Saturday, November 5, 2016

မန္တလေး

မန္တလေး

မန္တလေး
အလှမ်းမဝေးတဲ့ အတိတ်လမ်းမှာ
အလွမ်းအဆွေးနဲ့ ဆိပ်ကမ်းလို
စည်းကမ်းတွေဖောက်လို့  ထီးနန်းတွေပျောက်ခဲ့
ကျီးကန်းတောင်းမှောက် မျက်လုံးနဲ့ 
ကျပျောက်ဆုံးသွားတဲ့ ယဉ်ကျေးမှုကို ရှာဖွေ
ဇရပ်အို နန်းတော်ဟောင်းက အတိတ်အကြောင်းတွေးရင်း
အရင်လို ရင်ဘတ်ဟောင်းလောင်းနဲ့ အသည်းကွဲနေတဲ့ မြို့ .....။

ရွှေကျောင်းတော်ရဲ့ ရွှေရောင်တောက်ပခဲ့ နေ့ ရက်များမှာ
ရွှေခြေကျင်း ၀တ်ဆင်ရင်း လှပ ပဏာတင့်ခဲ့
ဖောက်ပြန်ခဲ့ သက္ကရာဇ်များထဲမှာ
သံခြေကျင်းဝတ်ရင်း နွံနစ်ခဲ့
အိပ်မက်ရိုင်းတွေ အရိုးပြိုင်းပြိုင်း သစ်ပင်လို
နွေပူလှိုင်းမှာ ဘ၀တွေရုန်းကန်ရင်း
ရင်ဘတ်ထဲ မျိုးချစ်စိတ်တွေ တပ်စွဲထားတဲ့ မြို့ ..။

ရေနစ်မြုပ်နေတုန်းကတော့
ဆူးခင်းလမ်းကို လျှောက်စရာ မလိုတဲ့ မြို့ ....
မျက်ရည်စမ်းတွေကို ၀မ်းနဲ့ လွယ်မွေးခဲ့လည်း
ခြေလှမ်းက မန်းဟန်မပျက် နန်းဆန်လျက် ယဉ်သကို
ပန်တျာကျောင်းက ပင်ကိုယ် ကကြိုးလက်တွေ
အနာဂတ်ကို စိန်ခေါ်ဖို့ လိုအပ်ရင်
တိုတောင်းတဲ့ ဘ၀ခရီးမှာ ငိုနေမယ်မထင်နဲ့ 
မန္တလေးတောင်ရိပ်ခို ပြီး လက်ခမောင်းခတ်နေတဲ့ မြို့ ..။

ပြုံးနေစဉ် ဖြတ်ရိုက်ခံလိုက်ရတဲ့ မခေသူ လူမိုက်လို
ကျုံးရေပြင်မှာ ဖြတ်တိုက်လာတဲ့ လေပူကို ရှုရှိုက်
အရှုံးတွေ ပြန်မမြင်ဖြစ်အောင် မာယာများတဲ့ လောကတုထဲ
ဆေးအတု ၊တေးအတု ၊သွေးအတု ၊ယဉ်ကျေးမှုအတုတွေ ထွန်းကား
ဖောက်ပြန်တဲ့ စနစ် ခေတ် ယန္တယားအောက်မှာ
လူမျိုးခြားတွေ သေနတ်တစ်ချက်မဖောက်ပဲ အသိမ်းခံလိုက်ရတဲ့ မြို့ ..။

ရင်ဘတ်ထဲ အဆင်မပြေမှုတွေများနေလို့ 
အမြင်ကတ်ပြီး လောကကို အ၇ွဲ့ တိုက်နေသလား
ညရောက်ရင် ပလက်ဖောင်းပိတ်ပြီး ဈေးရောင်းတယ်..။
နေ့ ဖက်ဆို ဦးထုပ်မဆောင်းပဲ ဆိုင်ကယ်မောင်းတယ်..။
အနာဂတ်ကို ဆတ်ဆတ်ထိမခံ အတွေးပိုပြီး
ဈေးချိုက နာရီစင်ကြီး မတ်တပ်ရပ် ငိုနေတဲ့ မြို့ ..။

အသည်းကွဲနေတဲ့ အတိတ်ကို မေ့ပျောက်ဖို့ 
ပွဲလမ်းသဘင်နဲ့ အိပ်မရ ညတွေကို ကျော်ဖြတ်
စွဲလမ်းတဲ့ရင်မှာ အရိပ်တွေ ထင်ဟပ်စဲ
ခါးသီးတဲ့ လမိုက်ညတွေ လွန်မြောက်ဖို့ 
နားငြီးလောက်အောင် ဘုရားကြီးမှာ ဆုတောင်းနေတဲ့ မြို့ ..။

ရှေးဟောင်းအမွေအနစ်တွေ ပွေ့ ဖက်
ခေတ်အဆက်ဆက် ရင့်ကျက်တဲ့ ဧရာဝတီ
နာ၇ီလက်တံတွေလို မျှော်လင့်ခြင်းတွေ မပြတ်စီးဆင်း
ငိုတခါ ရီတလှည့် လောကရဲ့ အထုအထောင်း အလှည့်အပြောင်းအောက်
ရင်ဘတ်ထဲမှာ ပြတိုက်တခုလို ရှေ့ တပြစာ ဒဏ်ရာတွေ ၊မေ့မရအောင် သိမ်းထား
ရှေးစကားလို ရန်ကုန်က အကြွား ၊မော်လမြိုင်က အစား ၊မန္တလေးက စကားဆိုရင်
မန္တလေးကစကားဆိုတာ တရုတ်စကားလားလို့ နောက်တခါ ကြုံရင်မေးရဦးမဲ့ မြို့ ..။

အောင်ခိုင်မြင့်

၆ နိုဝင်ဘာလ ၂၀၁၆

( မန္တလေးရောက် အမှတ်တရ ကဗျာ  )



 

No comments: