Tuesday, November 1, 2016

ဖွံ့ဖြိုးရေး၏ မျက်နှာစာများ

ဖွံ့ဖြိုးရေး၏ မျက်နှာစာများ

ကျွန်တော်တို့၏ အဘိုးအဘွားများ၊ မိဘများ မရရှိခဲ့သည့် အခွင့်အရေးတစ်ခုကို ဒီကနေ့ကျွန်တော်တို့ ရရှိနေကြသည်။ သူတို့တွေ မကြုံဖူး၊ မဖြတ်သန်းဖူးသည့် အချိန်ကာလတစ်ခုကို ဒီကနေ့ကျွန်တော်တို့ ဖြတ်သန်းနေကြသည်။ အနာဂတ်တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်ပုံဖော်နိုင်မည့်အခွင့်အရေး ရှိနေသည့် အချိန်ကောင်းတစ်ခုပင်။
တိုင်းပြည်သည် နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာမျှ ပဋိပက္ခ များ၊ စီမံခန့်ခွဲမှုအမှားများ၊ အုပ် ချုပ်မှုအလွဲများ၊ သံသယများဖြင့် အထိနာခဲ့ရာမှ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အနာဂတ်အတွက် ရောင်ခြည်ကို ဒီကနေ့မြင် ခွင့်ရခဲ့ပြီ။
ဒီကနေ့သည် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် တက်ညီ လက်ညီအားလုံးအတူတကွ ရုန်း ကန်ကြရမည့် ကာလတစ်ခုပင်။ အားလုံးမျှော်လင့်သည့် အနာဂတ် တိုင်းပြည်ကို မျှော်ရည်မှန်းကာ အားထုတ်ကြိုးပမ်းကြရမည်။ ဒီ နေရာတွင် မေးစရာရှိသည်က မည်သို့သော တိုင်းပြည်တစ်ခုလဲ။ နောင်လာမည့် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်မှာ တိုင်းပြည်ကို မည်သို့ ပုံစံဖြင့် မြင်တွေ့လိုပါသနည်း။ ကျွန်တော်တို့၏မျိုးဆက်များအ တွက် မည်သို့သော တိုင်းပြည်ကို အမွေအဖြစ်ထားခဲ့ကြမည်နည်း။ ငြိမ်းချမ်းသော၊ စည်ပင်သာယာဝ ပြောသော၊ လုံခြုံလွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော်တစ်ခုလား။ အယူအဆတွေ အမျိုးမျိုးရှိနေနိုင် သည်။ အတွေးအမြင်တွေ အဖုံဖုံ ကွဲပြားနိုင်သည်။ မတူကွဲပြားမှု၊ အတွေးအခေါ်အသွေးအရောင် စုံ လင်မှုကပင် ဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခု မဟုတ်ပါလား။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဟု ဆိုရာတွင် ဖွံ့ဖြိုးရေး (Development) ဆိုသည့် အယူအဆနှင့် စပ်လျဉ်းသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ မေးခွန်းတွေလည်း အမျိုးမျိုးရှိနေနိုင် သည်။ မည်သူ့အတွက် ဖွံ့ဖြိုးရေး လဲ။ မည်သူကသတ်မှတ်သည့် ဖွံ့ ဖြိုးရေးအယူအဆလဲ။ မည်သူတွေ အမြတ်ထွက်ပြီး မည်သူတွေနစ်နာ ဆုံးရှုံးသွားနိုင်သည့် ဖွံ့ဖြိုးရေးလဲ။ မည်သို့စံချိန်၊ စံညွှန်းတွေ၊ ပေတံ တွေအသုံးပြုပြီး တိုင်းတာသည့် ဖွံ့ ဖြိုးရေးလဲ။
ဒီကနေ့မှာ တိုင်းပြည်သည် ယခင်နှင့်မတူ ပွင့်လင်းလွတ်လပ် လာခဲ့ပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေ၊ နိုင်ငံတကာ အကူအညီ တွေ အလုံးအရင်းဖြင့် ၀င်ရောက် လာကြသည်။ နိုင်ငံတကာ အကူ အညီဟုဆိုရာတွင် ချမ်းသာသည့် အနောက်နိုင်ငံတွေက တစ်နိုင်ငံ ချင်းအလိုက် ပံ့ပိုးသည့်အကူအ ညီတွေ (Bilateral Assistance) ရှိသလို နိုင်ငံပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတွေ (Multilateral Develoment Inst-itutions) က ချေးငွေ၊ ထောက်ပံ့ ငွေအကူအညီတွေလည်း ရှိနေ သည်။ သို့ဆိုလျှင် ဖွံ့ဖြိုးရေးဆို သည် ထိုအကူအညီအထောက်အ ပံ့များ၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရသည့် စီ မံကိန်းများကို ဆိုလိုခြင်းပင်လား။
ဖွံ့ဖြိုးရေးအကူအညီတွေ ပေးရာတွင် အစိုးရကိုတိုက်ရိုက် ပေးသလို ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်း အသီးသီးများမှတစ်ဆင့် လည်း ပေးသည်။ ထိုအကူအညီ ရန်ပုံငွေများဖြင့် ဖွံ့ဖြိုးတိုးတက် ရေး အစီအစဉ်များနှင့် စပ်လျဉ်းပြီး မေးခွန်းတွေလည်း ရှိလာသည်။ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်းတို့သတ်မှတ် ထားသည့် ပုံစံအတွင်း သွတ်သွင်း နေခြင်းလား၊ ချမ်းသာပြီးအင်အား ကြီးသည့် တိုင်းပြည်တွေက အင် အားနည်းသည့် တိုင်းပြည်တွေအ ပေါ် ခြယ်လှယ်စိုးမိုးခြင်းလား၊ ကော်ပိုရေးရှင်းကြီးများ၏ ဈေး ကွက်ချဲ့ထွင်မှု (သို့မဟုတ်) ခေတ် သစ်ကိုလိုနီနယ်ချဲ့စနစ်လား စသည်ဖြင့် စဉ်းစားစရာတွေ အများကြီး ရှိလာသည်။ မြန်မာပြည်ကဲ့သို့ ပွင့် လင်းခါစ တိုင်းပြည်တစ်ခုအတွက် စဉ်းကိုစဉ်းစားသင့်သည့် ကိစ္စတွေ ဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်၊ လစ်ဘရယ် ဒီမိုကရေစီ၊ ထုတ် လုပ်မှုမြင့်မားသည့် ၀န်ဆောင်မှု နှင့် ကုန်ထုတ်လုပ်ငန်းများ၊ သုတ် သုတ်သွား၊ သုတ်သုတ်စား အမြန် ခေတ် လူနေမှုဘ၀။ ရုပ်ဝတ္ထုကြီး စိုးသည့် တိုင်းပြည်သည် မြန်မာ ပြည်အတွက် အနာဂတ်မျှော်မှန်း ချက်တစ်ခုလား (သို့မဟုတ်) ရုပ် ၀တ္ထုဖွံ့ဖြိုးရေးသာမက စိတ်ပိုင်း ဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ၊ ယဉ် ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထည့်သွင်းစဉ်းစားကာ ရှေ့ဆက် သွားမည့် တိုင်းပြည်တစ်ခုလား။ ပြည်သူပြည်သားများ ကိုယ်တိုင်ဆုံးဖြတ်ရမည်သာလျှင်။
သို့သော် တစ်ဖက်မှာလည်း စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေရတာ၊ လုပ်ကိုင်စား သောက်စရာ မြေယာတွေအသိမ်း ခံရလို့ ဒုက္ခရောက်ရတာ၊ လူတွေ ထမင်းငတ်နေတာ၊ လူတွေပညာ မတတ်၊ အရင်းအနှီးမရှိလို့ ၀င်ငွေ တွေမကောင်းတာ၊ ကျေးရွာတွေ မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ မလေးရှားမှာ၊ ထိုင်းမှာ၊ ဒူဘိုင်းမှာ အလုပ်သွားလုပ်နေရ တာ၊ ကာကွယ်ကုသလို့ရတဲ့ ရော ဂါကိုငွေမရှိလို့၊ အလှမ်းဝေးလို့ မကုသနိုင်ဘဲ အသက်တွေဆုံးရှုံး နေရတာ၊ ရာသီဥတုတွေ ဖောက် ပြန်နေတာစသည့်စသည့် ကိစ္စရပ် များသည် အချိန်မဆွဲဘဲ အမြန်ဆုံး နည်းဖြင့် ချက်ချင်းဖြေရှင်းရမည့် ကိစ္စတွေချည်း ဖြစ်နေသည်။
တိုင်းပြည်မှာ လိုအပ်ချက် တွေ ရှိနေသည်။ တစ်ဖက်မှာအကူ အညီပေးချင်သူတွေလည်း ရှိနေ သည်။
သို့ဆိုလျှင် ဖွံ့ဖြိုးရေးအကူ အညီတွေကနေ အကျိုးအမြတ်အ မြင့်ဆုံးရပြီး အဆုံးအရှုံးအနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဘာတွေ  လုပ်နိုင်သလဲ။ ပထမဦးဆုံးလုပ်နိုင် သည့်အချက်မှာ အစိုးရကဦး ဆောင်ပြီး ဖွံ့ဖြိုးရေးအကူအညီ များကို စီမံခန့်ခွဲနိုင်ဖို့ ဖြစ်သည်။ တိုင်းပြည်၏လိုအပ်ချက်အပေါ် မူ တည်ကာ မည်သို့သော အကူအညီ (ငွေကြေးအကူအညီ၊ နည်းပညာ အကူအညီအစရှိသဖြင့်) ကို မည် သူ့ထံမှ ရယူမည်ကို ဆုံးဖြတ်သူ သည် ဖွံ့ဖြိုးရေးအကူအညီပေး မည့်သူတွေ မဟုတ်။ အစိုးရနှင့် ပြည်သူတွေကိုယ်တိုင်သာ ဖြစ်ရ မည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အ ကောင်အထည်ဖော်ရာတွင် ပြည် သူများ၏ အကျိုးကိုဦးတည်သည့်၊ ပြည်သူများ၏ ဘ၀နှင့် ကိုက်ညီ သည့်၊ ပြည်သူများလိုလားသည့် လုပ်ငန်းအစီအစဉ်များသာ ဖြစ် သင့်သည်။ အလှူရှင်တွေ၏ မျက် နှာကိုမကြည့်ဘဲ အကျိုးခံစားခွင့်ရ မည့် ပြည်သူတွေ၏မျက်နှာကိုသာ ကြည့်သင့်သည်။
ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ရေးဆွဲသည့်နေရာ၊ အကောင်အ ထည်ဖော်သည့်နေရာ၊ အကဲဖြတ် သုံးသပ်သည့် နေရာတွင် ပြည်သူ လူထု၏ အသံ၊ ပြည်သူတွေ၏ အခန်းကဏ္ဍအဓိပ္ပာယ်ရှိစွာ၊ ထိ ရောက်စွာပါဝင်နိုင်ရန် အားထုတ် ဖို့လိုသည်။ ပြည်သူကိုကိုယ်စားပြု သည့် အရပ်ဘက်အဖွဲ့အစည်း (Civil Society Organizations) တွေ အားကောင်းလာအောင် အားပေးမြှင့်တင်ပေးရန် လိုသည်။
အစိုးရသည် လုပ်ငန်းအစီအ စဉ်များ၊ မူဝါဒများကို ရေးဆွဲအ ကောင်အထည်ဖော်ရာတွင် ပြည် သူများအား အသိပေးခြင်း၊ တိုင် ပင်ဆွေးနွေးခြင်း၊ အကြံဉာဏ်ရ ယူခြင်းဟူသည့် လုပ်ငန်းစဉ်များ ကို မဖြစ်မနေ ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း အဓိပ္ပာယ်ရှိရန်၊ ထိရောက်ရန်နှင့် အားလုံးကိုယ်စားပြုပါဝင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်။ သို့မှသာ ပြည်သူများကို အကျိုးပြုသည့်၊ထိရောက်သည့် ဖွံ့ဖြိုးရေးအစီအစဉ် များ ဖြစ်လာနိုင်သည်။ ထိုအယူအဆများသည် ဒီကနေ့ ဖွံ့ဖြိုးရေး၏ မျက်နှာစာတွင် အရေးပါလာသည့် အချက်များပင် ဖြစ်ကြပါသည်။
ဒီကနေ့သည် ကျွန်တော်တို့ ၏ အဘိုးအဘွားများ၊ မိဘများ မရရှိခဲ့သည့်အခွင့်အရေးများကို ကျွန်တော်တို့ရရှိပိုင်ဆိုင်နေသည့် အချိန်ကာလတစ်ခုဖြစ်သည်။ ဖွံ့ ဖြိုးရေးအကူအညီများကို တိုင်း ပြည်အတွက် အကောင်းဆုံးအသုံး ချကာ အနာဂတ်တိုင်းပြည်ကို မိမိ တို့စိတ်ကြိုက်ပုံဖော်သွားကြရမည် သာ။   ။

http://www.7daydaily.com/story/79610

No comments: