Tuesday, November 8, 2016

ကျွန်တော်တို့ရဲ့ ရွှေပြည်ကြီးမှာက...

ကျွန်တော်တို့ရဲ့ ရွှေပြည်ကြီးမှာက...
 
 
နိုင်ငံရေး၊ ဘာသာရေး အယူအဆ မတူညီမှုကို အခြေခံပြီး...
ဘက်အားဖြင့်သာ ဒီမို၊ စစ်အစိုးရ၊ ဖွတ်၊ မဘသ၊ မျိုးညစ် စသည်ကွဲနေတာ...
အခြေခံ လူ့ကျင့်ဝတ် မစောင့်ထိန်းတာတွေ၊ နိုင်ငံကြီးသားမပီသတဲ့ အမူအကျင့်ရှိနေမှုတွေမှာတော့ နိုင်ငံသားအားလုံး ပိန်မသာ လိန်မသာ အတူတူပဲလို့ပြောရင် တချို့ဒီမိုတွေက မကြိုက်ကြဘူးဗျ။
ဒါ့ထက်ဆိုးတာက မင်းရေးတဲ့ ပြုပြင်ရေးပို့စ်တွေက...
"အကျင့်ဆိုးရှိသူတွေ အမေစုကို မဲပေးသည်" ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ် ဆိုပြီးတော့ အပြစ်တင်ကြတာမျိုး ရှိသေးတယ်ဗျ။
တကယ်က အဲဒီ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ရှင်းပါမယ်။
. .
ခင်ဗျားတို့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ကလွဲရင်...
ဈေးမှာ၊ ကျောင်းမှာ၊ ရုံးမှာ၊ အလုပ်ထဲမှာ၊ လမ်းပေါ်မှာ၊ ရပ်ကွက်ထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေကျ အခြားသူတွေ အားလုံးလိုလိုကို စည်းကမ်းမဲ့လိုက်တာ၊ စာရိတ္တမကောင်းလိုက်တာလို့ ထင်ဖူးသူတွေချည်းပါ။
မြန်မာပြည်မှာ လူအများစုဟာ အမေစုကို ချစ်တဲ့ ဒီမိုလိုလားသူတွေဆိုတာ ခင်ဗျားတို့လက်ခံရင် အဲဒီ စည်းကမ်းမရှိဘူးလို့ ခင်ဗျားတို့ ထင်ထားတဲ့သူတွေ အများစုဟာလည်း နိုင်ငံရေးမှာတော့ မြေကြီးလက်ခတ်မလွဲ အမေစုကို မဲထည့်ခဲ့သူတွေ၊ ချစ်တဲ့သူတွေ ဖြစ်နေမှာပါလို့ ပြောချင်တာပါ။
အရပ်ထဲက သူလိုကိုယ်လို လူတွေရဲ့ အမူအကျင့်ဆိုတာ အမေစုဘက်သားမို့၊ ဒီချုပ်ကို မဲထည့်ခဲ့သူမို့ ပိုပြီး ထူးခြားမနေပါဘူးလို့ ဆိုလိုတာပါ။
ဒီလိုပြောတာဟာ စစ်တပ်ဘက်က ပြောပြောနေတဲ့ "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ဆိုတာနဲ့ လုံးဝ မဆိုင်ပါဘူး။
ဘာလို့ဆိုရင် နိုင်ငံရေးပိုင်းကတော့ ရှင်းပြီးသားမို့ပါ။
ကိုယ့်ဘက်က သန့်တယ်၊ စည်းကမ်းလည်း ရှိပြီးသား။ ဘယ်သူဟာ တိုင်းပြည်ကို စေတနာ တကယ်ထားပြီး တိုင်းပြည်ကောင်းဖို့ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာတွေကိုလည်း မှန်မှန်ကန်ကန်သိတယ်။ ဒီအပိုင်းမှာ ကိုယ်တွေဘက်က အမှတ်ပြည့်ပဲ။
သူတို့ဘက်ကတော့ ညစ်လည်း ညစ်တယ်၊ အောက်လုံးထိုးတယ်၊ စည်းလည်း မထားဘူး။ မဲပေးခြင်းကို ကိုယ့်တစ်ဘို့တည်းအတွက် ခုတုံးလုပ် အသုံးချတယ်။ အောင်မှတ်မပြောနဲ့ ဘဲဥတောင် မကွဲချင်ဘူး။
ဒါပေမယ့်...
နိုင်ငံသားတစ်ယောက်အနေနဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ အကျင့်စာရိတ္တပိုင်းတွေမှာတော့ ကိုယ်တွေဘက်က လူတွေမှာလည်း အကျင့်ဆိုးလေးတွေ အနည်းနဲ့ အများရှိတယ်လေ။ ဒါတွေကို ပြုပြင်ဖို့ ပြောတာပါ။
ဒီနေရာမှာ ပြည်သူတွေပဲ ဆိုပေမယ့် ရန်ဘက်လိုဖြစ်နေတဲ့ အာဏာရှင်ဘက်ကို မပြောတော့ဘဲ ကိုယ့်ဘက်ကိုယ် စပြီး စည်းရုံးတဲ့သဘောပါ။
ကျွန်တော် အမြဲတမ်း အိပ်မက်မက်မိတာကတော့ ဒီမိုလိုလားသူတွေဟာ ကြံ့ဖွတ်တွေ၊ စစ်အာဏာရှင် ဘက်သားတွေနဲ့ မတူဘဲ၊ ကိုယ့်ကိုယ်ကိုယ် စမတ်ကျကြောင်းပြတဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ကိုယ့်ဘာသာ အရင်လုပ်ပြရင် ကောင်းမှာပဲလို့ပါ။
ဘယ်သူတရားပျက်ပျက် ဒီမိုကရေစီ လိုလားသူတွေ တရားမပျက်၊ မိုးခါးရေ မသောက်ဘဲ ကိုယ့်မှာ အကျင့်ဆိုး တစ်ခုမဟုတ်တစ်ခု ရှိနေခဲ့ရင် ပြင်ကြမယ်ဆိုတဲ့ သဘောပါပဲ။
.
.
.
တစ်ချို့က "အကျင့်တွေ တကူးတက ပြင်နေစရာ မလိုပါဘူးကွာ၊ စနစ်ကိုပြောင်းပြီး တရားဥပဒေ စိုးမိုးအောင်သာ လုပ်လိုက်ရင် သူ့ အလိုလိုကောင်းသွားမှာပဲ" လို့ထင်နေတယ်ဗျ။
ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် "မိုက်ချင်တဲ့သူ၊ စည်းကမ်းမဲ့တဲ့သူတွေ ကြိုက်သလောက်မိုက်ကြ၊ မဲ့ကြ၊ ဥပဒေနဲ့ အရေးယူပြမယ် လုပ်ရဲလုပ်ကြည့်စမ်း" ဆိုတဲ့ သဘောတရားနဲ့သွားရင် ရေရှည်မှာ တိုင်းပြည်ကောင်းလာနိုင်ပေမယ့်...
နိုင်ငံက ကြီးတာမို့ နေရာတိုင်းကို ကိစ္စတိုင်းကို တရားဥပဒေရဲ့ စိုးမိုးမှုလက်တံ လိုက်မီအောင် အချိန်အများကြီးယူရမယ်။ ဒါ့အပြင် ဥပဒေကို လက်တလုံးခြား လုပ်မှုတွေ၊ အလွဲသုံးမှုတွေ၊ မလိုလားအပ်တဲ့ အငြင်းပွါးမှုတွေ၊ ဆန့်ကျင်မှုတွေလည်း ကြုံရမှာမို့ ပြည်သူမပါရင် အောင်မြင်ဖို့ ထင်သလောက် မလွယ်ပါဘူး။
ကျွန်တော့်ပို့စ်တွေရဲ့ ရည်ရွယ်ချက်က...
အစိုးရဘက်က တရားဥပဒေ စိုးမိုးရေးကို သေချာလုပ်ရမှာ ဖြစ်သလို...
ပြည်သူတွေဘက်ကလည်း စနစ်ပြောင်းတဲ့အခါ လည်ပတ်ရမယ့် တိုင်းပြည် အုပ်ချုပ်ရေး၊ ပြန်လည်တည်ထောင်ရေး စက်ယန္တရားကြီးရဲ့ ခွေးသွားစိတ်တွေထဲမှာ အမှိုက်လို၊ ခဲလုံးလို ဝင်ခုမနေစေဖို့ ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ကြရအောင်ဆိုတဲ့ အပြုသဘော မက်ဆေ့ခ်ျပေးချင်တာပါ။ စက်ယန္တရားကြီး ရှောရှောရှူရှူ လည်ပတ်နိုင်ရင် ပြန်လည်တည်ထောင်ရေး ပိုမြန်တာပေါ့ဗျာ။
ကိုယ်ကကောင်းပြီးသား လူဆိုရင်လည်း ပတ်ဝန်းကျင်ကို စည်းရုံး၊ ကိုယ်က အကျင့်ဆိုးလေးတွေ (အသေးအဖွဲကနေ ကြီးကြီးမားမား) ရှိနေရင်လည်း ပြင်ချင်စိတ် ပေါ်စေချင်ရုံ လှုံ့ဆော်တာပါ။ ပိုမိုကောင်းမွန်သော နိုင်ငံနဲ့ အစိုးရကို လိုချင်သူတွေဟာ ကိုယ့်ဘက်ကလည်း နိုင်ငံသားကောင်းပီသဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတဲ့ သဘောကို ထောက်ပြတာပါ။
.
.
.
တစ်ချို့ကလည်း အရင်အစိုးရ အဆက်ဆက် ခေါင်ကမလုံလို့၊ စာရိတ္တတွေကို တမင်ဖျက်စီးခဲ့လို့ ပြည်သူတွေ စိတ်ဓာတ်တွေ ပျက်စီးရတာ၊ ခေါင် ဆိုတဲ့ ခေါင်းဆောင်ယုတ်တွေကို မပြောဘဲ အဖိနှိပ်ခံ ပြည်သူတွေကိုပြောတာ မတရားဘူးလို့ ဆိုလာပါတယ်။ ခေါင် မလုံလို့ တစ်အိမ်လုံး ရေစို ခြစားရတာပါမို့ပါတဲ့။
အရင်အစိုးရကတော့ ခေါင် ဖြစ်တဲ့ သူတို့ကိုယ် သူတို့တောင် မပြုပြင်နိုင်လို့၊ ဆေးမမီဘဲ ရွေးကောက်ပွဲမှာ ရှုံးခဲ့ပါပြီ။
အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က အစိုးရအဖြစ် တက်လာပြီမို့ ခေါင်ကတော့ လုံသွားပြီဆိုတာ အခုလက်ရှိအချိန်အထိ သေချာပါတယ်။ ဒါပေမယ့် အောက်ခြေဝန်ထမ်းတွေ မပြောင်းလဲသေးတာ၊ နိုင်ငံသား အမူအကျင့်ဆိုးတွေ မပြောင်းလဲသေးတာက ခေါင် လုံလည်း ပြည်သူတွေကိုယ်တိုင် ကိုယ့်ဘာသာ မပြုပြင်ရင် အလကားပဲဆိုတာကို ပြနေပါတယ်။
ဥပမာ ဒီနိုင်ငံမှာ စင်္ကာပူလို ကွမ်းသွေးထွေးရင်၊ အမှိုက်ပစ်ရင် ဒါဏ်ပေးမယ် ဘာညာလုပ်လို့မရပါ။
ဒီလောက်လူဦးရေ အများကြီးကို ဘယ်သူမှ စောင့်မကြည့်နိုင်ပါ။ နေရာတကာ CCTV တွေလည်း တပ်မထားနိုင်သေးပါ။ ဒီတော့ စင်ကာပူလို သန့်ရှင်းသပ်ရပ်နေစေချင်ရင် ကိုယ့်အသိစိတ်နဲ့ကိုယ် နိုင်ငံကြီးသားပီသလာအောင် ပြုပြင်ချင်မှ ရမှာပါ။
ဒီနေရာမှာ နိုင်ငံကြီးသားပီသခြင်း၊ အသိစိတ်ဓာတ်ကောင်းခြင်းနဲ့ ပတ်သတ်ရင် ဂျပန်ကို အတုယူသင့်လှပါတယ်။
ဂျပန်နိုင်ငံမှာ အမှိုက် မရှိတာဟာ ဘာဒါဏ်မှ သတ်မှတ်ထားလို့မဟုတ်၊ ဘယ်သူမှ စောင့်ကြည့်မနေပါ။ သူတို့လူမျိုးကိုယ်၌က စည်းကမ်းရှိပြီး စည်းကမ်းတန်ဖိုး နားလည်နေတာပါ။ ဒီလို စည်းကမ်းရှိ နီတိသိတဲ့ လူမျိုးဖြစ်လာဖို့ သူတို့ဟာ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်း သွန်သင်ဆုံးမလာခဲ့ကြတာပါ။
သားသမီး မြေးမြစ်တွေကို ဆုံးမလမ်းညွှန်ပြနိုင်ဖို့ ဘိုးဘွား မိဘတွေကိုယ်တိုင် စံပြ နေထိုင် ပြုမူ ပြောဆိုကြပါတယ်။ အကျင့်ဆိုးရှိတာ ရှက်တတ်ဖို့၊ တစ်ဖက်သားကို ကိုယ်ချင်းစာတတ်ဖို့၊ ဘာလုပ်လုပ် အခြားသူအတွက် ထည့်စဉ်းစားတတ်ဖို့၊ စည်းကမ်းရှိဖို့ကို အဓိကထားပြီး နောက်မျိုးဆက်သစ်တွေရဲ့ နှလုံးသားထဲ အသိစိတ်ထဲ ထည့်ပေးနိုင်လိုက်တဲ့ ရလဒ်က ၂၀၁၁ ခုနှစ် ငလျင်ကြီးလှုပ်ပြီး ဆူနာမီဒါဏ်ခံလိုက်ရတဲ့အခါ ဂျပန်လူမျိုးရဲ့ စိတ်ဓာတ်ကောင်းကို ကမ္ဘာကပါ ချီးကျူးရပါတော့တယ်။
ဂျပန်လူမျိုးတွေဟာ သူတို့နိုင်ငံတွင်းသာမက နိုင်ငံရပ်ခြားတွေမှာ သွားလာလည်ပတ်တဲ့အခါမှာတောင် အင်မတန် စည်းကမ်းလိုက်နာတဲ့ ကျင့်ဝတ်စောင့်ထိန်းတဲ့ လူမျိုးလို့ နာမည်ကြီးပါတယ်။ ဒါပေမယ့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါမှာတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းတတ်တဲ့ လူတွေရဲ့ အတ္တအရ ကိုယ့်တစ်ဘို့ပဲ ကြည့်ကြမှာဖြစ်ပေမယ့်...
၂၀၁၁ ငလျင်နဲ့ ဆူနာမီကာလ အိမ်သုံးပစ္စည်းတွေ ပြတ်လတ်နေစဉ်မှာ အဲဒီ အတ္တကိုပါ ချိုးနှိမ်ပြီး စတိုးဆိုင်တွေမှာ ဂျပန်လူမျိုးတွေ စည်းကမ်းရှိရှိ တန်းစီပြီး ဝယ်ကြတာ၊ ကိုယ်အရင်ရောက်လို့ ရှိသမျှ သိမ်းကြုံးဝယ်သွားတာမျိုး မလုပ်ဘဲ နောက်လူ ဝယ်ဖို့ ချန်ထားပေးတာစတဲ့ နိုင်ငံကြီးသား ပီသမှု၊ လူသားဆန်မှုတွေဟာ ကမ္ဘာကိုတောင် အံ့ဩမင်တက်မိစေပါတော့တယ်။
.
.
.
တကယ်တော့ ဂျပန်တွေလောက် မဟုတ်တောင်...
မြန်မာတွေလည်း အညံ့ကြီးတော့ မဟုတ်ခဲ့ပါဘူး။
ရှေးမြန်မာကြီးတွေ ကိုယ်ကျင့်တရားကောင်း စည်းကမ်းကောင်းခဲ့သော်လည်း ကိုယ့်ခေတ်ရောက်မှ ပျက်ရတာပါ။
အရင်းစစ်တော့ အမြစ် မြေက ဆိုသလို...
ဒီနိုင်ငံသားတွေ စည်းကမ်း၊ စိတ်ဓာတ် ပျက်သွားတာဟာ နှစ် ၅၀ ကျော်တဲ့ စစ်အာဏာရှင်တွေရဲ့ စစ်အုပ်ချုပ်ရေးကြောင့်ဆိုတာ မငြင်းနိုင်ပါဘူး။
ဒါပေမယ့် စစ်အုပ်ချုပ်ရေး ၇၅ % လောက် ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ဒီအချိန်မှာ...
ခင်ဗျားတို့ ကျွန်တော်တို့ဆီမှာ စွဲကပ်သွားပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးရဲ့ အမွေဆိုးက စစ်အုပ်ချုပ်ရေးနဲ့အတူ အလိုလိုချုပ်ငြိမ်းသွားမှာလား?
ဒီချုပ်အစိုးရ တက်လာတာနဲ့ အလိုလို ချုပ်ငြိမ်းသွားမှာလား?
လုံးဝ မဟုတ်ပါဘူး...
ဒီနိုင်ငံက ကျောင်းနေအရွယ် မဟုတ်တော့တဲ့ လက်ရှိ သန်းပေါင်းများစွာသော ပြုတ်မနူးတွေကိုတော့ နီတိသင်ပေးလည်း မကယ်နိုင်တော့ပါဘူး။ ဥပဒေ အမိန့်နဲ့ဆိုရင်တောင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးလောက် မကြမ်းရင် မဖြုံလောက်တော့ပါဘူး။ ဒီတော့ ကျွန်တော်တို့ လက်ရှိ မျိုးဆက်တွေကတော့ ကိုယ့်အကျင့်ဆိုးတွေကို တိုင်းပြည်ကောင်းဖို့ဆိုတဲ့ အသိစိတ်ဓာတ်ကောင်းနဲ့သာ အတင်းဖိနှိပ် ထိန်းကွပ်ရမှာ ဖြစ်ပြီး...
နောက်မျိုးဆက်တွေကိုတော့ နီတိဆိုတာကို အိမ်မှာ မိဘတွေက၊ ကျောင်းမှာ ဆရာတွေက၊ ပတ်ဝန်းကျင်က ဝိုင်းဝန်းသင်ကြားပေးသွားရင်...
စာအုပ်စာပေတွေမှာ၊ တီဗီအစီအစဉ်တွေမှာ၊ ရုပ်ရှင်တွေမှာ၊ မီဒီယာပေါင်းစုံမှာ အတုံးလိုက်အတစ်လိုက် မဟုတ်ဘဲ ပညာသားပါပါ ပါးပါးလေး ထည့်သွင်း ပညာပေးသွားရင်...
အဲဒီ next generation တွေဟာ အတင်း လုပ်ယူထားတာ မဟုတ်ဘဲ သဘာဝအတိုင်း အမူအကျင့်ကောင်းတွေနဲ့ သက်တောင့်သက်သာ အသားကျနေတဲ့ နိုင်ငံကြီးသားကောင်းတွေ ဖြစ်လာမှာပါ။
.
.
.
မြန်မာတွေ ကိုယ့်နိုင်ငံမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်။
စင်ကာပူလို ဂျပန်လို တိုးတက်တဲ့ နိုင်ငံတွေ ရောက်တော့ တရားဥပဒေ စိုးမိုးတာကို ကြောက်လို့ရယ်၊ လူကောင်းတွေကြား ကိုယ်လူဆိုးဖြစ်ရမှာကို ရှက်လို့ရယ် စည်းကမ်းမဲ့ မပစ်ရဲဘူး။ ဒီနိုင်ငံပြန်ရောက်တော့ စည်းကမ်းမဲ့ အမှိုက်ပြန်ပစ်တယ်။ ဒါဟာ ဥပဒေ ကွယ်ရာရောက်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အကျင့်ဆိုး စွဲကပ်နေမှုကို ပြတာပါပဲ။
ဂျပန်တွေဟာ သူ့နိုင်ငံမှာ စည်းကမ်းမဲ့ အမှိုက်မပစ်ရုံသာမက အမှိုက်ပစ်တာကို အရေးမယူတဲ့၊ တရားဥပဒေ မစိုးမိုးတဲ့ အခြားနိုင်ငံတွေကို ရောက်ရင်လည်း မပစ်ဘူး။
အဲဒီမှာ လူ့တန်ဖိုးဆိုတာ ကွာသွားတာပါပဲ။
ဒီတော့...
ကိုယ့်ကိုယ်ကိုယ်...
"ဥပဒေကြောက်လို့သာ လိုက်နာရတဲ့သူ လုပ်မလား" ...
"အဖိုးတန်လူအဖြစ် ကိုယ့်ဘာသာကိုယ် ပြောင်းလဲမလား" ဆိုတာ ကိုယ့်သမိုင်း ဖြစ်လာပါလိမ့်မယ်။
နိုင်ငံကြီးသားဆိုတာ ဥပဒေရှိရှိ မရှိရှိ ဥပဒေ မျက်မှောက်ဖြစ်ဖြစ် မျက်ကွယ်ဖြစ်ဖြစ် လိုက်နာတဲ့၊ စည်းကမ်းရှိတဲ့သူကိုမှ ခေါ်တာပါ။
ကျောသား ရင်သားမခွဲတဲ့ အစိုးရကောင်းနဲ့ တရားဥပဒေ စိုးမိုးရေး လုံးဝကို လိုအပ်နေတာမှန်ပေမယ့်...
အဲဒါတွေ ဒင်ပြည့် ကျပ်ပြည့် မဖြစ်လာသေးခင်မှာ...
ဒါဏ်ပေးခံရမှာ၊ အပြစ်ပေးခံရမှာ၊ ထောင်ကျမှာ ကြောက်လို့ဆိုတာထက် (ဥပဒေကို ကြောက်လို့မဟုတ်ဘဲ)...
"သူများတွေ အမှိုက် စည်းကမ်းမဲ့ ပစ်တယ်၊ ငါ မပစ်ဘူးကွာ။ ပစ်စရာ အမှိုက်ပုံး မတွေ့ရင်လည်း အိမ်အထိ ပြန်သယ်သွားပြီး အိမ်ကျမှ ပစ်မယ်ကွာ"
"သူများတွေ ကွမ်းသွေးကို တွေ့ကရာ ထွေးတယ်၊ ငါ မထွေးဘူးကွာ။ အိတ်ကလေး၊ ရေသန့်ဘူးလေး ဆောင်ထားမယ်ကွာ"
"သူများတွေ ကြားဖြတ်ပေမယ့် ငါ အောက်တန်းမကျဘူး၊ တန်းစီမယ်ကွာ" ဆိုတဲ့ စိတ်ဓာတ်ကောင်းကို...
အမှိုက်ပစ်တာလို၊ ကွမ်းသွေးထွေးတာ၊ တန်းစီတာ၊ ကားမောင်းတာလို အသေးအဖွဲကနေ စပြီး...
"အများ မိုးခါးရေသောက်ပေမယ့် ငါကတော့ ပြည်သူ့ဘဏ္ဍာ မခိုးဘူးကွာ"
"အများ ဝိသမလောဘတိုက်ပေမယ့် ငါကတော့ ဘုရားကြိုက် သမ္မာအာဇီဝပဲကွာ"
"ဘယ်သူတရားပျက်ပျက် ငါတို့ ဒီမိုတွေ မပျက်ဘူးကွာ" ဆိုတဲ့ စိတ်ဓာတ် သတ္တိမျိုးကို...
နိုင်ငံ့ဝန်ထမ်းတာလို၊ စီးပွါးရေးလုပ်တာလို၊ လူမှုရေးလို၊ နိုင်ငံရေးလို၊ ဘာသာရေးလို နိုင်ငံနဲ့ချီတဲ့ ကိစ္စကြီးတွေ အထိ...
အထုံအကျင့် စွဲနေအောင် မွေးမြူကျင့်သုံးမယ်ဆိုရင် တစ်ယောက်ကစ တစ်ရာ၊ နောက်တော့ ဒီမိုတွေအားလုံး၊ နောက်ဆုံး လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲသွားတဲ့အထိ အကျိုးသက်ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
.
.
.
အဲဒီလို ကိုယ့်အသိစိတ်နဲ့ကိုယ် ကင်ဆာဆဲလ်တွေလို စွဲကပ်နေတဲ့ အကျင့်ဆိုးတွေကို တစ်ဦးချင်းမှသည် တစ်တိုင်းပြည်လုံး နိုင်ငံကြီးသားပီသအောင် လိုလိုလားလားပြုပြင်သွားကြရင်...
ခင်ဗျားတို့ ကိုယ်တိုင်လည်း နိုင်ငံကြီးသား လူကောင်းတွေဖြစ်...
ခင်ဗျားတို့ ချစ်တဲ့ အမေစုရဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးဟာလည်း ထင်တာထက် ရှေ့ကို မြန်မြန်ပိုရောက်...
ခင်ဗျားတို့ရဲ့ မျိုးဆက်သွေးသားတွေကိုလည်း ချမ်းသာကြွယ်ဝ တိုးတက်စည်ပင်ပြီး လုံခြုံ အေးချမ်းတဲ့ တိုင်းပြည်ကို အမွေပေးထားနိုင်ခဲ့မယ်ဆိုရင် သားရွှေအိုးထမ်းလာတာ မြင်ရသလို ပိုမကောင်းပေဘူးလားဗျာ!
မှတ်ချက်။ ။
"မင်းကရော ဘယ်လောက်ကောင်းလို့လဲ" လို့ အောက်ကလိလာအာမယ့်သူတွေ သိစေရန်မှာ...
ကိုယ်တိုင် မလိုက်နာ မကျင့်သုံးနိုင်တဲ့ အရာတွေကို သူတစ်ပါးကို ဘယ်တော့မှ စဆရကလုပ်သူ မဟုတ်ကြောင်း အာမခံပါတယ်။
Credit : Swe Yu
 
April Nay Nayပို့ စ်မှ ကူးယူဖော်ပြပါတယ်..။
 


 

No comments: