Tuesday, November 1, 2016

လူတွေသေနေတဲ့ တိုင်းပြည်

လူတွေသေနေတဲ့ တိုင်းပြည်
|| ငြိမ်းချမ်းအေး ||
 
1 November 2016
 
“လူတွေ သေနေတဲ့ တိုင်းပြည်” ဆိုလိုက်တော့ မြတ်စွာဘုရားက လူမသေဖူးတဲ့ အိမ်က မုံညင်းဆီ ရှာခိုင်းသလိုပဲ၊ လူမသေတဲ့ တိုင်းပြည် ဘယ်ရှိပါ့မလဲ တွေးချင်စရာပါ။ ဒါပေမဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ သဘောနဲ့ ပုံမှန် လူတွေ အို၊ နာ၊ သေ ဒါမှမဟုတ် မတော်တဆ တခုခုကြုံလို့ သေဆို တဲ့ ဖြစ်ရပ်မျိုးထက် ပိုပြီး အရွယ်ကောင်း၊ လုပ်သားကောင်း လူတွေ အလဟသ၁ သေဆုံးနေရတဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။ ဒီထဲမှာ နှစ်ငါးဆယ်ကျော် စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မနည်းရှင်သန် အသက်မွေး အသက်ဆက်ခဲ့ရတဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြသ၁နာ အဖုံဖုံနဲ့ ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ ကျရှုံး နိုင်ငံ (Failed State) ဖြစ်လုလု ဖြစ်ခဲ့တဲ့ မြန်မာပြည် လည်း ပါပါတယ်။
လတ်တလော ဖြစ်ရပ်တခုနဲ့ယှဉ် ဥပမာ ပြပါမယ်။ လွန်ခဲ့တဲ့ ရက်သီတင်းပတ် အောက်တိုဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူ ၇၀ ကျော် သေဆုံးခဲ့ရမှု ဖြစ်စဉ် ချင်းတွင်းမြစ် ဟုမ္မလင်း-မုံရွာ ပြေး အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုကို ကြည့်ပါ။ ဘယ်အရာမှ မတည်မြဲတဲ့ သဘောမို့ ရုပ်ဝတ္ထု ပစ္စည်းဖြစ်တဲ့ သင်္ဘောဟာ အချိန်မရွေး နစ်နိုင် ပျက်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ နစ်ရင်၊ ပျက်ရင် ဘာလုပ်မယ်၊ ဘယ်လို ကြိုတင် ကာကွယ်မယ် ဆိုတဲ့ စနစ်ကျတဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သဘာဝဘေးဆိုးကြုံလို့ သင်္ဘောပျက်စေဦး လူတွေရဲ့ အသက်အန္တရာယ် ထိခိုက်မှုကိုတော့ လျှော့ချနိုင်ပါတယ်။ သင်္ဘောနစ်စေတဲ့၊ ပျက်စေတဲ့ အကြောင်း ဝန်ပိုတင်တာမျိုးလိုဆို အဖြစ်ဆိုး မကြုံတဲ့ အထိ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ (အစိုးရတွေ ဘယ်လောက် ပြောင်းပြောင်း၊ ဒီမိုကရေစီ မကလို့ ဒီမိုကရေစီ ဘိုးအေကြီးပဲ တက်တက်) လက်ရှိ တိုင်းပြည်ရဲ့ ခေတ်စနစ်က ဒီလိုအခြေခံ အချက်ကိုတောင်မှ ဖြည့်ဆည်း မပေးနိုင်သေးပါဘူး။ ဒါကြောင့် “လူတွေသေနေတဲ့ တိုင်းပြည်”၊ အကျယ်ဆိုရရင် -- “လူတွေ မသေသင့်ဘဲ သေနေရတဲ့တိုင်းပြည်” ဖြစ်နေ ရခြင်းပါပဲ။
စာရင်းဇယား စိတ်ဝင်စား ဝါသနာ ပါသူဆိုရင် ကုလသမဂ္ဂ ကလေး သူငယ် စောင့်ရှောက်ရေး ရန်ပုံငွေ အဖွဲတို့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့၊ ဒါမှမဟုတ် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ထုတ်ပြန်တဲ့ မြန်မာပြည်ရဲ့ လူမှု-စီးပွား- ကျန်းမာ- ပညာ ကိန်းဂဏန်း အညွှန်းကိန်းတွေကို လေ့ လာကြည့်ပါ။ အသက်ရှည်နှုန်း၊ ငါးနှစ်အောက် ကလေးသူငယ် သေဆုံး မှုနှုန်းတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ပဲ နှိုင်းယှဉ်ကြည့်ပါ။ အင်မတန် အောက် ကျနေတာကို တွေ့ရပါမယ်။ ခမာနီ ပိုပေါ့ ခေတ် (၁၉၇၅-၇၉) မှာ ခန့်မှန်းခြေ လူ ၁ သန်း ခွဲ ကနေ ၃ သန်း အထိ သတ်ခံရတဲ့ ကမ္ဘောဒီးယား နိုင်ငံ ကတောင် မြန်မာပြည်ထက် သာတဲ့ အနေအထားကို တွေ့ရမှာ ဖြစ်ပါတယ်။
အခု ပြည်သူက ရွေးချယ် တင်မြောက်လိုက်တဲ့ အရပ်သား အများစု ပါတဲ့ ဒီမိုကရေစီ အစိုးရသစ် တက်လာချိန်မှာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂက တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြု အားပေး ထောက်ခံတဲ့အနေနဲ့ ကုလအဖွဲ့ အထွေထွေ ညီလာခံမှာ မြန်မာပြည် “လူ့အခွင့်အရေး အကြောင်း” အဆိုတင်သွင်းမှု မပြုလုပ်တော့ပါဘူး။ ဒါကို ကျနော့် အနေနဲ့ အခြား ကြီးကြီးကျယ်ကျယ် နယ်စပ်ဒေသက လူနည်းစု တိုင်းရင်းသား လူမျိုးတွေရဲ့ လူ့အခွင့်အရေး အခြေအနေက ဘယ်လောက် နိမ့်ကျနေဆဲပါ ဆိုပြီ ပုဒ်မကြီးကြီးတွေတပ် ပြန်လည် ထောက်ပြမှု မလုပ်လိုပါဘူး။ လူမျိုးကြီးဝါဒ အခြေခံတဲ့ စနစ်ဆိုး တလျှောက်မှာ အခွင့်သာတာတွေ ရှိတယ် ဆိုတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင် တိုင်းပြည်ရဲ့ အကြီးဆုံး စီးပွားမြို့တော် ရန်ကုန်မြို့ မြို့လယ်ကောင်မှာနေနေစေဦး မြန်မာပြည် နောက်ခံ ခေတ်စနစ်နဲ့ (လက်ရှိတိုင်) နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဆိုတာကို ကိုယ့်တွေ့နဲ့ မျက်မြင် အတွေ့တွေနဲ့ ယှဉ် ဒက်ထိဆိုရဲပါတယ်။
အခွန်ထမ်း တိုင်းသူ ပြည်သားတဦးရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ ကျန်းမာ၊ ချမ်းသာ လုံခြုံစိတ်ချစွာ သွားလာနေထိုင် ရှင်သန်ခွင့် မရှိခြင်းဟာ အခွင့်ထူးခံ လူတစုကလွဲလို့ ဘာသာစုံ၊ လူမျိုးစုံ လူအများ နေ့စဉ် ရင်ဆိုင် ခံစားနေရတဲ့ လူ့အခွင့်အရေး အချိုးဖောက်ခံရမှုကြီး ဖြစ်ပါတယ်။ တိုင်းပြည် အစွန်အဖျားမှာတင် မဟုတ်၊ မြို့တော်ကြီး မှာလည်း လူသား အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ပြည်သူ့ရေးရာ အခွင့်အရေး (Civil Rights) တွေ မဲ့နေခြင်း၊ စနစ်ရဲ့ ချို့ယွင်းချက် အားနည်းချက်တွေကို မြိန်ရေရှက်ရေ ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ ဝိသမလောဘသားတွေ ဒဏ်ကြောင့် စားသုံးသူ အခွင့်အရေး (Consumer Rights) လုံးဝ မရှိမဲ့နေခြင်း၊ စားသုံးသူ လူထုကို ကာကွယ်ပေးမှု မရှိခြင်းတွေဟာ တိုင်းပြည်မှာ လူတိုင်းနီးပါး နေ့စဉ်ကြုံတွေ့နေရတာပါ။
ဥပမာ ပြုခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ် ဖြစ်စဉ်နဲ့ပဲ ပြန်ဆက်နွှယ်ကြည့်ပါ။
အခုဆိုရင် သင်္ဘော နစ်မြုပ်မှုမှု ဖြစ်စဉ်အပြီးမှာ ရေကြောင်းသွားလာမှု လုံခြုံဘေးကင်းရေး စည်းကမ်းချက် ၂၅ ချက်ကို စစ်ကိုင်းတိုင်း ဒေသအစိုးရ ကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းဟိုတစ်ရက်က ဖတ်ခဲ့ရပါတယ်။ “မိုးလွန်မှ ထွန်ချသလို” ခံစားမိပါတယ်။ လူတွေ အမြောက်အမြားကတော့ ချောက်ချား ဖွယ် တုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် သေဆုံးပြီးနှင့်ပါပြီ။ ပြည်သူ့ အခွင့်အရေး၊ စာသုံးသူ ခရီးသည် အခွင့်အရေးတွေ အမြင့်ဆုံးအဆင့် အကြီးအကျယ် ချိုးဖောက်ခံခဲ့ရပြီး လူအများ အသက်ပေးဆပ်ခဲ့ရပြီးပါပြီ။
နောင် ဒါမျိုးမဖြစ်အောင် ဒါမျိုး စည်းကမ်းချက်တွေ ထုတ်ဖို့လိုတယ် ဆိုတာလည်း မှန်ပါတယ်။ ရေယာဉ်ဥပဒေတွေကို ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ လိုနေတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ အခြေခံ အချက် ဖြစ်တဲ့ ဝန်ပို မတင်ရလို စည်းကမ်းမျိုးတွေဟာ အရင်ကလည်း ရှိပြီးသားပါ။ အခု တကယ် မဖြစ်မနေ လုပ်ဖို့ လိုနေတာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ တာဝန်ကျေတဲ့ အစိုးရ စနစ်အဖွဲ့အစည်းနဲ့ စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းတွေပါ။
အခု အစိုးရ တာဝန်ရှိသူများဘက်က ရေယာဉ် ပို့ဆောင်ဆက်သွယ်ရေး စီးပွားလုပ်ကြတဲ့ လုပ်ငန်းရှင်များဘက်ကို အဓိက အပြစ်ပုံချနေတာကိုလည်း သတိပြုမိပါတယ်။ ခရီးသည်အဆမတန် တင်နေကြတာကိုပဲ ဇောင်းပေး လက်ညှိုးထိုး ကြပါတယ်။ ဒီလို နင်ပဲငဆ လုပ်ချင်တိုင်း လုပ်ခွင့်သာနေ တဲ့ နောက်ခံ စနစ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မတွေ့မြင်ရသေးပါဘူး။ ဒါကိုလည်း ကျနော်က တိုင်းဒေသ တာဝန်ရှိသူတွေကို နုတ်ထွက်ပါ၊ ဘာညာ မပြောလိုပါ။ စနစ်ကျ ဘေးကင်းလုံခြုံတဲ့ စနစ်တခု ဖန်တီးမထားရင် နောက် ဘယ်သူတွေ တက်တာဝန်ယူယူ လူတွေက သေနေဦးမှာပါပဲ။
ဒီလို မသေသင့်ဘဲ လူတွေသေနေတဲ့ တိုင်းပြည် ဘဝကလွတ်ဖို့ရာ “ဘယ်သူ ဘယ်ဝှာ နုတ်ထွက်ပါ” လို့ မတောင်းဆိုလိုပေမယ့်၊ ဒီဖြစ်စဉ်မှာ နစ်နာခဲ့တဲ့၊ အသက်ဆုံးရှုံးခဲ့တဲ့ ခရီးသည်တွေရဲ့ မိသားစုဘက်က စီးပွားလုပ်ငန်း ရှင်ရော၊ ဒေသဆိုင်ရာ တာဝန်ရှိသူ ဌာနဆိုင်ရာ အဖွဲ့အစည်း တွေရော နှစ် ဖက်စလုံးကို တရားစွဲဆိုဖို့တော့ တိုက်တွန်းလိုပါတယ်။
ဥပဒေကြောင်းမှာ “Reckless Endangerment” ဆိုတဲ့ သဘောရှိတယ် လို့ ယေဘုယျ နားလည်ထားပါတယ်။ ကိုယ် တာဝန်ယူထားတဲ့ အလုပ်တခုခုမှာ ကြိုတင်မြင်နိုင်ပြီး တွက်ချက် မြော်မြင်ကြည့်လို့ရတဲ့ အန္တရာယ် တခုခုကို ဂရုမပြုဘဲ မသိမမြင်ချင်ယောင်ဆောင် မျက်ကွယ်ပြု ထားရင် ဒါဟာရာဇဝတ်မှု မြောက်ပါတယ်။ “Crime of Culpable Negligence” အများပြည်သူကို အသက်ဆုံးရှုံးစေတဲ့အထိ ဆိုးကျိုး သက်ရောက် အပြစ်ရှိတဲ့ လျစ်လျူရှုမှု ရာဇဝတ်မှုပါပဲ။ ဝန်ပိုတင်ရင် သင်္ဘော နစ်ဖို့ မှောက်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ မူလ တန်းအောင်ပြီး ကျောင်း သားငယ် တယောက်တောင် ခန့်မှန်းတွေး ဆ နိုင်တဲ့အရာဖြစ်လို့ ဒီလိုရာနဲ့ချီ ခရီးသည်ပိုတင်နေတဲ့ ရေယာဉ်လိုင်းတွေ ရှိနေတာကို သိလျက်နဲ့ ဥပေက္ခာ ပြုထားခြင်းဟာ အစိုးရအဖွဲ့စနစ်မှာ တာဝန်ရှိပါတယ်။ လောဘဇော တိုက်တဲ့ ရေယာဉ်ပိုင်ရှင် စီးပွားရေးသမားတွေထက် မလျော့တဲ့ အပြစ် - အစိုးရစနစ်မှာလည်း ထပ်တူရှိပါတယ်။ ဒီလို အဖြစ်ဆိုးတွေ နောင် မှာ ရှောင်ကြဉ်နိုင်ဖို့ရာ ဒီလို ဥပဒေနဲ့ အညီ အရေးယူမှုမျိုး၊ ထိန်းကွပ်ပဲ့ပြင်မှုမျိုး မဖြစ်မနေ လိုနေပါတယ်။
ဒါဟာ “Accident” မတော်တဆ ဖြစ်မှု မဟုတ်ပါဘူး။ လူပို၊ ဝန်ပို ခံနိုင်ရည်ထက် သုံးလေးဆမက တင်ပြီး သွားလာနေတဲ့ ရေယာဉ်၊ မော်တော် ကားယာဉ်တွေ တိုင်းပြည်အနှံ့ နေရာတိုင်းမှာ ဖြစ်ပျက်နေတာပါ။ “This is Myanmar (TIM)” “မြန်မာပြည်မှာပဲ ဒါမျိုး တွေ့ရသည်” ဆိုပြီး လူတွေ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပြောဆို ထောက်ပြ နေကြတဲ့ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေးစနစ် အားနည်းချက်တွေဟာ လူသတ်မှုလို ကြီးကျယ်တဲ့ ရာဇဝတ်မှု ဖြစ်စေတဲ့ လက်သင့်မခံစဖွယ်စနစ်ရဲ့ ချို့ယွင်းအားနည်းချက်တွေ ဖြစ်ပါတယ်။ ကြေကွဲစရာ ဇာတ်လမ်းတွေကို မပြတ် မွေးထုတ်ပေးနေတဲ့ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးနဲ့ စာသုံးသူ အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက် နင်းခြေနေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ပိုထမ်းဆောင်ရခြင်း မနိုင်ဝန် ထမ်းဆောင်ရခြင်း (Overload) က ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ တခုတည်းမှာလည်း မဟုတ်ပါ။ လျှပ်စစ်၊ ရေ၊ မိလ္လာစနစ်၊ အမှိုက်သိမ်းစနစ်၊ မိုဘိုင်းလ် ဖုန်း၊ အင်တာနက်လို အခြေခံ အဆောက်အအုံ အစ ဆရာဝန်၊ ကျောင်းဆရာ/မ အပါအဝင် ပြည်သူ့ ဝန်ထမ်းအားလုံးလည်း မနိုင်ဝန် ထမ်း၊ အလုပ်နဲ့ဝင်ငွေ ခံစားခွင့်မမျှတ ဖြစ်နေရတာပါပဲ။
ဆိုတော့ ဒါဟာ စနစ်ဆိုး လူဆိုးများ နှစ်ငါးဆယ်ကျော် ထင်တိုင်းကြဲခဲ့ခြင်း ရလဒ် တိုင်းပြည်ရဲ့ နေရာတိုင်းမှာ အမြစ်တွယ်နေတဲ့ တာဝန်ယူ၊ တာဝန်ခံမှု လုံးဝမရှိတဲ့၊ တာဝန်ကျေ စွမ်းဆောင်ရင် ထိုက်တန်သလို အကျိုးခံစားခွင့် မဲ့နေတဲ့ စနစ်ဆိုး မူဝါဒဆိုးတွေ ဆက်လက် ကျန်ရစ် မင်းမူနေခြင်း ဖြစ် တယ်ဆိုတာကို မျက်မှောက် ပြုကို ပြုမှရပါမယ်။
မြန်မာ(ဗမာ) များဟာ ဘေးအတိဒုက္ခ တစ်ခုခုကြုံရရင်၊ ဒါမှမဟုတ် ရောဂါ ကြီးကြီးမားမား ဖြစ်ရင် ကံကြမ္မာ ရိုးမယ် ဖွဲ့တတ်ကြပါတယ်။ “၀ဋ်နာ၊ ကံနာ” ဆိုတတ်ကြပါတယ်။ အမှန်တော့ “၀ဋ်လည်း မဟုတ် ကံလည်း ” မဟုတ်ပါဘူး။ နိုင်ငံသား လူသား တဦးတစ်ယောက် လူလို မနေရတဲ့ တိုင်းပြည်ရဲ့ စနစ်ပြသ၁နာတွေသာ ဖြစ်ပါတယ်။ ဒီပြသ၁နာ မဖြေရှင်းနိုင်သရွေ့ လူတွေ သေနေဦးမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် “မသေသင့်ဘဲ လူတွေသေနေတဲ့ တိုင်းပြည်” ဘဝ လွတ်မြောက် ဖို့ရာ နိဂုံးချုပ် အကြံပြုတင်ပြရရင် -
၁) ဒီလို နိုင်ငံသားနဲ့ စားသုံးသူ အခွင့်အရေး ပြသ၁နာတွေကို ဟိုလူဖြုတ်၊ ဒီလူလဲ လုပ်ရုံနဲ့ မပြီးပါ။ လူလဲလို့ ဘာမှ မဖြစ်၊ မူဝါဒကောင်း လဲမှသာ ရပါမယ်။ စနစ်ကောင်းနဲ့ ချုပ်ထားရင် လူဆိုးတွေ ဆိုးခွင့် မသာနိုင်ပါ။
၂) ကျောသားရင်သား စစ်သား ကျောင်းသား ဘုရားသား ခရိုနီသား မေမေ့သား ပင်နီ လုံချည်အစိမ်း မခွဲတဲ့ တပြေးညီ တရားမျှတမှု ရှိတဲ့ တရားဥပဒေ ပြဋ္ဌာန်းခြင်း၊ စိုးမိုးစေခြင်းနဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ လက်တွေ့ အလုပ် ဖြစ်ဖို့ ကြံဆောင်ခြင်း ပြုရပါမယ်။ ဥပေဒပြု အမတ်တွေ၊ နိုင်ငံရေးသမားတွေ အလုပ် တကယ် လုပ်ရပါမယ်။
၃) အောင်စိုးမိုးကျော်ရေယာဉ် အဖြစ်ဆိုးလို ဖြစ်ရပ်တွေ အားလုံး (လူတွေ အမြဲသေနေတဲ့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်း အပါအဝင်) ဈေးကွက် နဲ့ စနစ်အဆောက်အုံမှာ လူသားကို အသက် အန္တရာယ် ပြုနိုင်တဲ့ အကြောင်းခြင်းရာ အားလုံးအတွက် တရားဥပဒေ ကိုယ်နှိုက်က (တနည်းအားဖြင့် တရားဥပဒေ ဘက်တော်သား ရဲအဖွဲ့အစည်း ကိုယ်တိုင်က) ကမကထပြုကာ တာဝန်ရှိတဲ့ တာဝန်ယူရမယ့် နိုင်ငံတော်၊ အစိုးရနဲ့ စီးပွားလုပ်ပိုင်ခွင့် ရထားသူ လုပ်ငန်းရှင်များကို ပြည်သူ့ခုံရုံးတင် တရားဥပဒေ ရှေ့မှောက် အရောက်ပို့ တရားစွဲ ဆိုရမည် ဖြစ်ကြောင်းပါ ခင်ဗျာ။
ငြိမ်းချမ်းအေး
အောက်တိုဘာ ၃၁၊ ၂၀၁၆
(ဆက်သွယ်ရန်နှင့် ဝေဖန်ရန် nyeinchanaye81@gmail.com)
The Ladies News
http://www.theladiesnewsjournal.com/…/tue-2016-11-01-1…/4049
  •  

No comments: