Thursday, November 10, 2016

နိုင်ငံရေးစကား ပြောမဆုံးပေါင် တောသုံးထောင်

နိုင်ငံရေးစကား ပြောမဆုံးပေါင် တောသုံးထောင်
\\ ဒေါက်တာခင်မောင်ညို \\
နိုဝင်ဘာ ၁၀၊ ၂၀၁၆

အခြေခံဥပဒေ အဟောင်းကို ပြင်မှာလား၊ အသစ်ကို တည်ဆောက်မှာလားဟု စဉ်းစားနေချိန်တွင် ကျွန်တော့်မိတ်ဆွေ ကိုဇော် ရောက်လာသည်။ သူသည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ သူ့ကို ကျွန်တော်က အိမ်နီးနားက လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပါသည်။ သူတို့အရပ်တွင် စာကြည့်တိုက်အသစ် ဖွင့်မည် ဖြစ်သောကြောင့် တစ်ဆက်တစ်စပ် တည်း ဟောပြောပွဲ ပြောပေးပါရန် လာဖိတ်ခြင်းဖြစ်သည်။ သူ့အမည်ကိုတော့ ကျွန်တော် ခေါ်သလို ကိုဇော်ဟူ၍ ပရိသတ်ကို မိတ်ဆက်ပေးလိုပါသည်။ ခုဆို ရွေးကောက်ပွဲလုပ်တာ တစ်နှစ်ပြည့်သွားပါပြီ။ အစိုးရသက်တမ်းကတော့ ခြောက်လရှိပါပြီ။
“လွှတ်တော်နားလို့ ရန်ကုန်ခဏလာတာ”
“အေးဗျာ။ ခင်ဗျားတို့လည်း အတော် ကြိုးစားနေကြတာ သိရလို့ ၀မ်းသာပါတယ်။ အရပ်သားအစိုးရ စစ်စစ်ကို ပြည်သူက လိုလားနေကြတာ”
“၇၅ ရာခိုင်နှုန်းပေါ့ဗျာ။ အားလုံး ကြိုးစားဆောင်ရွက် ရင်တော့ တစ်ချိန်မှာ မြန်မာပြည်ကြီးဟာလည်း အာရှထိပ်တန်း တစ်နေရာ ကို ရောက်မှာပါပဲ”
“မှန်ပါတယ်။ အဲဒါ သူ့နေရာမှန်ပဲလေ။ တစ်ချိန်ကဆို အောက်ကိုထိုးကျသွား တာ မြင်ခဲ့ရတယ်။ ဒီအတိုင်း အောက်ကို ကျသွားတာ မဟုတ်သလို၊ ဒီအတိုင်းလည်း အထက်ကို တက်သွားမှာ မဟုတ်ဘူး”
“မှန်ပါတယ် ဆရာညို။ ကျွန်တော်တို့ကတော့ အချိန်လေးစောင့်ပြီး ရှေ့ကို လှမ်းနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတစ်ခုမှာ ပြောတယ်။ ခု သက်တမ်းခြောက်လ ရှိတဲ့အခါ လူတွေက မပြောင်းလဲသေးဘူး ဆိုပြီး ပြောကြတယ်တဲ့”
“ဝေဖန်အပြစ်တင်တဲ့ လူတွေ အများကြီးပဲလေ”
“ဒါကို အမှန်တရားမို့ ကျွန်မ လက်ခံပါတယ် ဆိုတာ ထည့်ပြောသွားတယ်”
“ဒါလည်း ဟုတ်တာပါပဲ။ ဆရာ မောင်စွမ်းရည် ရေးသွားသလို နှစ် ၅၀ ဖျက်၊ တိုင်းပြည်ပျက်ကို၊ ရက် ၅၀ နဲ့ မပြင်နိုင် ဆိုတာမျိုးပေါ့”
“ဒီတော့ ဒေါ်စုက ဒီလို မှန်တာပြောတာကို လက်ခံတယ်တဲ့။ ဒါ့အပြင် အခြားမှန်တာတွေကိုလည်း ပြောပါလို့ ဆိုတယ်”
“ဘာကိုလဲ”
“အစိုးရအဖွဲ့ဝင်တွေဟာ မခိုးဘူး။ ပြည်သူတွေကို မနှိပ်စက်ဘူး ဆိုတာကို လည်း ထည့်ပြောပါလို့ ဆိုတယ်”
“ဟုတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ဒီဝန်ကြီးတွေ အိတ်ထဲ မထည့်ကြဘူးဆိုတာ တစ်ချက်တည်းနဲ့တင် ကြည်ညိုနေတယ်တဲ့။ ဒါပေမဲ့ သူ့စကားကို ကျွန်တော် လက်မခံပါဘူး”
“ဆရာညိုက ၀န်ကြီးတွေ ဘာလုပ်တယ် ထင်လို့လဲ”
“ကျွန်တော်က သူတို့သိက္ခာကို လက်ခံပါတယ်။ လေးစားပါတယ်။
လေးစားတယ်ဆိုတာ အပြန်အလှန် ရှိတယ်။ ကြည်ညိုတာကတော့ အပြန်အလှန် မရှိဘူးလေ။ ဒေါ်စုပြောတဲ့အထဲမှာ ပြည်သူကို မနှိပ်စက်ဘူးဆိုတဲ့ စကားကိုပေါ့။ ဒါကို ပြည်သူတွေ အရမ်းကြိုက်တယ်။ အရင်တစ်ခေတ်က ကျွန်တော်တို့ကို ကြောက်အောင် ခြောက်တယ်၊ အမျိုးမျိုး နှိပ်စက်တယ်။ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်ထားတာကိုး”

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက အတော်များများ ဟာလည်း ထောင်ကျပြီး အနှိပ်စက်ခံကြရတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က မဲနိုင်တယ်။ ဒီတော့ ထောင်ထဲရောက်နေတဲ့ ကျွန်တော်တို့ကို အတော်လေး လွတ်လပ်ခွင့်တွေ ပေးထားတယ်။ ကျွန်တော်တို့ လည်း ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘူး။ အမတ်တွေကို ဖမ်းဆီးတယ်လို့လည်း ကြားရော ထောင်ကို ပြန်လည် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်တော့တာပေါ့။ ဒါပေမဲ့ ထောင်ထုံးစံက ဒီအတိုင်း ပြန်ကျပ်တာ မဟုတ်ဘူး။ ပထမ ထောင်ဆူအောင် လုပ်လိုက်တယ်။ ထောင်ဆူတာ ဘာခက်တာမှတ်လို့ တစ်ယောက်နှစ်ယောက် ကို အော်ခိုင်းလိုက်ရင် တစ်ထောင်လုံး ဆူတာပဲ။ ဒီလိုဆူတဲ့အခါ တစ်ယောက်ချင်း အခန်းတံခါးဖွင့် ခေါ်ထုတ်ပြီး ရိုက်တော့တာပဲ။ ဟံသာဝတီ ဦးဝင်းတင်တို့၊ မောင်မိုးသူတို့၊ စံဇာဏီဘိုတို့လည်း ကျွန်တော်တို့နဲ့အတူ အရိုက်ခံထိတာပေါ့”
“ဘယ်လိုရိုက်လဲ”
“လဲကျတဲ့အထိ ရိုက်တယ်။ သွေးတွေထွက်တယ်။ ရိုက်တာ မရပ်သေးဘူး။ ထောင်ဆရာဝန်က မသေလောက်သေးဘူး ဆိုရင် ဆက်ရိုက်တယ်။ စစ်ခွေးနဲ့ လိုက်ကိုက်ခိုင်းတယ်။ ပြီးမှ ထောင်သားအချို့ စစ်ခွေးတိုက်ထဲ ပို့တယ်။ တိုက်ပိတ်တာတွေ လုပ်တယ်။ အချို့ကို ထောင်ပြောင်းတော့တာပါပဲ”
“အင်း၊ ဒါကို နှိပ်စက်တယ်လို့ ခေါ်တာပေါ့”
“ဒါတင် ဘယ်ကမလဲ။ စာကြည့်တိုက်တွေ ဖွင့်တဲ့ ကျောင်းသားတွေကို ဖမ်းဆီးတာတွေ လုပ်တယ်။ လက်ဖက်ရည်ဆိုင်မှာ အောင်ဆန်းတို့၊ အောင်ဆန်းစုကြည်တို့ နာမည်ကိုပြောမိရင် စစ်ဆေးခံရတယ်”
*** *** ***
ကိုဇော်က အတိတ်ကို ပြောပါသည်။ သူတို့ လုပ်ရကိုင်ရသည်မှာ ခက်လှပါသည်။ လွှတ်တော်ထဲတွင် ဒီမိုကရေစီ နည်းဖြင့် အရွေးမခံထားရတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသည်။ အစိုးရအဖွဲ့ထဲတွင် ဒုတိယသမ္မတ တစ်ဦးနှင့် ၀န်ကြီးသုံးပါးသည် စစ်တပ်မှ ခန့်ပါသည်။ ထိုဝန်ကြီး သုံးပါးသည် အရေးကြီးသော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်စည်ပင် တို့မှ ဖြစ်သည်။ ကောင်းသော အုပ်ချုပ်မှု (Good Governance) ကို ကျွန်တော်တို့ ဘယ်လိုရနိုင်ပါ့မလဲ။ အမြဲတမ်း အတွင်းဝန်များ၊ ရဲတပ်ဖွဲ့ဝင်များသည် ယခင်အစိုးရပုံစံအတိုင်း ယခင်အစိုးရမှ လက်ကျန်သူများသာ ဖြစ်သည်။ ယနေ့ Globalization ဖြစ်လာသောအခါ အတွေးဟောင်းများနှင့် လုပ်ကိုင်၍ မရတော့ပါ။ ထို့ကြောင့် အစိုးရအဖွဲ့ဝင်များသည် မခိုးဘူး၊ ပြည်သူတွေကို မနှိပ်စက်ဘူး ဆိုတာနှင့်တင် မရပါဘူး။ အသိပညာ အတတ်ပညာများ လိုအပ်ပါသည်။
အစိုးရအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အသွေး ပြည့်ဝဖို့ လိုပါသည်။ နိုင်ငံရေးသည် အင်မတန် သိမ်မွေ့သည်။ ရှုပ်ထွေးလှပါသည်။ ဒီမိုကရေစီ ဘိုးအေကြီးဟု အသိအမှတ်ပြုနိုင်သည့် အမေရိကန် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံရေးကိုကြည့်ပါ။ နိုဝင် ဘာ ၈ ရက်နေ့က အမေရိကန် သမ္မတကို ရွေးချယ်ရန်အတွက် ရွေးကောက် ပွဲ ပြုလုပ်ခဲ့သည်။ ထိုသမ္မတ အလုပ်သည် ကမ္ဘာတွင် The most powerful job ဟု ခေါ်သည်။ ဒီအတွက် အင်အားကြီးပါတီနှစ်ခု ဖြစ်သည့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘရီကန် ပါတီတို့ ယှဉ်ပြိုင်ကြသည်။ ရီပတ်ဘရီကန် ပါတီကို ကိုယ်စားပြု၍ ဒေါ်နယ်ထရမ့်က အရွေးခံသည်။ ဒီမိုကရက်တစ်ပါတီ ကိုတော့ ဟီလာရီကလင်တန်က ကိုယ်စားပြု အရွေးခံပါသည်။
ဒေါ်နယ်ထရမ့်သည် နိုင်ငံရေးသမား မဟုတ်ပါ။ သူ့တွင် ခိုင်မာသော ပေါ်လစီ မရှိပါ။ သို့သော် ပိုက်ဆံရှိသည်။ သူသည် ဘီလီယံနာ သူဌေးဖြစ်သည်။ သူ၏ ကြော်ငြာ နှစ်မိနစ်အတွက် ဒေါ်လာ နှစ်သန်းကို သုံးနိုင်သူ ဖြစ်သည်။ သူထင်ရာမြင်ရာ ပြောသည်ကို အချို့က သဘောကျသည်။ သူက ပြိုင်ဘက်များစွာကို ကျော်ဖြတ်ကာ ရီပတ်ဘရီကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရလာခဲ့သူ ဖြစ်သည်။ ဟီလာရီသည် တစ်ချိန်က အမေရိကန် အစိုးရ အဖွဲ့မှာ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ခဲ့သည်။ လေးနှစ် ဆောင်ရွက်ရာ တွင် အမှားအယွင်းမရှိဟု ဆိုနိုင်သည်။ သို့သော် အစိုးရ လျှို့ဝှက်ချက် အချို့ကို သူ၏ အီးမေးလ်မှတစ်ဆင့် ပို့ခဲ့သည်ဟု ဆိုသည်။ ထိုကိစ္စသည် နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေသော အမှုဖြစ်၍ ထောင်ကျနိုင်သည်။ ဟီလာရီ မဲဝင်ရွေးဖို့ စီစဉ်နေစဉ် FBI က စစ်ဆေးပြီး တရားရုံးကို တင်ပြသည်။ တရားရုံးက အပြစ်မရှိဟု ကောက်ချက်ချသည်။
ထို့ကြောင့် ဟီလာရီသည် ပျော်ပျော်ပါးပါးကြီး မဲဆွယ်သည်။ ရွေးကောက်ပွဲ အတွက် Debate တွေလုပ်သည်။ ဟီလာရီ အတော်လေး အခြေအနေကောင်း ပါသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် အီးမေးလ်ကိစ္စကို FBI က ပြန်လည်စစ်ဆေးဖို့ လိုကြောင်း ထုတ်ဖော်ခဲ့သည်။ ဒီအခါ ဟီလာရီ၏ ထောက်ခံသူ အရေအတွက် ကျသွားပြီး ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ များလာသည်။ သို့သော် ရွေးကောက်ပွဲ နှစ်ရက်အလိုတွင် ထိုအီးမေးလ်များကို စစ်ဆေးပြီး အပြစ်မရှိကြောင်း FBI က ကြေညာချက် ထုတ်ပြန်သည်။ ဟီလာရီ အခြေအနေ ကောင်းသွားပြန်သည်။ (သို့သော်လည်း တကယ်တမ်း ယှဉ်ပြိုင်ကြတော့ အများမထင်ထားသည့် ထရမ့်က အနိုင်ရရှိသွားလေသည်။)
*** *** ***
“နိုင်ငံရေးက ဒါပဲဗျ”
“ဘယ်လို”
“ကျွန်တော်တို့ဟာ ပိုက်ဆံကို ဧည့်ခန်းထဲက အံဆွဲထဲမှာ ထည့်ထားတယ် ဆိုရင် အဖေဆူမှာပေါ့။ ဒါပေမဲ့ အမေကတော့ ဒီလိုထားတဲ့အတွက် ဓားပြတွေ၊ သူခိုးတွေက မီးခံသေတ္တာကိုပဲကြည့်မှာ၊ အိမ်ရှေ့က အံဆွဲထဲကိုတော့ မကြည့်လောက်ပါဘူးလို့ ကာကွယ်တာမျိုး ရှိတာပဲပေါ့”
“ဒါလည်း ဟုတ်တာပဲလေ။ ဟီလာရီက အစိုးရ လျှို့ဝှက်ချက်တွေကို သူ့ရဲ့ ကိုယ်ပိုင် အီးမေးလ်ထဲ ထည့်ထားတဲ့အခါ ဟက်ကာတွေက အရေးမပါဘူးလို့ ထင်ကြမှာပဲ”
“ဟုတ်ပါတယ်။ လောကကြီးကတော့ အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ဘယ်မှာမဆိုတော့ ထွက်ပေါက်ရှိတယ် ကိုဇော်”
ကိုဇော်က လက်ဖက်ရည်သောက်ရင်း ပြုံးနေသည်။
“အမေရိကန် သမ္မတ ကတော့ အင်မတန် အလုပ်များတယ်။ တစ်ကမ္ဘာလုံး မှာဖြစ်တဲ့ ပြသ၁နာကို သူ့ပြသ၁နာလို့ လက်ခံယူထားတာကိုး”
“ဟုတ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂဟာ အရေးပါသလို အမေရိကန် သမ္မတလည်း အရေးပါတယ်လေ။ သူတို့ဆီမှာက ပြည်တွင်း ငြိမ်းချမ်းရေး ရထားတော့ ဘာမဆို လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်”
“ကျွန်တော်တို့ဆီမှာတော့ သခွက်ပင်က မီးတကျည်ကျည် ဆိုသလို ဖြစ်နေတာပဲ”
“ဟုတ်ပါတယ်။ ကချင်ပြည် နယ်စပ်က တိုက်ပွဲတွေ၊ ရခိုင်က ပြသ၁နာတွေ အများကြီးပါပဲ။ တကယ်တော့ ကျွန်တော်တို့ဆီလည်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတယ်။ ခု ၂၁ ရာစု ပင်လုံဆိုတာကို လုပ်နေတယ်။ ဒီအတွက် တိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်နေကြတယ်”
“မတူကွဲပြားတဲ့ စကားတွေကို လက်ခံနားထောင်တတ်ဖို့ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး မရသေးသမျှတော့ အခြေခံ ဥပဒေကိုလည်း ထိတို့ရခက်နေ မှာပဲပေါ့”
“မှန်ပါတယ်။ အဟောင်းပြင်မလား၊ အသစ်ဆွဲမလား ဆိုတာကိုတော့ စဉ်းစားဖို့ မက်ဆေ့ခ်ျတွေ ပေးဖို့ လိုပါတယ်”
ကိုဇော် ပြန်သွားပါပြီ။ နိုင်ငံရေးဆိုတာ ပြောမဆုံးပေါင် တောသုံးထောင် ပါလားနော်”
ဒေါက်တာခင်မောင်ညို
The Ladies News
http://www.theladiesnewsjournal.com/…/thu-2016-11-10-1…/4168
 

No comments: