Monday, November 7, 2016

သေငယ်ဇောနှင့် မြောနေသော မြန်မာ့ပညာရေး

သေငယ်ဇောနှင့် မြောနေသော မြန်မာ့ပညာရေး

(တစ်)
 ကျွန်တော် ကိုယ်တိုင်က ကျောင်းဆရာတစ်ယောက်ဖြစ်လို့ လားမသိ အဘက်ဘက်မှ ချွတ်ခြုံ နိမ့်ဆင်းကျသွားသည့် ကဏ္ဍများ ထဲတွင် ပညာရေးကဏ္ဍ အထူးပါ ၀င်နေသည်ကို ကြည့်ပြီး အတော် ၀မ်းနည်းယူကျုံးမရ ဖြစ်ရပါသည်။ပညာရေးမဏ္ဍိုင်ပျက်စီးခဲ့တာ နှစ် ပေါင်းဘယ်လောက်ကြာသွားပြီ လဲမသိ။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာထဲ ပညာရေးနာလန် မထူနိုင်ခဲ့တာကတော့ သေချာပါ သည်။ သမိုင်းကြောင်းကို ပြန် ကြည့်လျှင် ၁၉၆၄-၁၉၆၅ ပညာ သင်နှစ်မှစ၍ ဗိုလ်နေ၀င်းစနစ်တ ကျဖျက်ဆီးခဲ့သော မြန်မာနိုင်ငံ၏ ပညာရေးကို န၀တအစိုးရလက် ထက်တွင် ဗိုလ်ခင်ညွန့်၏ ‘‘အောင်ပါစေပညာရေး’’ပါ ထပ်ပေါင်း အားဖြည့်လိုက်သောအခါ ပညာ ရေးက ရစရာမရှိပါလေတော့။ ၁၉၆၄-၆၅ ကစတာဆိုတော့ ပညာရေးပျက်စီးခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီဆိုတာ စာ ဖတ်သူကိုယ်တိုင်သာ တွက်ချက် ကြည့်ပါတော့။
(နှစ်)
ကျွန်တော်ရန်ကုန်ပညာရေး တက္ကသိုလ်တက်ခဲ့တဲ့ နှစ်အတော အတွင်း ပညာရေးဘာသာရပ်များ နှင့် လက်ပွန်းတတီးရင်းနှီးကျွမ်း ၀င်ခဲ့ဖူးပါသည်။ သင်ပြနည်းဘာ သာရပ် (Methodology) ၊ စိတ် ပညာဘာသာရပ် (Psychology) နှင့် ပညာရေးစီမံခန့်ခွဲမှုဘာသာ ရပ် (Theory) စသည်တို့ပဲ ဖြစ်ပါ သည်။ သည်အထဲမှာ Bloom ဟူ သော ပညာရှင်နာမည်က ပညာ ရေးဘာသာရပ်များနှင့် အတော့် ကိုပဲ ဆက်စပ်ပတ်သက်နေပါ သည်။ သူ့နာမည်က ပညာရေး ဘာသာရပ်တိုင်းမှာ ရှောင်ကွင်း သွားလို့မရ။ တစ်နည်းမဟုတ်တစ်နည်းတိုးတိုက်မိတတ်ပါသည်။ သူ့အဆို (တစ်နည်းအားဖြင့်) သူ တင်ပြခဲ့သော ပညာရေးအဆင့် (၆) ဆင့်က ပညာရေးနှင့် ရင်းနှီး ပတ်သက်သောသူတိုင်းမဖြစ်မ နေ သိကိုသိရမည့်အချက်များပဲ ဖြစ်ပါသည်။ ကျွန်တော်စာရွက် ပေါ်ချရေးပြပါမည်။ သိပြီးဖူးသား သူတွေကလည်း ခွင့်လွှတ်ပေးကြ ပါရန်။ သူတင်ပြခဲ့သော အဆင့် (၆) ဆင့်က အစီအစဉ်လိုက် အ တိုင်းဖြစ်ပါသည်။ (၁) Know-ledge (သိမှု၊ မှတ်မှု)အဆင့်၊ (၂) Comprehension (နားလည်မှု) အဆင့်၊ (၃) Application (အသုံး ချမှု)အဆင့်၊ (၄) Analysis (ခွဲ ခြမ်းစိတ်ဖြာမှု) အဆင့်၊ (၅) Synthesis (စုပေါင်းစုစည်းမှု)အ ဆင့်နှင့် (၆) Evaluation (စဉ်းစားသုံးသပ်အကဲဖြတ်တတ်မှု) အ ဆင့်တို့ပဲ ဖြစ်ပါသည်။ သည်အ ဆင့်အရဆိုလျှင် Knowledge (သိမှု၊ မှတ်မှု) အဆင့်က အနိမ့် ဆုံးအဆင့်ဖြစ်ပြီး Evaluation (စဉ်းစားသုံးသပ်အကဲဖြတ်တတ် မှု)အဆင့်က အမြင့်ဆုံးအဆင့်ဖြစ် သည်ကို အထူးပြောဖို့ မလိုပေ။ Bloom ၏ အဆိုအရ ပညာသင် ကြားပို့ချခြင်းသည် ကျောင်းသား/သူများကို Evaluation (စဉ်းစား သုံးသပ်အကဲဖြတ်တတ်မှု) အ ဆင့်ထိရောက်အောင် သင်ကြား ပေးရမှာပဲ ဖြစ်သည်။ သို့သော်...။ ကျွန်တော်တို့ တကယ့်ပညာရေး လောကအခြေအနေတွင်မူ ဘယ် လိုမှ ရောက်မလာပါ။ အနိမ့်ဆုံး အဆင့်ဖြစ်သော Knowledge (သိမှု၊ မှတ်မှု)အဆင့်ထိတောင် ကျွန် တော်တို့ တချို့ကျောင်းသား/သူ တွေရောက်မလာကြသေးဘူးလို့ ပြောလျှင် ကျွန်တော့်ကို မဖြစ်နိုင် ဘူးလို့ စောဒကတက်ကောင်း တက်လာနိုင်ပါသည်။ မယုံမရှိပါ နှင့်။ ကျွန်တော့်ကိုယ်တွေ့မို့သာ ပြောရခြင်း ဖြစ်ပါသည်။ ကျွန် တော် ရန်ကုန်ပညာရေးတက္က သိုလ်တက်နေစဉ်ကာလတစ် လျှောက် ကျောင်းနှစ်လပိတ်သည့် အခါတိုင်း ရွာကိုမပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲ နေထိုင်လုပ်ကိုင်ဖြစ် ပါသည်။ ထုံးစံအတိုင်း သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ပြင်ပဘော် ဒါတစ်ခုမှာ ဂိုက် (Guide) ၀င် လုပ်ဖြစ်ပါသည်။ ဘယ်ဘော်ဒါလဲဟု မမေးပါနှင့်။ လှည်းတန်းတစ် ၀ိုက်က နာမည်ကြီးဘော်ဒါတစ်ခု ဟုပဲ ဆိုကြပါစို့။ ဘော်ဒါက ငါး ထပ်ဆောင်ဖြစ်ပါသည်။ ကျွန် တော်က သုံးထပ်မြောက်မှာ ဂိုက်(Guide) ၀င်လုပ်ရပါသည်။ ဘော်ဒါက သန့်သန့်ရှင်းရှင်း၊ သပ်သပ် ရပ်ရပ်ပဲ ဖြစ်ပါသည်။ သုံးယောက် တစ်ခန်း၊ လေးယောက်တစ်ခန်း၊ ငါးယောက်တစ်ခန်းစသည် စသည် ဖြင့် အခန်းကျယ်လျှင် ကျယ်သလို လူများများထားတတ်ပါသည်။ ထားတော့။ ဆိုတော့ ကျွန်တော် က သုံးယောက်တစ်ခန်းမှာ ဂိုက် (Guide) ၀င်လုပ်ရပါသည်။ ထုံးစံ အတိုင်း ကျွန်တော်က ကျွန်တော့် တပည့်သုံးယောက်ကို သင်ရိုးထဲ က စာအကြောင်းနှင့် ပြင်ပဗဟု သုတအကြောင်းနည်းနည်းပါးပါး မေးမိပါသည်။ ကျွန်တော်ပြောဖို့ တစ်ခုမေ့သွားသည်။ ကျွန်တော် ဂိုက် (Guide) လုပ်ပေးရသော ကျောင်းသားသုံးယောက်စလုံးမှာ  ကိုးတန်းကျောင်းသားတွေပဲ ဖြစ် ပါသည်။ တစ်ယောက်က နယ် ဘက်က၊ နှစ်ယောက်က ရန်ကုန် ၀န်းကျင်က။ ကျွန်တော့်စကားစ ကို ပြန်ဆက်ပါဦးမည်။ သူငယ် တန်းမြန်မာစာသင်ရိုးမှာပါတဲ့ ‘‘တို့ကျောင်း’’ကဗျာကို ဘယ်သူ ရေးတာလဲ၊ နောက်ပြီး ‘‘ဖိုးစလုံး’’ ကဗျာကို ဘယ်သူရေးတာလဲ၊ မင်း တို့ နှုတ်တိုက်ရွတ်ဆို အလွတ်ရနေ တဲ့ ‘‘အောင်ဆန်းဇာနည်’’ကဗျာ ကို ဘယ်သူရေးတာလဲစသည် စသည်ဖြင့်။ ကျွန်တော့်အမေး အောက်မှာ ကျွန်တော့်တပည့် တွေ ငိုင်ကျသွားလိုက်တာများဆို တာ။ မကြားဖူးသော စကားကို ကြားနေရသော သူတစ်ယောက် ကဲ့သို့ အားလုံးမျက်လုံးအ၀ိုင်း သားနှင့်။ သူတို့နှုတ်မှ အဖြေပြန် ပေးလိုက်သော စကားတစ်ခွန်းက အားလုံးထပ်တူ။ ‘‘မသိဘူးဆရာ’’ ဟူ၍။ ကျောင်းစာအကြောင်း မေး မရတော့ ကျွန်တော်ပြင်ပဗဟုသု တအကြောင်း ထပ်မေးမိပြန် သည်။ ဆရာမြသန်းတင့်စာအုပ် ကို ဖတ်ဖူးသလားလို့၊ ဆရာပါရဂူ ကိုသိသလားလို့၊ ဆရာနတ်နွယ် ကို ကြားဖူးသလားလို့...စသဖြင့်။ မသိ။ မသိ။ မသိ။ သူတို့အားလုံး ဘာမျှမသိ။ သူတို့အားလုံးသိတာ တစ်ခုတည်းရှိပါသည်။ အတန်း တင်စာမေးပွဲကို ‘‘သည်၊ ၏’’ မလွဲ အကုန်နှုတ်တိုက်ကျက်ပြီး ‘‘ဘွဲ့ရ ဖို့’’တစ်ခုတည်းကိုသာ သိတော့ သည်။ ကျွန်တော်မျက်ရည်စို့ရပါ လေပြီ။ Bloom ၏ အဆိုအရဆို လျှင် ကျွန်တော့်တပည့်သုံး ယောက်က ဗဟုသုတ (Knowledge) အ ဆင့်ကိုတောင် ရောက်မလာ။ ကျန်သည့် အဆင့်တွေဆိုမပြော ပါလေနှင့်တော့။ ကျွန်တော်သူတို့ လေးတွေကို အပြစ်မတင်ရက်ပါ။ ကျွန်တော်တို့ အနာဂတ်ပညာရေး မျိုးဆက်သစ်လေးတွေကို ‘‘ဘွဲ့ရ ပညာမတတ်လူပေါကြီး’’တွေဖြစ် အောင် လုပ်ခဲ့သော လုပ်ပိုင်ခွင့်ရ အာဏာရှင်လူတစ်စုကိုသာ လက် ညှိုးထိုးအပြစ်တင်ချင်ပါသည်။ သြော်...ရင်လေးစရာအတိနှင့် ခရီးပြင်းနှင်နေရသည့် ‘‘သေငယ် ဇောနှင့် မြောနေသော’’ကျွန်တော် တို့ မြန်မာ့ပညာရေးကြီးပါလေ။
(သုံး)
သည်နေရာတွင် ပြောစရာ တစ်ခု၊ နှစ်ခုမကရှိလာပြန်ပါသည်။ပညာရေးကဏ္ဍဦးမော့မလာနိုင် တာ စနစ်တစ်ခုတည်းကြောင့် လားလို့။ မဟုတ်ပါ။ အားလုံး၊ အားလုံးမှာ တာဝန်ရှိပါသည်။ ကျွန်တော်တို့ ဆရာ/မတွေဘက် တွင်လည်း တာဝန်အပြည့်အ၀ရှိ ပါသည်။ ဆရာ/မတွေ ကိုယ်တိုင်  အရည်အသွေးမရှိမှတော့ သင် ကြားခံရသူ တပည့်တွေဆို ပြော မနေပါနှင့်တော့။ ခွင့်လွှတ်ပေးစေ လိုပါသည်။ ကျွန်တော့်ကိုယ်တွေ့ တစ်ခုကို ရင်နာနာနှင့်ပဲ ထပ်ဖွင့် ချပါရစေ။ ကျောင်းသားတစ် ယောက် ဓမ္မဓိဋ္ဌာန်ဟုခေါ်သော Objective Type မေးခွန်းများကို ယခုလို ရွတ်ဆိုနေတာ ကျွန်တော့် နားနှင့် ဆတ်ဆတ်ကြားခဲ့ရပါ သည်။ "True True False False Tru False" တဲ့။ မနေနိုင်သူ ကျွန် တော်က မေးရပါသည်။ ဘာဖြစ် လို့ True (or) False မေးခွန်းတွေ ကို အလွတ်ကျက်နေရတာလဲလို့။ ကလေးကပြန်ဖြေပါသည်။ ဆရာမက ဒီအတိုင်းကျက်ထားတဲ့။ မလွဲစေရဘူးတဲ့။ နည်းနည်းလေး တောင် မေးခွန်းမလှည့်၊ မပြောင်း ဘူးတဲ့။ အမှတ်ပြည့်ရစေရမယ် တဲ့။ ‘‘တော်ပါတော့’’ဟု ပြောပြီး ကလေးအနားမှ ကျွန်တော်လှည့် ပြန်လာခဲ့ပါသည်။ ကျွန်တော် ကြားနိုင်စွမ်းမရှိတော့ပါ။ သည်လို ဆရာ/မတွေ လက်ထဲက အနာ ဂတ်ပညာရေးမျိုးဆက်သစ်လေး တွေအတွက် ကျွန်တော်စိုးရိမ်ပူ ပန်မိတာမှားသလား စာဖတ်သူ မိတ်ဆွေ။
ပညာရေးကဏ္ဍ နိမ့်ဆင်း သွားသည့်အထဲတွင် ကျောင်း သား/သူတွေ၏ အခန်းကဏ္ဍ လည်း ပါဝင်နေသည်ကို ငြင်းလို့ မရပေ။ ယနေ့ခတ်လို IT (Infor-mation Technology) ခေတ်တွင် မိမိလေ့လာဆည်းပူးလိုသော အ ရာရာတိုင်းကို လွယ်လင့်တကူ ၀င်ရောက်ရှာဖွေနိုင်သည်ကို အားလုံးလည်း အသိဖြစ်ပါသည်။ သို့ သော်...ကျောင်းသားတွေ နည်း ပညာပစ္စည်းတွေအပေါ် လွဲမှား စွာ အသုံးချနေတာကိုတွေ့ရတော့ကျွန်တော်ရင်နင့်ကြေကွဲ မိပါသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာ (Facebook) ပေါ်မှာပဲ အချိန်ကုန်နေတာမျိုး၊ တစ်နေကုန် တစ်နေခန်း ဂိမ်း (Game) တွေပဲ ထိုင်ဆော့နေတာမျိုး၊ ဖျော်ဖြေရေး (Entertainment) တွေပဲညလုံးပေါက်ထိုင် ကြည့်နေတာမျိုးစသဖြင့် တွေ့လာရသောအခါ တော်တော်ဝမ်းနည်းမိပါသည်။ ထို့ကြောင့် ကျောင်းသား/သူများဘက်ကလည်း ဖုန်းပွတ်တာလေးတွေကို လျှော့ပြီး မိမိတို့တိုးတက်ရာ၊ တိုးတက်ကြောင်းအတွက် လုပ်မှသာလျှင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါသည်။
(လေး)
ယနေ့လက်ရှိသင်ကြားနေ သော ပညာရေးသင်ရိုးညွှန်းတမ်း အပေါ် ကျွန်တော်မြင်မိတာလေး တွေကိုလည်း ပြောပါရစေ။ အမြင်မတူ၊ အယူအဆကွဲလွဲခွင့်ရှိပါ သည်။ ယနေ့အငယ်တန်း မြန်မာ စာသင်ရိုးများတွင် ဖော်ပြနေသော ကဗျာများတွင် စာရေးသူအမည် ကို မထည့်တာ ကျွန်တော်သိပ် ဘ၀င်မကျပါ။ သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ပါဝင်သော ဆရာ ကြီး မောင်ခင်မင် (ဓနုဖြူ)ကို ကျွန် တော်မေးကြည့်တော့ စာရေးသူ သေပြီး အနှစ် (၂၀) ကြာမှ ရေး သူအမည်ကို ထည့်ရမည်ဟု ဗိုလ် နေ၀င်းလက်ထက်မှစ၍ အမိန့် ထုတ်ခဲ့ကြောင်း၊ သို့သော် ယခု အခါ ပြန်လည်ရေးဆွဲနေသည့် သင်ရိုးညွှန်းတမ်းများတွင် စာရေး သူ အမည်ပါမည်ဖြစ်ကြောင်း ၀မ်းသာအားရပြန်လည်ဖြေကြားပေး သည်ကို ကြားရသောအခါ ကျွန် တော်အလွန်ဝမ်းသာသွားပါ သည်။ ကျွန်တော်ဆရာကြီးကို ထပ်မေးပါသည်။ ယနေ့ သင်ရိုး ညွှန်းတမ်းများတွင် ဟာသ (Hu-mour) များကို မတွေ့ရကြောင်း၊ ထည့်သင့်၊ မထည့်သင့်မေးပါ သည်။ ဆရာကြီးက ထည့်သင့် ကြောင်း၊ နိုင်ငံတကာသင်ရိုးညွှန်း တမ်းများတွင် ဟာသ (Humour) ပါကြောင်း၊ နောင်လာမည့် သင် ရိုးညွှန်းတမ်းအတွက် ဟာသ (Humour) ထည့်ဖို့ ပြင်ဆင်နေ ကြောင်း အားတက်သရောပြော လာပါသည်။ ကျွန်တော်ထပ်ဝမ်း သာရပြန်ပါသည်။ နောက်တစ်ခု၊ ဒါကတော့ သူငယ်ချင်း ကျောင်း ဆရာတစ်ဦး၏ သင်ရိုးညွှန်းတမ်း အပေါ် မြင်သောအမြင် ဖြစ်ပါ သည်။
  ‘‘သူငယ်ချင်း... ကိုယ်က တော့ကွာ၊ အထက်တန်းဖြစ်တဲ့ ၉ တန်း၊ ၁၀ တန်း အင်္ဂလိပ်စာ သင်ရိုးတွေရဲ့ အစကို သုတနဲ့ မစ သင့်ဘူး၊ ရသနဲ့စသင့်တယ်လို့ ကိုယ်မြင်တယ်’’ကွ။ သူပြောမှ ကျွန်တော်သေချာတွေးကြည့်မိ သည်။ ၉ တန်း အင်္ဂလိပ်စာသင်ရိုးရဲ့အစက "The Wheel" (သူက သုတသက်သက်)၊ နောက်တစ် ခန်းက "A Brave Boy" (သူက သုတရော ရသရောပါလာပြီ)၊ သူ့ပြောပုံအရဆိုလျှင် "A Brave Boy" နှင့်စသင့်သည်။ နောက်ပြီး မှသာ "The Wheel" ဆယ်တန်း အင်္ဂလိပ်စာသင်ရိုးလည်း ထို့အတူပင် ဖြစ်ပါသည်။ သူဆိုလိုသည်ကို ကျွန်တော်အခုမှ သဘောပေါက် လာပါသည်။ သူက သင်ရိုးအစမှာ ကတည်းက ကလေးတွေ ပညာ ရေးကို ပျော်ရွှင်လာအောင်၊ စိတ် ၀င်စားလာအောင် ရသနှင့် စသင့် ကြောင်း အဆိုပြုလိုက်ခြင်း ဖြစ် ပါသည်။ မှန်သည်ဖြစ်စေ၊ မှား သည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်း ပြန်လည်ရေးဆွဲရာတွင် ထည့် သွင်းစဉ်းစားသင့်သော အချက်ပဲ ဖြစ်ပါသည်။ ကျွန်တော်တွေးမိ တာ တစ်ခုရှိပါသေးသည်။ မြန်မာ စာသင်ရိုးညွှန်းတမ်းအများစုတွင် ဖော်ပြခံရသော စာအများစုသည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်က စာ တွေများပါသည်။ ယနေ့ခေတ် ပြည်သူလူထုတွေ၏ ဘ၀ကို ထင် ဟပ်ဖော်ပြနေသော ကဗျာ၊ ၀တ္ထု၊ပြဇာတ်၊ ဆောင်းပါး၊ ရသစာတမ်း စသည်တို့ကို ယခုလို သင်ရိုးညွှန်း တမ်းပြန်လည်ရေးဆွဲနေသော အချိန်အခါသမယတွင် ထည့် သွင်းသင့်၊ မသင့်။ ယနေ့ ပညာရေးသင်ရိုးညွှန်းတမ်းတွေက ကျွန် တော်တို့ အနာဂတ်တွေကို ခေတ် နောက်ပြန်ဆွဲနေပြီလား။ (ကိုလို နီခေတ်၊ ဂျပန်ခေတ်က စာတွေ က မကောင်းလို့ အားလုံးဖြုတ်ပစ်၊မထည့်သင့်ဟု ကျွန်တော်ဆိုလို နေခြင်း မဟုတ်သည်ကို စာဖတ် သူသဘောပေါက်စေချင်ပါသည်။ ဤကားစကားချပ်) ကျွန်တော် တွေးမိတာလေးတွေပဲ ဖြစ်ပါ သည်။ အမှန်၊ အမှား၊ အတွေး သင့်၊ မသင့်ကို စာဖတ်သူကိုယ် တိုင် ဆင်ခြင်ကြည့်ပါကုန်။
(ငါး)
ကျွန်တော်ရှေ့နားမှာ ဆိုခဲ့ သလို ပညာရေးစနစ်တစ်ခုကောင်းမွန်လာဖို့ဆိုလျှင် အားလုံးမှာ တာ ၀န်ရှိပါသည်။ ဆရာ၊ မိဘ၊ ကျောင်းသားနှင့် လုပ်ပိုင်ခွင့်ရသူတွေမှာ လည်း အလွန်တာဝန်ရှိပါသည်။ အထူးသဖြင့် ပညာရေးလုပ်ပိုင်ခွင့် ရသူတွေအနေဖြင့် မိမိကိုယ်ကျိုးအတ္တလေးကို စွန့်ပြီး အနာဂတ် ပညာရေးမျိုးဆက်သစ်လေးတွေ ကောင်းစားလာအောင် တတ်သိ၊ နားလည်၊ ကျွမ်းဝင်သော စာပေ ပညာရှင်များလက်ထဲသို့ ပညာ ရေးကို ၀ကွက်ပုံအပ်ပြီး လုပ် ဆောင်ခိုင်းမှသာလျှင် နောက်ဆုံး အဆင့်ရောက်နေသော ‘‘သေငယ် ဇောနှင့် မြောနေသော မြန်မာ့ ပညာရေး’’မှာလည်း အနည်းငယ် ထူထူထောင်ထောင်ရှိလာမည်ဟု ယုံကြည်မိပါကြောင်း။     ။

http://www.7daydaily.com/story/80190

No comments: