Thursday, November 3, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံရောက် မြန်မာများနှင့် တွေ့ဆုံပွဲ ပြောကြားချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏
ဂျပန်နိုင်ငံရောက် မြန်မာများနှင့် တွေ့ဆုံပွဲ ပြောကြားချက်
 
နေပြည်တော်၊ နိုဝင်ဘာ ၃
Myanmar State Counsellor Office's photo.
"မုဒိတာပွားမှ တိုးတက်မည်"
ဂျပန်ဝါဆာတာတက္ကသိုလ်က လူကြီးမင်းများ အားလုံးကိုလည်း အခုလိုတွေ့ဖို့စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကျွန်မတို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံဖို့ စီစဉ်တဲ့အခါမှာ ကျွန်မတို့ အားလုံးတွေ့ခွင့်မရခဲ့ပါဘူး။ ဆန့်သလောက်ပဲ တွေ့ခွင့်ရတယ်။ ဒီတော့ ကျွန်မတို့ဗမာတွေက မိမိပေါ့ ငါမလာရဘူးလား ငါမလာရဘူးလား ဆိုပြီး ငြင်းကြခုံကြတယ်လို့ ကျွန်မ ကြားပါတယ်။ အဲ့ဒီက စပြီး ကျွန်မတို့ ကိုယ်ကိုယ်ကို ပြုပြင်ဖို့ လိုတယ်လို့ ဆိုတာ စဉ်းစားစေ ချင်ပါတယ်။
ဒါဟာ ဘာလို့လဲဆိုတော့ အခု ပွင့်လင်းလာတဲ့ခေတ်သစ်မှာ ဒီလို စိတ်ထားတွေထားလို့ မဖြစ်ပါဘူး။ ငါမပါရဘူးလား ဆိုတဲ့ စဉ်းစားမှုထက် ပါဝင်သင့်တဲ့သူတွေပါသွားရင် ကျေနပ်ပါတယ်။ ကိုယ် မပါရလို့ ရှိရင် လည်း စောင့်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်။ အားလုံး ပါဝင်နိုင်ဖို့ မလိုပါဘူး။ ပါမှဖြစ်တာ မဟုတ်ပါဘူး။
ဘေးကနေပံ့ပိုးပေးခြင်း၊ ဘေးကနေအားပေးခြင်း၊ မုဒိတာပွားခြင်းဆိုတာလည်း ကျွန်မတို့နိုင်ငံအတွက် အများကြီးအရေးကြီးပါတယ်။
ကျွန်မတို့နိုင်ငံ မှာ ဒီကနေ့ မုဒိတာနည်းနေတယ်လို့ ကျွန်မ မြင်ပါတယ်။ ဒီတော့ ဒီဟာကို အဓိကအလေးထားစေချင်ပါတယ်။ မုဒိတာပွားတယ်ဆိုတာ ပွားနိုင်မှ ကျွန်မတို့နိုင်ငံတိုးတက်မှာပါ။
ကျွန်မတို့နိုင်ငံအတွက် အကျိုးရှိမဲ့ မည်သူ့ကိုမဆို ကျွန်မတို့ မုဒိတာပွားနိုင်ရ မယ်။ ငါမလုပ်ပေးနိုင်တဲ့ကိစ္စ သူလုပ်ပေးနိုင်ပါလား.. ဒါကြောင့်မို့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးမယ်၊ ကူညီပေးမယ်ဆိုတဲ့ စိတ်ဓာတ် ထားရမယ်။
ငါက သူတို့ထက်ပိုလုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်ဓာတ်တွေမထားပါနဲ့။ တကယ်လုပ်ကြည့်မှ တကယ်လုပ်နိုင်မလုပ်နိုင်ဘူးဆိုတာတွေ့ရမှာပါ။
အဲ့တော့ ကိုယ့်လုပ်ရတဲ့ကိုယ်ကျရာနေရာမှာ တာဝန်ယူ ပီပီပြင်ပြင်ထမ်းဆောင်ဖို့က အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့အများကြီးလိုပါတယ်။
ဂျပန်မှာရောက်နေတဲ့ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက -
ပထမဆုံးအားဖြင့် ဒီနိုင်ငံမှာရောက်နေတယ်ဆိုလို့ရှိ့ရင် စည်းကမ်းသေဝပ်မှု ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ ဒါလည်း ကျွန်မတို့သင်ယူရမဲ့ကိစ္စပါ။ ဒါကိုသတိပြုမိမှာဖြစ်ပါတယ်။ ကိုယ်သင်ယူရမယ့် ကိစ္စကို သင်ယူရမှန်းသိဖို့လိုပါတယ်။ မဟုတ်တဲ့ မာနနဲ့ တခါတည်း ငါဘာမှသင်ယူဖို့မလိုဘူး တတ်ပြီးသား သိပြီးသားဆိုရင် ကျွန်မတို့ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ ကြိုးစားရမယ်၊ စည်းကမ်းရှိရမယ်။ ဒါမှ ကျွန်မတို့တိုးတက်နိုင်မှာပါ။ အလုပ်လုပ်ဖို့ အများကြီးလိုတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်တယ်ဆိုတာက ကိုယ့်တစ်ယောက် တည်းကြောင့် လုပ်မှာလား အများအတွက်လုပ်တာလားဆိုတာ အဲ့တာကို စဉ်းစားဖို့လိုပါတယ်။
ကျွန်မ ဝါဆာဘာ တက္ကသိုလ်က ဆရာတွေနဲ့တွေ့တဲ့အခါမှာ ဒီမှာ မြန်မာကျောင်းသား ၁၆ယောက် ရောက်နေတယ်လို့ ကျွန်မ နားလည် ပါတယ်။ အဲ့တော့ ဒီ၁၆ယောက်ဟာ ပညာသင်ပြီးတဲ့ အခါကျလို့ ရှိရင် နိုင်ငံ့ အတွက် ဘယ်ဘက်ကနေပံ့ပိုးမလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒီ ၁၆ယောက်တင်မကဘူး တခြားဒီနိုင်ငံမှာ လာပြီးတော့ ပညာသင်ဖို့ အခွင့်အရေး ရနေတဲ့ ပုဂ္ဂိုလ်များ၊ စီးပွားရေးအရ လေ့လာဖို့ လုပ်ဆောင်ဖို့ အခွင့်အရေးရနေတဲ့ပုဂ္ဂိုလ်များ၊ ကိုယ့်နိုင်ငံမှာကိုယ် ဘယ်လို အကျိုးပြုမလဲ ဆိုတာ ပြန်ပြီး စဉ်းစာစေချင်ပါတယ်။ ကျွန်မ အဲ့လိုပြောလို့ ဂျပန်နိုင်ငံမှာ အခြေချနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စိတ်အားငယ်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်နေရာမှာမဆို ဘယ်အခြေအနေမျိုးမဆို တကယ်စေတနာနဲ့ ပံ့ပိုးပေးချင်တဲ့ စိတ်ဓာတ်ရှိရင် ပံ့ပိုးနိုင်တဲ့ အခွင့်အလန်းတွေကပေါ်လာမှာပါ။ ဒီတော့ အဲ့ဒီဟာတွေကြည့်ပြီး လုပ်စေချင်ပါတယ်။
ဘယ်ဘက်ကနေ ကူညီနိုင်မလဲဆိုတာကို ကြည့်ကြပါ။ နောက်ပြီးတော့ ကူညီတဲ့နေရာကလည်း လိုတဲ့နေရာက ကူညီဖို့ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာမှ လုပ်ပေးမယ်ဆိုတာက တကယ့်ကူညီတဲ့စိတ် မဟုတ်ပါဘူး။ တကယ့် ကူညီတဲ့စိတ်တာ တစ်ခါတစ်လေ တကယ့်ကိုယ်လုပ်ချင်တာမဟုတ်ပေမယ့် လုပ်သင့်တဲ့နေရာကိုလုပ်ရပါမယ်။ လုပ်သင့်တဲ့နေရာ လုပ်ချင်တဲ့နေရာဆိုတာ အမတန်မှ ကွာခြားပါတယ်။
"အဆများစွာ တိုး၍ အလုပ်လုပ်ရန် လိုအပ်နေ"
အခု ကျွန်မတို့နိုင်ငံမှာဆို အဖက်ဖက်ကတိုးတက်ဖို့လိုနေပါတယ်။ အခု စီးပွားရေးကို ကျွန်မတို့ ဝင်တိုးကြည့်တဲ့အခါမှာ ကမ္ဘာ့စီးပွားရေး က နှေးကွေးနေတယ်၊ ထိုင်းမှိုင်းနေတယ်လို့ပြောရပါလိမ့်မယ်။ ကျွန်မတို့ အနေနဲ့ နောက်ကျနေတဲ့စီးပွားရေးကို တိုးအောင်လုပ်ဖို့ဆိုတာ ဒီအခြေအနေမှာ ကျွန်မတို့ နှစ်ဆ သုံးဆ အလုပ်လုပ်ဖို့ ပိုလိုပါလိမ့်မယ်။
၁၉၄၅-၄၆-၄၇ စစ်ပြီးကပေါ့နော်.. လွတ်လပ်ရေး မရခင်ကာလ တုန်းက ဆိုရင် ဖေဖေတို့ပြောခဲ့တဲ့စကားရှိပါတယ်။ မြန်မာနိုင်ငံဟာ သူများတွေလမ်းလျှောက်နေတဲ့အချိန်မှာ ပြေးနိုင်မှ အမှီလိုက်နိုင်မှာတဲ့။ ဘာလို့ဆိုရင် ကျွန်မတို့နိုင်ငံက စစ်ရဲ့ဒဏ်ကိုခါးခါးသီးသီး ခံခဲ့ရလို့ ပြန်ပြီး လမ်းကြောင်း၊ ပြန်လည်ထူထောင်ဖို့အတွက်ဆိုရင် တခြားသူတွေထက်စာရင် ပိုပြီးဝါယမစိုက်ထုတ်နိုင် ပိုပြီးကြိုးစားနိုင်မှ ပိုပြီးအပင်ပန်းခံနိုင်မှ တခြားလူတွေနဲ့တန်းတူဖြစ်မယ်ဆိုတော့ ပြောခဲ့တဲ့ စကား အခုခေတ်မှာလည်း ဒီစကားက တည်ဆဲပါပဲ။ ဒီအခြေအနေမှာ တခြားသူတွေထက် ပိုပြီးကြိုးစားနိုင် မှ၊ တခြားသူတွေထက်ပိုပြီး သဘောထားကြီးနိုင်မှ၊ တခြားသူတွေထက် ပိုပြီး အပင်ပန်းခံနိုင်မှ၊ တခြားလူတွေနဲ့ ကျွန်မတို့တန်းတူဖြစ်နိုင်မှာပါ။ တစ်ချိန်တစ်ခါတုန်းက ကျွန်မတို့ အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ အရင် အတိုင်း ရှေ့မှာ ပြေးနေ တဲ့ နိုင်ငံပြန်ဖြစ်ဖို့ ဆိုတာ ကျွန်မတို့အားလုံး ဝိုင်းဝန်းပြီး ကြိုးစားစေလိုပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းအတွက် မဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံတစ်ခုလုံးအတွက်ပါ။
"ဆင်းရဲတွင်းနက်နေတဲ့အချိန် ကိုယ်တယောက်တည်း ချမ်းသာတာဟာ ဘာမှဂုဏ်ယူစရာ မဟုတ်"
ကျွန်မ ခဏခဏပြောပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဆင်းရဲတွင်းနက်နေတဲ့အချိန် ကိုယ်တယောက်တည်း ချမ်းသာတာဟာ ဘာမှဂုဏ်ယူစရာ မဟုတ်ဘူး၊ ကိုယ်ရဲ့ချမ်းသားမှုကို အများအတွက် သုံးပါ၊ ကိုယ့်အတွက်လည်း သုံးပါ၊ အားလုံးကို အများအတွက်လည်း သုံးရမယ်လို့ မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အတ္တဟိတ ပရဟိတ နှစ်ခုလုံး ရှိပါတယ်။ ကိုယ့်အတွက် လည်းလုပ်ဖို့လည်း တာဝန်ရှိတယ်၊ အများအတွက်လည်း လုပ်ဖို့တာဝန်ရှိတယ်။ ဒီနှစ်ခုကို မျှမျှတတသုံးလိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံဟာ အမတန်မှ တိုးတက်မှာပါ။
ကိုယ့်အတွက်ကိုယ်လုပ်နိုင်တဲ့ အစွမ်းရှိမှပဲ သူများအတွက် လုပ်နိုင်စွမ်းရှိမှာပါ။ ဥပမာဆိုလို့ရှိရင် အများအတွက် ပညာရေးလောကမှာကူညီခြင်း၊ ပထမဆုံး ကိုယ်က ပညာသင်ယူရမယ်။ ကိုယ်ကပညာ မတတ်ဘဲနဲ့ ဆင်းရဲတွင်းနက်နေ တဲ့ အချိန် ကိုယ်တယောက်တည်း ချမ်းသာတာဟာ ဘာမှဂုဏ်ယူစရာ မဟုတ်တို့နိုင်ငံမှာ ကျွန်မတို့ကျောင်းသားတွေ ကိုယ်ကပညာပေးချင်ပါတယ် ဆိုတာ ဒါဟာ လက်တွေ့မကျပါဘူး။ အဲ့တော့ အတ္တဟိတ ကိုယ့်အတွက် ပညာရှာယူရမယ်။ ပရဟိတ ဒီပညာကိုပြန့်ပွားအောင်မျှဝေရမယ်။
"ဆရာစား ချန်ခြင်း မရှိသင့်"
ဆရာစား ချန်တယ် ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးဆိုတာ ကျွန်မ ခဏခဏပြောဘူး ပါတယ်။ တခြားဘာသာစကားမှာလည်း ဒီလိုစကားမျိုးမကြားဘူးပါဘူး။ ဂျပန် စကားမှာရှိလားတော့ မသိပါဘူး။ အင်္ဂလိပ်ဘာသာစကားမှာတော့ ဆရာစား ချန်တယ်ဆိုတာတော့မရှိပါဘူး။ ကျွန်မတို့ဘာသာစကားမှာ ဘာလို့ရှိလဲ ဆိုတော့ ကျွန်မတို့ရှေ့က ဒီလိုကိစ္စမျိုးတွေ လုပ်ခဲ့ဘူးလို့လား၊ လုပ်တဲ့အကျင့် ရှိခဲ့လို့လားဆိုတာ ကျွန်မတို့စဉ်းစားစရာပါ။
ဆရာစားးချန်တယ်ဆိုတာ မရှိသင့်ဘူးဆိုတာ ဆရာတယောက်ရဲ့ ဂုဏ်ဟာ သူ့ရဲ့ ကျောင်းသားတွေ သူ့ရဲ့ တပည့်တွေ ဘယ်လောက်တိုးတက်သလဲဆိုတာပါပဲ။ သူတယောက်တိုးတက်တယ်ဆိုတာ သူ့ရဲ့ဂုဏ်ပဲဖြစ်တယ်။ ဆရာရဲ့ဂုဏ်မဟုတ်ဘူး အဲ့ဒါကို နားလည်စေချင်ပါတယ်။
အဲ့တာကြောင့် စီးပွားရေးသမားတယောက်ရဲ့ဂုဏ်ဟာ သူတယောက်တည်း ချမ်းသာတဲ့ဂုဏ်မဟုတ်ပါဘူး၊ သူရဲ့ချမ်းသာမှုကို အများအတွက်သူဘယ်လို အသုံးပြုနိုင်သလဲဆိုတာ သူရဲ့ဂုဏ်ဖြစ်ပါတယ်။ သူတယောက်တည်း ချမ်းသာတာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် သူ့ရဲ့ရပိုင်ခွင့်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ဂုဏ် မဟုတ်ပါဘူး။
ချမ်းသာမှုနဲ့ ဂုဏ်က မတူပါဘူး။ ချမ်းသာမှုဆိုတာ ကျွန်မ ပြောတာက ရုပ်ပိုင်းဆိုင်ရာချမ်းသာမှုကို ပြောတာပါ။ အဲ့တော့ ရာထူးရာခံကြီးမားလို့ ပိုက်ဆံများလို့ ဒါဟာဂုဏ်မဟုတ်ပါဘူး။ ကိုယ်ရဲ့ ရာထူး ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို ဘယ်သူ့အတွက် ဘယ်လိုသုံးသလဲဆိုတာသာ ကိုယ့်ဟာ ဘယ်လောက်ဂုဏ်ရှိလဲ၊ မရှိဘူးဆိုတာသာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
အခု ကျွန်မတို့အစိုးရသစ်ဖွဲ့တဲ့အခါမှာလည်း ပါဝင်ချင်တဲ့သူတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် လူတိုင်းလူတိုင်း ပါဝင်နိုင်တယ်ဆိုတာ သဘော မပေါက်ဘူး။ တချို့လူတွေက သူတို့ ရာထူးရှိမှ နေရာရှိမှ ပါဝင်နိုင်မယ် လို့ထင်ပါတယ်။ ရာထူးရှိမှနေရာရှိမှ သူတို့လုပ်ရတာ ဂုဏ်ရှိတယ်လို့ သူတို့ထင်ပါတယ်။
ဒါကြောင့် ကျွန်မ မကြာခဏပြောဘူးပါတယ်။ ဘယ်အခြေအနေမှာမဆို တကယ် လေးစားစရာအကောင်းဆုံးပုဂ္ဂိုလ်များဟာ အမည်မသိ ရဲဘော်များဖြစ်တယ်လို့။ အမည်မသိ မဟုတ်ဘူး၊ အမည်ခံချင်တဲ့စိတ်ကို မရှိတာ။ ဂုဏ်ရဖို့မဟုတ်ဘူး။ ဂုဏ်သတင်းကြွယ်ဝဖို့မဟုတ်ဘူး။ တခြားသူတွေက အထင်ကြီးဖို့မဟုတ်ဘူး။ ကိုယ်ရဲ့စိတ်ဓာတ်နဲ့ ငါရရာနေရာက လုပ်မယ်၊ ငါ ရရာနေရာက ပံ့ပိုးမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ အမည်မသိ ရဲဘော်တွေကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီခရီးက ဒီအခြေအနေ အထိ ရောက်လာတာ။
"မြန်မာနိုင်ငံကို အများ လေးစားအောင် လုပ်ပါ"
ကျွန်မတို့ဒီမိုကရေစီခရီးက ဒီအခြေအနေရောက်လို့ ပြီးမလား ဆိုတော့ မပြီးသေး ပါဘူး။ ဆက်ပြီး သွားစရာ အများကြီးရှိပါတယ်။ စနစ်တစ်ခု ကို အမြစ်တွယ်ဖို့ဆိုတာ အမတန်မှကြာပါတယ်။ အခု ကျွန်မတို့စနစ်က အခုမှ အစပျိုးတာဆိုတော့ အမြစ်တွယ်အောင်လုပ်ဖို့ဆိုတာ ကျွန်မတို့အများကြီးဝိုင်းပြီး ကြိုးစားရမှာပါ။ ဒီလိုအမြစ်တွယ်အောင် လုပ်တယ်ဆိုတာ အများအတွက် အမြစ်တွယ်အောင်လုပ်တာဆိုတာ အားလုံးသဘောပေါက်ဖို့လိုပါတယ်။
ဒါကြောင့်မို့ အခွင့်အရေးနဲ့ တာဝန်မှာ တာဝန်ကို အမြဲရှေ့တန်းတင်ပါလို့ ကျွန်မကနေ တိုက်တွန်းတာပါ။ အခွင့်အရေးဆိုတာ အသိအမှတ်ပြုရမယ် အခွင့်အရေးဆိုတာ ကာကွယ်ရမယ်။ ဒါပေမယ့် အခွင့်အရေးကို ကာကွယ်တဲ့ အခါမှာ ကိုယ့်တယောက်တည်းအတွက်မဟုတ်ဘဲနဲ့ သဘောထားအရ မူအရ ကာကွယ်ရမယ်။ ဥပမာ- သတ္တိရှိရှိနဲ့ နိုငိငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ခြင်းအားဖြင့်ကိုယ်ကိုယ်ကို ကာကွယ်တာဖြစ်တယ်။ ကိုယ်တယောက်တည်းအတွက်ကြည့်ပြီး ကိုယ့်အခွင့်အရေးကိုယ် ကာကွယ် လား၊ ဘယ်ဟာကိုကြည့်ပြီးလုပ်သလဲဆိုတာ ကိုယ်ဟာကိုယ် အသိဆုံးပါ။ ပြင်ပက လူတွေတော့သိမှာမဟုတ်ပါဘူး။ ဘယ်သူကမှ ကျွန်တော့်အခွင့်အရေးအတွက် ကျွန်တော်လုပ်တယ် လို့တော့ ပြောလေ့ မရှိပါဘူး။
ဟိုလူ့အခွင့်အရေးအတွက်၊ ဒီအခွင့်အရေးအတွက်၊ ဒီလိုပဲပြောကြတာပဲ။ ဒါပေမယ့် တကယ်ပဲ ကိုယ့်အခွင့်အရေးအတွက် လုပ်တာလား၊ ကိုယ့်အခွင့်အရေးကို ကာကွယ်တယ်ဆိုတာ အများရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပြီး လုပ်တာလားဆိုတာ ကိုယ်အသိဆုံးပါ။
ဒါပေမယ့် ကိုယ်အသိဆုံးဆိုပေမယ့် ဘေးပတ်ဝန်ကျင်က မသိဘူးလို့တော့ မထင်နဲ့။ တဖြည်ဖြည်းတော့ သိလာတာပဲ။ ချက်ချင်းတော့ သိချင်မှ သိမှာပေါ့။ နောက်တော့ ပေါ်လာတာပဲ။ အဲ့တာကြောင့်မို့ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက ဘာပဲလုပ်လုပ် ကိုယ့်အတွက်လည်းလုပ်ပါ၊
သူများအတွက်လည်းလုပ်ပါ။ ဒီစိတ်ဓာတ်ကိုမွေးမြူပါ။ ဒီစိတ်ဓာတ်မွေးနိုင်မှ ကျွန်မတို့တိုးတက်နိုင်မှာပါ။ ကျွန်မတို့နိုင်ငံတိုးတက်ဖို့ဆိုတာ အများ တာဝန်ဖြစ်တယ်။ ကျွန်မတို့နိုင်ငံတိုးတက်ရင် အများကလည်း ဒီတိုးတက်မှုရဲ့ အကျိုးကို ခံစားရမှာပါ။
တစ်ကမ္ဘာလုံးကလေးစားတဲ့ နိုင်ငံသူနိုင်ငံသား ဖြစ်ရတာနဲ့ အများ မလေးစားတဲ့ နိုင်ငံသူနိုင်ငံသားဖြစ်ရတာ မတူဘူး ဆိုတာ ပြည်ပရောက် နိုင်ငံသူနိုင်ငံသားတွေ သေသေချာချာနားလည်ယုံကြည်မယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံကို သူများလေးစားအောင် ဆိုတာ အထင်ကြီးခံချင်လို့ မဟုတ်ဘူး၊ လေးစားအပ်တဲ့ လက္ခဏာတေ၊ွ လေးစားအပ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရည်အချင်းတွေ၊ ကျွန်မတို့ ပိုင်ဆိုင်ဖို့ဆိုတဲ့သဘောနဲ့ အများလေးစားမှုကို ခံသင့်တာဖြစ်ပါတယ်။
ဘာမှ ကိုယ့်ဘာသာ မလုပ်ထားဘဲနဲ့ ဘာမှကိုယ့်မှာအရည်အချင်းမရှိဘဲနဲ့ အလေးစားခံရတယ်ဆိုတာ တနည်းအားဖြင့် လူတွေက အထင်မှားပြီးလေးစား တာဖြစ်မယ်။ကိုယ်လုပ်ဘူးတယ် ကိုယ့်မှာဂုဏ်ရှိတယ် ထင်တယ်။ အမှန်တော့ ကိုယ့်မှာ ဂုဏ်မရှိဘဲ အလေးစားခံရတယ်ဆိုတာ အမှန်တော့ ဘာမှတန်ဖိုး မရှိပါဘူး။
ဒီတော့ ကျွန်မတို့နိုင်ငံကိုလေးစားအောင် လုပ်ပါ။ ကျွန်မတို့နိုင်ငံကို အများလေးစားသောအားဖြင့် ကျွန်မတို့တဦးချင်း တဦးရဲ့ ဂုဏ်ကိုတက်အောင် လုပ်စေချင်ပါတယ်။ အခုဆိုလို့ရှိရင် လုပ်စရာတွေကအများကြီးပါပဲ။
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး...
နိုင်ငံရေးနဲ့ပြောရမယ်ဆိုရင် ခုနက ပထမဆုံး ပြောသွားတာက နိုင်ငံရေးပဲ။
ကျွန်မက နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းပြောပါတယ်။ ဒီလိုပြောရခြင်းက အကြောင်းရှိပါတယ်။ တစ်ကြောင်းကတော့ အဖြစ်ကို အဖြစ်တိုင်းပြောတာပါ။ ကျွန်မက နိုင်ငံရေးပါတီနဲ့လှုပ်ရှားခဲ့တော့ နိုင်ငံရေး သမားလို့ ကျွန်မ ပြောလို့ရပါတယ်။ တချို့က နိုင်ငံရေးသမားလို့ အသုံးအနှုန်းကို နားလည်မှုလွဲတာလည်းရှိပါတယ်။ အထင်သေးတာလည်း ရှိပါတယ်။ အဲ့ဒီလိုအထင်သေးရခြင်း အကြောင်းကလည်း နှစ်မျိုးရှိပါတယ်။
နိုင်ငံရေး လုပ်နေတဲ့သူတွေရဲ့ လုပ်ပုံကိုင်ပုံကြောင့် အထင်သေးရခြင်းဖြစ်တယ်။ ကိုယ့်ရဲ့ရပ်တည်မှုကြောင့် ကိုယ့်ရဲ့နိုင်ငံရေးဆိုတာ ဘာမှန်း နားမလည်မှုကြောင့် အထင်သေးရခြင်ဖြစ်တယ်။
အဲ့တော့ နိုင်ငံရေးလုပ်တဲ့သူတွေက အများကလေးစားအောင် လုပ်ဖို့ ဆိုတာ နိုင်ငံရေးသမားများရဲ့ တာဝန်ပဲ။ နိုင်ငံရေးသမားများ ကို အကြောင်းမဲ့ အထင်မသေးဖို့ ဆိုတာ ကိုယ့်ရဲ့ တာဝန်ပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ လူမိုက်တွေမှလုပ်တယ်လို့ထင်ပါတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ မိုက်တယ်တိုတာ စွန့်စားတတ်တဲ့ဆိုတဲ့ အမြင်ကမြင်ရင် မှန်ပါတယ်။
အရင် လွတ်လပ်ရေးအတွက် ကြိုးပမ်းတယ်ဆိုတဲ့ခေတ်တုန်းက တိုဗမာ အစည်းအရုံးအဖွဲ့ကို ထူထောင်ချိန်ကဆိုရင် တို့ဗမာအစည်းအရုံးအဖွဲ့အဝင် စုဆောင်းတော့ သတင်းစာထဲမှာကြေငြာခဲ့ပါတယ်။ လူမိုက်အလို ရှိသည် ဆိုပြီးကြေညာခဲ့တယ်။ အဲ့တုန်းက ပြောခဲ့တာရှိတယ်။ သခင်ပေါက်စ ထောင်ခြောက်လ။ အခု ကျွန်မတို့ခေတ်ကျတော့ ၆လလောက်ဆိုတာ ထောင်ကျတယ်လို့တောင် မသတ်မှတ်ဘူး။
အဲ့တော့ NLD အနေနဲ့ ကြမ်းခင်းဈေး ၅နှစ်။ ၅နှစ်ဆိုရင် ထောင်ကျတယ်လို့ မသတ်မှတ်ဘူး။ အဲ့ဒီဟာတွေကြည့်ပြီး နိုင်ငံရေး လုပ်တဲ့သူတွေက လူမိုက်တွေ၊ ဘာမှအကျိုးမရှိတဲ့အလုပ် လုပ်နေတယ်၊ သူတို့ကိုယ်သူတို့ ဒုက္ခရောက်အောင် လို့၊ သူတို့မိသားစုတွေ ဒုက္ခရောက်အောင်လုပ်တယ်လို့ သူတို့ထင်ကြပါတယ်။ ကျွန်မတို့လုပ်တာ ဒုက္ခရောက်ချင်လို့လုပ်တာမဟုတ်ပါဘူး။ ဘယ်တော့မှ ဒုက္ခမရောက်ချင်ပါဘူး။ ဘယ်သူမဆို ချမ်းချမ်းသာသာ အေးအေးဆေးဆေး နေချင်ကြတာပဲ။ ချမ်းချမ်းသာသာ အေးအေးဆေးဆေး မနေချင်ကြတဲ့သူတွေ က ခေါင်းမကောင်းဘူး လို့ပဲ ကျွန်မ ထင်ပါတယ်။
ဒါပေမယ့် ဒါ့ထက်ပိုပြီးအရေးကြီးတဲ့ကိစ္စရှိတယ်။ ကိုယ်တဦးတည်းချမ်းသာလို့၊ ကိုယ်တဦးတည်းအေးဆေးလို့၊ ကိုယ့်ရဲ့မိသားစုတစ်ခုတည်း ချမ်းသာဖို့ အေးဆေးဖို့ ဒါထက်ပိုပြီးအရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုတာကို လက်ခံဖို့ နှလုံးသွင်းထားဖို့ လုပ်ထားပါတယ်။
တချို့က နောင်တမဲ့ အကျိုးမျှော်ကိုးပြီး လုပ်တဲ့သူ မပါဘူးမဟုတ်ဘူး အတိုင်း အတာတခုထိ ပါပါတယ်။ ဒါကတော့ ပါမှာပဲပေါ့နော်။ ဒါကတော့ ဘယ် အခြေအနေမျိုးမဆို အခွင့်အရေးကြည့်ပြီးဝိုင်းရံတဲ့သူဆိုတာ ပါမှာပဲ။ ဒါပေမယ့် ကျွန်မတို့ ရုန်းကန်ခဲ့ရတဲ့ကိစ္စတွေက ရည်ရွယ်ချက်နဲ့ ယုံကြည်ချက် နဲ့ နိုင်ငံ့အတွက် ပန်းတိုင်တစ်ခုကို ရောက်ရှိချင်လို့ ဒီလိုရုန်းကန်လာခဲ့ရတာပါ။
ဒါက ပထမဆုံး နိုင်ငံရေးကိစ္စကိုပြောတာပါ။
"လူမှုရေး"
အခု ကျွန်မတို့ လူမှုရေး။
လူမှုရေးဟာ နိုင်ငံရေးဟာ ခွဲခြားလို့မရပါဘူး။ နိုင်ငံရေးဆိုတာ လူမှုရေးရဲ့တစ်ပိုင်းတစ်စ တစ်စိတ်တစ်ပိုင်း လို့လည်း ပြောလို့ရပါတယ်။ လူမှုရေး တိုးတက်မှုကို ခြုံငုံပြီးပြောရမယ်ဆိုရင်
နံပါတ်(၁) စိတ်ဓာတ်ပေါ့။ စောစောကပြောတဲ့ထဲမှာပါသွားပါတယ်။ သည်းခံမှုနဲ့ မုဒိတာပွားဖို့အတွက် နိုင်ငံရေးရေးဆိုတာ အများအတွက်လုပ်တယ်ဆိုတာ နားလည်ဖို့အတွက် နောက်တစ်ခုက လူမှုရေးနဲ့ အရမ်း အရေးကြီးတာ ကတော့ ပညာရေး။
ပညာရေးကတော့ ကျွန်မတို့နိုင်ငံမှာတော့ ပညာတတ်တွေအများကြီး လိုနေပါတယ်။ ပညာတတ်တွေဆိုတာ အခုခေတ် ပညာတတ်တွေ ကျွန်မတို့လိုပါတယ်။ ကိုယ့်နိုင်ငံအတွက် ပြန်ပြီးအကျိုးပြုမယ်ဆိုလို့ ရှိရင် ကိုယ်နိုင်ငံရဲ့ လိုအပ်ချက်တွေကို သဘောပေါက်ဖို့လိုပါတယ်။ အဲ့တော့ ပညာသင်တဲ့အခါမှာ ကိုယ်နိုင်ငံကို ဘယ်လိုဘက်ကပြန်ပြီး ပံ့ပိုးပေးမလဲ ဆိုတာကို စဉ်းစားစေချင်ပါတယ်။
တခြားနိုင်ငံတွေမှာ အခြေချနေထိုင်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေလည်းရှိပါတယ်။ နိုင်ငံသူနိုင်ငံသားတွေတော့ မပြောပါဘူး။ တချို့က တခြားနိုင်ငံသား ခံယူထားတာတွေလည်းရှိပါတယ်။ အဲ့တာကြောင့်လည်း စိတ်ညစ်စရာမလိုပါဘူး။ အားငယ်စရာလည်းမလိုပါဘူး။
အကြောင်းကြောင်းကြောင့် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံသား ခံယူထားပြီးရင် အဲ့ဒီနိုင်ငံအပေါ်သစ္စာရှိရမယ်။ ကျေးဇူးတရား ရှိရမယ်။ ကိုယ့်ကိုကာကွယ်ပေးတဲ့နိုင်ငံ၊ ကိုယ်အခြေချခွင့်ပေးတဲ့နိုင်ငံ။
နောက်တစ်ခုကလည်း ကိုယ့်ရဲ့အမိနိုင်ငံအပေါ်မှာလည်း သံယောဇဉ် မပြတ်ရဘူး၊ အမိနိုင်ငံရဲ့ ကျေးဇူးကိုလည်း ဆက်ပြီးကျေးဇူးသိရမယ်။ ဘယ်လိုပဲပြောပြော ကိုယ့်ကိုမွေးထုတ်ပေးထားတဲ့နိုင်ငံ၊ ကိုယ့်ရဲ့အမိနိုင်ငံအပေါ်မှာလည်း ဆက်ပြီး မေတ္တာထားပေးရမယ်။
အဲ့ဒီမေတ္တာနဲ့ ကျေးဇူးတရာအရ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပြီးတော့ ကူညီပေးနိုင်တယ်ဆိုလို့ရှိရင် ဒါဟာ တာဝန်ကျေတယ်လို့ ကျွန်မ သတ်မှတ် ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ပညာတွေကို အဖက်ဖက်ကကြည့်ပြီးတော့ အများ အတွက် အသုံးတာဟာ လူမှုရေးမှာ အမတန်မှ တိုးတက်စေမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။
နောက်ကျန်းမာရေးလည်းအရေးကြီးပါတယ်။ ပညာတွေဘယ်လောက် တတ်ထား တတ်ထား ကိုယ့်ရဲ့အရည်အချင်းတွေကို အပြည့်အဝ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ပံ့ပိုးနိုင်တဲ့ဘက်က ပံ့ပိုးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်။ ဒီလိုပံ့ပိုးတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်ပေးခြင်းနဲ့ ပါဝင်နိုင်တယ်။
ဥပမာ ဆရာဝန်ကြီးတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တစ်နှစ်လုံးလည်း မဆိုလိုပါဘူး။ အချိန်ပိုလေးတွေကို သုံးပြီး ပံ့ပိုးနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာတွေနဲ့ ဆက်နွယ်တဲ့ တခြားပုဂ္ဂိုလ်တွေကို အားပေးတာမျိုး၊ ဥပမာ-ကိုယ့်ဆရာဝန် အချင်းချင်း မြန်မာနိုင်ငံမှာ ဘယ်လိုနေရာ ဘယ်ဘက်ကနေပြီးတော့ ပါဝင်နိုင်မလဲဆိုတာမျိုးနဲ့လည်း အားပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အများစုက ဆရာဝန်တွေက ချမ်းသာကြတယ်။ ဒါကြောင့် ငွေရေးကြေးရေးအရ လည်း နိုင်ငံတော်ကို ထောက်ပံ့ပေးလည်းရပါတယ်လို့။ (လက်ခုပ်သံများ)
ကျွန်မတို့အစိုးရအဖွဲ့အစည်းကို ထောက်ပံ့မယ်ဆိုလို့ရှိရင် ဒီငွေတွေ အလဟဿမဖြစ်စေရပါဘူး။ အားလုံး ပွင့်လင်းမြင်သာစွာ နဲ့ ဘယ်လိုသုံးတယ် ဆိုတာကို သိစေရပါမယ်။ ကျွန်မ အာမခံပေးပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် မသိရဘူးဆိုရင် ကျွန်မတို့မေးခွန်းထုတ်နိုင်ပါတယ်။ ဒီငွေတွေဘာဖြစ်သွားလဲ? ဒီငွေတွေဘယ်လိုသုံးတာလဲ ဆိုတာ မေးပိုင်ခွင့် ရှိပါတယ်။ အဲ့တော့ ကိုယ်ကိုယ်တိုင်သွားပြီး လုပ်အား မပေးနိုင်လို့ရှိရင် လည်း ငွေအားတော့ ပေးပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ (လက်ခုပ်သံများ)
"စီးပွားရေး"
နောက်တစ်ခုကတော့ စီးပွားရေး။
စီးပွားရေးမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေအများကြီး လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေးသမားလည်း လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေ ဆိုတာ လက်ရှိအခြေအနေတွေရဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်သုံးစွဲပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ တိုးတက်မှုအတွက် ဝိုင်းဝန်းပံ့ပိုးနိုင်မှာကို ဆိုလိုတာပါ။
ကျွန်မတို့နိုင်ငံက အခု အနောက်ကနေလိုက်နေရတယ်ဆိုတော့ အတွေးသစ် အခေါ်သစ်တွေနဲ့ ရှေ့ကိုရောက်အောင်ကြိုးစားရပါမယ်။ အခု ကျွန်မတို့ ၂၁ ရာစု ကို ရောက်တာဆိုရင် အနှစ်၂၀လောက်ရှိတော့မယ်နော်။ အခု၂၀၁၆ ၊၂၀၂၀ ဆိုရင် အနှစ် ၂၀ရှိသွားပြီ။ ဘာကိုဆိုချင်တာလဲဆိုတော့ အခုထိ အချို့က ၂၀ရာစုအတွေးတွေတွေးနေတယ်။
၂၀ရာစုတုန်းက ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ပုံစံနဲ့ အခုဖွံ့ဖြိုးတိုးတက်တဲ့ပုံစံနဲ့မတူနိုင်ဘူး။ အရင်၂၀ရာစု အတွေးတွေနဲ့ သွားနေမယ်ဆိုရင် ၂၀ရာစုတုန်းက စီးပွားရေးရှေ့ရောက်သွားတဲ့သူတွေကို လိုက်မှီဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့် ၂၁ရာစုအတွေးတွေနဲ့ ကျွန်မတို့ရှေ့ရောက်အောင်ပြန်တိုးရပါလိမ့်မယ်။
အရင်တုန်းက တိုးတက်ခဲ့တဲ့နိုင်ငံများဟာ အခုခေတ်နဲ့ ညီအောင်လို့ တချို့စနစ်တွေကို ပြောင်းဖို့ဆိုတာ ခက်ပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတော့ ကျွန်မဘာကိုသွားသတိရလဲ ဆိုတော့ ကျွန်မတို့နိုင်ငံကို ရုပ်မြင်သံကြားစနစ်လုပ်တဲ့အခါမှာ ကျွန်မ ကြားဖူးပါတယ်။ ကျွန်မတို့နိုင်ငံဟာ ရုပ်မြင်သံကြားစနစ်နောက်ကျမှ ထူထောင်တာ အဲ့ဒီ စနစ်ကကောင်းတယ်။ ဘာလို့ဆိုရင် အဲ့ဒီတုန်းက နောက်ဆုံးနည်းပညာနဲ့ ထူထောင်လိုက်တယ်ဆိုတော့ အရင် ၁၉၅၀ တုန်းက ထူထောင်ခဲ့တဲ့ နိုင်ငံတွေရဲ့ စနစ်ထက်စာရင် ပိုပြီးကောင်းတယ်။
ဟိုအရင်နိုင်ငံတွေက စနစ်တွေကို ပြန်ပြီးပြောင်းရလို့ အင်မတန် အကုန်အကျ များတယ်။ အချိန်လည်းယူရတယ်။ အဲဒီတော့ ကျွန်မတို့ နောက်မှာရောက်နေတော့ ခက်ခဲတာတွေရှိသလို ကျွန်မမတို့မှာ အခွင့်အရေးတွေလည်း ရှိပါတယ်။ နောက်မှရလာတဲ့ အခွင့်အရေးတွေကို သုံးပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်ဝိုင်းဝန်း ကြိုးစားကြစေချင်ပါတယ်။
ကြိုးစားတဲ့နေရာမှာ (၁) တီထွင်မှုပေါ့။ အတွေးသစ်၊အခေါ်သစ်တွေလိုတယ်။
နောက်တစ်ခုက ဝီရိယလိုတယ်။ ဒီအခွင့်အရေးကို အောင်မြင်အောင် လုပ်ဖို့ဆိုတာ ဝီရိယဟာ အင်မတန်အရေးကြီးပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံသားတွေအမြဲတမ်းအပြောခံရတယ်။ ကောက်ရိုးမီးလိုပဲ ဝါးကနဲတောက်ပြီး ငြိမ်သွားတာပဲဆိုတာ၊ အဲ့ဒါက ဝီရိယ မရှိတာပဲ။ ဝီရိယ မခိုင်မာတာပဲ၊ ဝီရိယနဲ့ဆက်ပြီးသွားတဲ့အခါမှာ အပင်ပန်းခံနိုင်ရမယ်။ ဝိရိယ ဆိုတာ အားစိုက်ထုတ်ပြီး လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ ဒုတိယက ဒီဆုံးဖြတ်ချက် အတိုင်း လုပ်တာ။ တတိယက ပင်ပန်းလို့ရှိရင် လုပ်ချင်တဲ့စိတ်၊ ဆက်ပြီးလုပ်မယ် ဆိုတဲ့ခိုင်မာတဲ့စိတ်။ နောက်ဆုံးကတော့ တစ်ခါတစ်လေ အရှုံးနဲ့ရင်ဆိုင်ရရင်တောင် အားမလျော့ဘဲနဲ့ ဆက်ပြီး လုပ်နိုင်တဲ့ အမြင့်ဆုံး ဝီရိယ။
ဒီတော့ ကျွန်မတို့ ဝိရီယနဲ့ တစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်မြင်နိုင်မယ်။ စီးပွားရေး ဘက်မှာလည်းအောင်မြင်မယ်။ စီးပွားရေးလုပ်ငန်းရှင် အသေးများ အလတ်များ ကျွန်မတို့နိုင်ငံမှာ အများကြီး မွေးထုတ် ချင်ပါတယ်။ စီးပွားရေးလုပ်ငန်းအကြီးကြီးတွေလည်း ကျွန်မတို့မွေးထုတ်ဖို့လိုပါတယ်။ နိုင်ငံသူနိုင်ငံသားတွေတိုးတက်ဖို့ဆိုတာ အားလုံးလိုပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေး အလတ်စား အသေးစားတွေ ဖွံ့ဖြိုးတိုးတက်ဖို့တော့ အထူးအားပေးဖို့လိုပါတယ်။
စီးပွားရေးလုပ်ငန်းကြီးတွေ အတွက် နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုပါတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်စိတ်ဖြစ်အောင်လို့လည်း ကျွန်မတို့ နိုင်ငံခြားရောက် နိုင်ငံသူနိုင်ငံသားများလည်း တာဝန်အထူးရှိပါတယ်။ ကျွန်မတို့ နိုင်ငံခြားရောက် နိုင်ငံသူ နိုင်ငံသားများရဲ့ အခြေအနေကို ကြည့်ပြီးတော့ နိုင်ငံခြားက မြန်မာနိုင်ငံဆိုတာ ငါတို့ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တဲ့ နိုင်ငံပါဆိုတာ အတိုင်းအတာတခု သူတို့ဆုံးဖြတ်မှာဖြစ်ပါတယ်။ ငါတို့ရင်းနှီးမြှုပ်နှံမှုသွားလုပ်ရင် ငါ့တို့ရင်းနှီးမြှုပ်နှံမှုတွေ ကို အောင်မြင်အောင် လုပ်ပေးနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေပါဆိုတာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမဲ့သူတွေက စဉ်းစားမယ့် ကိစ္စဖြစ်ပါတယ်။ အားလုံး တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။
"မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့်ပတ်သက်၍"
မြန်မာနိုင်ငံက အဝေးရောက် နိုင်ငံသူနိုင်ငံသားများနဲ့တွေ့လို့ ရှိရင် မေးခွန်းမေးတဲ့ အစီအစဉ်လေး အမြဲလုပ်တယ်ဆိုတာ အများသိကြမှာပါ။ ဒီလိုမေးခွန်းမေးတဲ့အကြောင်းရင်း နှစ်ကြောင်းပါ။ ကျွန်မတို့လုပ်နေတဲ့ ကိစ္စတွေကို ကျွန်မတို့ ပြည်သူပြည်သားတွေပိုပြီး နားလည်အောင်လို့ တစ်ကြောင်း၊ နောက်တခုက ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ စိုးရိမ် ပူပန်မှုတွေ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီး နားလည်အောင်လုပ်တဲ့ အကြောင်းတစ်ကြောင်း၊ ဒီနှစ်ကြောင်းပေါင်းလိုက်လို့ရှိရင် ကျွန်မတို့အချင်းချင်း ပိုပြီးနားလည်မှုရှိအောင်လို့ ကျွန်မတို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ တာဝန်ကို ပိုပြီးထမ်းဆောင်နိုင်အောင်လို့ ဒီနှစ်ကြောင်းနဲ့ ကျွန်မက မေးခွန်းအမေး အဖြေတွေ လုပ်တာဖြစ်ပါတယ်။
အခု အချိန်အကန့်အသတ်အရဆိုရင် အားလုံးမေးခွန်းမေးဖို့ဆိုတာ +++++
+++++
တစ်ခါတစ်လေ မေးခွန်းမေးတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တဲ့မေးခွန်းလေးတွေ မေးတာ ကျွန်မ တွေ့ခဲ့ဘူးတယ်။ တစ်ခြားသူကိုမေးခွန်းမေးရင်း တစ်ခြားသူကိုဆော်တဲ့ မေးခွန်းမေးတော့ တာပဲ။ (ရယ်သံများ) အဲ့တော့ ဒီလိုစိတ်ဓာတ်တွေလည်း နည်းနည်းတော့ ဆင်ခြင်ကြပါ လို့ မေးခွန်းထက် တိုင်ချက်တွေ.... တိုင်ချက်ဆို ကျွန်မ မဖြေဘူးနော်(ရယ်သံများ)
အခုထဲက ပြောထားတာ.. ကျွန်မတို့ဒီကိုလာတဲ့ အခါ ငါမလာရလား သူကျတော့ လာရလား. သူကျတော့ လာ ငါကျတော့ မလာရလား ဆိုပြီး ပြသနာတွေ တက်တဲ့အခါ အဲ့တာတော့ မဖြစ်သင့်ဘူး။ အမှန်က ပြောင်းပြန်ဖြစ်ရမယ်.။ အရင်တုန်းက ညီညီညွတ်ညွတ်ဖြစ်တဲ့ ဗမာတွေ ဒီလိုအခမ်းအနားမျိုးဆို ရန်ဖြစ်ကြတာပဲ။(ရယ်သံများ)
အဲ့တာတော့ မဖြစ်သင့်ဘူး ပြောင်းပြန်ဖြစ်ရမယ်။ ဒီလိုအခမ်းအနားမျိုးဆို
မင်းသွားလိုက်ပါ. ငါကရပါတယ်.ပိုပြီးညီညွတ်ရမယ်။ ဒီလိုသဘောထားကြီးဖို့ . တကယ်လိုအပ်တဲ့နေရာမှာ ကိုယ်ကနေပြီးတော့ ငါရနိုင်ရဲ့သားနဲ့ ငါနောက်ဆုတ်ပေးတာ မရလို့နောက်ဆုတ်ပေးတာနဲ့ မတူဘူး။
အဲ့တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားချင်စိတ် ရှိလို့ရှိရင် လုပ်သင့်တဲ့နေရာမှာ လုပ်ရဲရမယ်။ မလုပ်သင့်တဲ့နေရာမှာ မလုပ်တဲ့ သဘောထားရှိရမယ်။ ကိုယ့်ကိုယ်ကို ကိုယ့်အကြောင်းလည်း သိရမယ်။ ကိုယ့်အကြောင်းလည်း သိတဲ့အပြင် ကိုယ့်ထက် တစ်ခြားသူတွေရဲ့ အခွင့်အရေးကို လည်း လေးစားရမယ်။ အချို့က ကိုယ့်အကြောင်းကိုယ်မသိတော့ ငါမှ တတ်တယ်ပဲထင်တာ။ အားလုံးတတ်တယ်လို့ ထင်တဲ့သူတွေက တိုးတက်စရာအကြောင်းမရှိဘူး။ ကိုယ့်ကိုယ်ကိုအားလုံးတတ်တယ်လို့ မထင်ပါနဲ့၊ အားလုံးတတ်တယ်ထင်ရင် ကိုယ့်မှာ တိုးတက်ရာ လမ်းကြောင်း မရှိဘူးဆိုတာ မရှိတော့ပါဘူး။ သဘောပေါက်ပါ. ဘယ်သူမဆို တိုးတက်ဖို့ အခြေအနေကရှိသေးတာပဲ။ နောက်ဆုံးဘယ်လောက်အသက်ကြီးကြီး၊ ဘယ်လောက်ကြာကြာ နေကောင်းနေကောင်း ဘဝရဲ့နောက်ဆုံးပိုင်းရောက်ပြီ ဆိုရင်တောင်မှ ဘဝရဲ့ လောကုတ္တရာအရ အများကြီးတိုးတက်အောင်မြင်ဖို့ အခွင့်အရေးတွေရှိသေးတယ်။ အဲ့လို သုံးလို့ရတယ်။
ဒါကြောင့်ကျွန်မတို့ ဂျပန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်ကိုယ်ကို တစ်နေ့ထက်တစ်နေ့ တိုးတက်အောင် ကြိုးစားကြပါ။ ဒီတိုးတက်မှုတွေကို ကိုယ့်အတွက်လည်း သုံးပါ။ အများအတွက်လည်းသုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်လည်းအကျိုးရှိမယ်. စိတ်လည်းကျေနပ်မှုရှိပါတယ်။
လူတိုင်းလူတိုင်း ဘဝရဲ့နောက်ဆုံးပိုင်းမှာ ကိုယ့်ဘဝကို ဆင်ခြင်လိုက်တဲ့အခါ ငါလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှ ငါလုပ်ခဲ့ပြီဆိုတဲ့ အတွေးနဲ့ ဘဝကူးကောင်ပြောင်းနိုင်တယ်ဆိုတဲ့အချိန်က အကောင်းဆုံးအချိန်ပါပဲ။
အခုဒီထဲမှာ လူငယ်လူရွယ်လေးတွေပါတော့ ဘဝကူးပြောင်းဖို့ မစဉ်းစားကြသေးပါဘူး။ (ရယ်သံများ)
++++++++
ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးရှိအောင်ကြိုးစားသွား ကြပါ လို့ ကျွန်မ အနေနဲ့ ဆော်သြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်၏မှတ်သားဖွယ်စကားများ မှ)
Myanmar State Counsellor Office's photo.
Myanmar State Counsellor Office's photo.
Myanmar State Counsellor Office's photo.
 
 

No comments: