (သို့တည်းမဟုတ်) အမျိုးသား နိုင်ငံရေးတွင် "ကျောင်းသားများက ဦးဆောင်ကဏ္ဍတွင် အမြဲရှိလေ့ရှိသည်" ဟု ရေးသားမည်ဆိုပါက မှားနိုင်မည်မထင်ပါ။
သို့သော်ခေတ်တို့ကား တစ်သတ်မှတ်တည်း မဟုတ်၊ ပြောင်းလဲသော သဘောတို့ ရှိကုန်သည်။ အမျိုးသား ညီလာခံတွင် ချမှတ်ခဲ့သော အခြေခံမူအရ အမျိုးသားနိုင်ငံရေးကို "တပ်မတော်" သို့ အတင်းအကျပ် ဥပဒေဖြင့် လွှဲပြောင်း ပေးခဲ့လိုက်ရသည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။
ပြည်သူ့အစိုးရ လက်ထက်တွင် အနှစ်သာရရှိသော ရန်ကုန်တက္ကသိုလ် ကို ပြန်လည်ထူ ထောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ရာပြည့်ကာလ နီးကပ်လာသည့် ပထမကျောင်းသား သပိတ် တိုက်ပွဲဝင် ကျောင်းသားအပေါင်းနှင့် ဝန်းရံပေးခဲ့ကြသော အစိုးရ အထက် တန်း ကျောင်းသားများ၊ မြို့မိမြို့ဖများ၊ နောက်ဆက်တွဲ အမျိုးသားကျောင်းများ ထူထောင်နိုင်သည်အထိ ပံ့ပိုးပေးခဲ့ကြသော ကျွန်ုပ်တို့၏ ဘိုးဘွား ဘီဘင် မြန်မာနိုင်ငံသားများ အားလုံး ၏ ကျေးဇူးကို ပြန်ပြောင်းအမှတ်ရဖို့ တိုက်တွန်းလိုက်ရပါသည်။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းနှင့်အတူ အမျိုးသားအောင်ပွဲနေ့ အဓွန့်ရှည်ပါစေသတည်း။
လှမျိုးထွန်း
The Ladies News
http://www.theladiesnewsjournal.com/…/wed-2016-11-23-1…/4284
No automatic alt text available.

No comments: