Sunday, November 27, 2016

"အီရတ်မှသည်....အာဖဂန်မှသည်....ထို့နောက်......... တသီးတခြားပျက်ကျသွားသောအိပ်မက်များမှသည်.... "

"အီရတ်မှသည်....အာဖဂန်မှသည်....ထို့နောက်......... တသီးတခြားပျက်ကျသွားသောအိပ်မက်များမှသည်.... "
■ကျနော်ပုန်းနေတဲ့မြေအောက်ခန်းမှာ
တံခါးတချပ်ရှိတယ်
သူက အပေါ်မှာ

...
■အပြင်မှာဆို လွှတ်တင်ထားတဲ့ကောင်းကင်ပေါ့
မှိုင်းတက်နေတဲ့ တိမ်လို ဆေးသားတွေ

■အမြဲမော့မော့ကြည့်
တွေ့လို့ ထိလို့မရတဲ့လက်ချောင်းအစုံက
အိပ်မက်ထဲ အမေး မရ

■ဒီမှာ ဘယ်လိုနေရမှာလဲ ဘယ်လောက်နေရမှာလဲ
အပြင်မှာ ရရာစားစားကျနေတဲ့ ဗုံးဆံတွေက
(ရင်...)
ဘယ်လောက်နက်နက်ထိ တူးလို့ ဆွလို့ ရသလဲ

■ခိုကိုးရာမဲ့
သွေးမတော် သားမစပ်ပေမဲ့
ညီအကိုမသိတသိစိတ်အခံက
လက်မခံချင်ဘဲ လက်ခံလိုက်ရ

■အမေဟာ ကျနော့်သွေးကြောထဲ လမ်းထထလျှောက်
အဖေက သူ့ကိုယ်သူပျောက်မှန်းမသိပျောက်

ထိုင်ရက်တန်းလန်း
စန္ဒယားသံက သူ့ကိုယ်ကို
ကန့်လန့်ဖြတ်ပြီး အသက်ဝအောင် ဝင်ရှူသွားတယ်

■အဲဒါ
ကျနော်တွေ့လိုက်တဲ့ နောက်ဆုံး မြင်ကွင်း
ဝီစကီပုလင်းထဲ စိုက်ထားတဲ့ နှင်းဆီပန်းလဲ
သူ့ဆူးက သူ့ကိုယ်ထဲ ပြန်စိုက်ဝင်
မှန်ဘီလူးထဲမှတ်ထားတယ်
မှန်ဘီလူးထဲ မှန်ဘီလူးထဲ

■သည်တံခါးကို အဖေလုပ်တုန်းက
ကျနော်မေးကြည့်ဘူးတယ် ဘာ့အတွက်လဲ
ဘာ့ကြောင့်လဲ

■အခု
ကျနော့်ကိုယ်ကျနော် ပြန်မေးကြည့်နေတယ်
ဘာ့အတွက်လဲ ဘာ့ကြောင့်လဲ

■ကျနော်ပုန်းခဲ့ဘူးတဲ့ ခန္ဓာ
တံခါးမရှိဘူး ထင်တာပဲလေ

■ရေ
ကျနော် ဆာတယ်
စားစရာ ကျနော် ငတ်တယ်
ပိုး မွှား လောက် တီကောင်
.................................
............................................

■ဒီလောက်တောင်ဖြစ်လှတာဟာ
ဒီလောက်တောင် ဖြစ်ခဲ့ရသလား

■နူတ်ခမ်းကို သပ်ခဲ့တဲ့လျှာ
နူတ်ခမ်းက သူ့ကို အခု
ပြန်သတ်ခဲ့

■အတွေးတွေက တံခါးကို
ဒေါင်ချာစိုင်းပြီးရောက်လာတဲ့အခါ
တံခါးက ဒေါင်ချာစိုင်းပြီး အတွေးထဲပြန်ရောက်လာ

■ညဥ့်
ဘယ်လို သတ်မှတ်ခဲ့သလဲ

■မနက်
ဘယ်သူ့ ရင်ထဲမှာလဲ

■ကမ္ဘာ
ဘယ်လောက်ထိအောင် ပြားခဲ့ရသလဲ

■လူ
ကျနော့်ရဲ့ ဆင်ခြေဖုံးမှာ ယင်နားစာ

■မြို့
မြို့ဟာ
ကျီးက မလန့်ပဲ အာစာရှာစားတဲ့နေရာ

■ကဗျာ
ကဗျာဟာ သူ့လည်ပင်းကို သူကိုယ်တိုင်ဘဲ
ကြိုးကွင်းစွပ်တဲ့ အခါ

■ထွက်ကျလာတဲ့ သည်တပုဒ် ခပ်သုတ်သုတ်
■ရုပ် ရုပ်တို့ အစိုးမရခဲ့ကြောင်း
■စိတ် စိတ်သည်
တံခါးဝမှ ထွက်၍
တံခါးဝသို့သာ ပြန်ချင်ကြောင်း

■အဖေ အဖေသည် အမေ အမေသည်
ကျနော် ကျနော်သည်

■ကျောက်တုံးများသည် ပိ၍
နံရံများသည် ပဲ့၍
စက်တိုင်များသည် အသံထွက်၍

■ ငြိမ်ခဲ့သည် ..........။....................။

လူလူလက်ျာ

 

No comments: