Wednesday, November 2, 2016

အမျိုးသားကြီးပွားရေးမူဖြင့် လျှောက်လှမ်းနေသည့် နိုင်ငံတကာသံတမန်ရေးရာ ခြေလှမ်းများ

အမျိုးသားကြီးပွားရေးမူဖြင့် လျှောက်လှမ်းနေသည့် နိုင်ငံတကာသံတမန်ရေးရာ ခြေလှမ်းများ

Wednesday, November 2, 2016
 
ဂျပန်ခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည့် သံတမန်ရေး မူဝါဒနှင့်အညီ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးဖွယ် ရှိသည်။ NLD အစိုးရ မတ်လကုန်တွင် စတင် တာဝန်ယူပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တာဝန် ရယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ခရီးစဉ်များတွင် ဂျပန်နိုင်ငံသည် ခုနစ် နိုင်ငံမြောက်ဖြစ်သည်။
အင်္ဂါနေ့က စတင်သည့် ငါးရက်ကြာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံရန်စီစဉ်ထားသည်။ ခရီးစဉ်သည် ဂျပန်အစိုးရ၏ အမြင့်ဆုံးအဆင့်ဖြင့် ဖိတ်ကြားမှုဖြစ်သဖြင့် ဂျပန်ဘုရင်နှင့် မိဖုရားတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်တွင် ဂျပန်စီးပွားရေးလုပ်ငန်းများ အား မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးဖွယ်ရှိသည်။ မြန်မာလူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လယ်ယာကဏ္ဍတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၌ ထုတ်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းက အလုပ်အကိုင်သစ် ဖန်တီးမှု အပေါ် ကြီးမားစွာ သက်ရောက်မှုရှိစေမည် ဖြစ်သည်။ အလုပ်အကိုင် ဖန်တီးရေး မှာ ဦးစားပေး အစီအစဉ်တစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ထားသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ပြည်တွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု နည်းပါး သဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရေးတကြီး လိုအပ်လျက်ရှိသည်။ အစိုးရ က ပထမငါးနှစ်အတွင်း နှစ်စဉ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး အောက်တိုဘာလအတွင်းက အတည်ပြု ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းသစ်များက နိုင်ငံခြားကုမ္ပဏီများကို ကဏ္ဍ အလိုက် အခွန်သက်သာခွင့်များ ပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ တွင် တာဝန်ယူပြီးနောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသည့် သံတမန်ရေးမူဝါဒကို ချမှတ်ခဲ့သည်။ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အာဆီယံလက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံ သို့ မေလတွင် သွားရောက်ခဲ့သည်။ ထို့နောက် ဇွန်လတွင် ထိုင်းနိုင်ငံ၊ သြဂုတ် တွင် တရုတ်နိုင်ငံ၊ စက်တင်ဘာလတွင် ယူကေနှင့် အမေရိကန်၊ အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ထိုင်းနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ခွင့်ပြုချက်ဆိုင်ရာ လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည်။ ထိုင်းနယ်စပ်မှ မြန်မာဒုက္ခသည်များအရေးကိုလည်း ဆွေးနွေးခဲ့သည်။
တရုတ်ခရီးစဉ်တွင် လမ်းဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေး အထောက်အပံ့ပေးရန် တရုတ်သမ္မတထံ တောင်းဆိုခဲ့ပြီး အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ ဂျင်လီကျင်နှင့်လည်း တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် AIIB မှ ချေးငွေရယူခဲ့သည်။ ထို့ပြင် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန် တရုတ်သမ္မတထံမှ ကတိက၀တ်ကို ရယူခဲ့သည်။
အမေရိကန်ခရီးစဉ်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် သမ္မတ အိုဘားမားကို တောင်းဆိုခဲ့ပြီး အမေရိကန်အစိုးရက ထိုတောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအား လက်ရှိအခြေအနေထက် ပို၍ အကူအညီ အထောက်အပံ့များ ပေးနိုင်မည့် ဥပဒေများကို အမေရိကန်ကွန်ဂရက်က အတည်ပြုရေးအတွက် စည်းရုံးမှုများ ပြုလုပ်နိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အာမခံလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဘဏ်လုပ်ငန်း ကဏ္ဍသုံးခုတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်အဖွဲ့များကို ပူးပေါင်းနှိမ်နင်းနိုင်ရန် ဆွေးနွေးခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ၂၀၁၁ မှစကာ ယန်း ၄၀၀ ဘီလီယံ (ဒေါ်လာ ၃.၈ ဘီလီယံ) ခန့် ကူညီထောက်ပံ့ခဲ့သည်။ ထို့အပြင် ယန်း ၁၂၅ ဘီလီယံ (ဒေါ်လာ ၁ ဘီလီယံကျောင်) ထပ်မံထောက်ပံ့ရန် စီစဉ်ထားကြောင်း ဂျပန်အစိုးရက စက်တင်ဘာလတွင် ကြေညာခဲ့သည်။ ရထား ပို့ဆောင်ရေး ရေအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် အခြားအခြေခံ အဆောက်အအုံကဏ္ဍ များတွင် အဓိက ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီများအနေဖြင့် ထိုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေး မူဝါဒမှာ လွတ်လပ်ခိုင်မာတဲ့ အမျိုးသားရေး ဦးစားပေး ပုံစံ ဖြစ်ပြီး နိုင်ငံကြီး တစ်နိုင်ငံ၏ ကျေးဇူးခံ သြဇာခံ အဖြစ် မရပ်တည်လိုသည်မှာ ထင်ရှားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ်များတွင် သွားရောက်မည့် နိုင်ငံများကို မဟာဗျူဟာကျစွာ ရွေးချယ်ခဲ့ပြီး မည်သည့် နိုင်ငံကမှ မြန်မာ့နိုင်ငံခြားရေး မူဝါဒတွင် ဦးစားပေးနိုင်ငံအဖြစ် မှားယွင်း ထင်မှတ်ခြင်း မရှိစေရန် ဂရုတစိုက် အစီအစဉ်ချ သွားရောက်ခဲ့ခြင်းဖြစ်သည်။
KHTun
Ref - The Japan Times
The Ladies News

No comments: