Saturday, November 19, 2016

ထရန့် ကို လန့် နေရဦးမဲ့ ကမ္ဘာ..

 ထရန့် ကို လန့် နေရဦးမဲ့ ကမ္ဘာ..

ဘုရားသခင်ရေ..
တရားမ၀င်စစ်ကြီးက ခြားထားလို့ 
အိမ်မပြန်ဖြစ်တဲ့ ဒုက္ခနဲ့ လူတွေအကြောင်း
အအေးဆုံးဆောင်းရဲ့  အမှောင်ညထဲ လဲလျောင်း
စကားရိုင်းတွေ ထုတ်လုပ်တဲ့ လူမိုက်တွေ ကံကောင်းတတ်ကြောင်း
ဖျားနာနေတဲ့ ကမ္ဘာကို ထပ်လောင်းသက်သေပြလိုက်တဲ့ ထရန့် ..။

ပြဿနာတွေ မြူတမှုန်မှ မဖြစ်ချင်သူကိုမှ
ဒဏ်ရာတွေ လူကြုံနဲ့ အပို့ ခံလိုက်ရတဲ့လူလို
လူတဦးရဲ့ မထင်မှတ်တဲ့ အောင်ပွဲအောက်မှာ
ကမ္ဘာတခုလုံး လန်ထွက်အောင် လန့် သွားစေတဲ့ ထရန့် ..။

ဘာလင်တံတိုင်းကြီးပြိုတာ မကြာသေးပေမဲ့
မက္ကစီကို တံတိုင်းကြီး ဆောက်ချင်သူ
လူမျိုးရေးမုန်းတီးမှု ၀ါဒမှိုင်းနဲ့ 
အမေရိကန်မှာ အိမ်မက်ဆိုးတွေ ခပ်ရိုင်းရိုင်းမက်ချိန်
အိမ်နီးချင်းတွေ စီးပွားရေး မကျန်းမာတဲ့အခါ
အဆင့်အတန်းရှိရှိ ဘယ်သူဆင်းရဲ မွဲတေနိုင်မလဲ
တခါတခါလွတ်လပ်ခြင်းတွေ ထုံထိုင်း၊ အရာရာ အကန့် အသတ်လှိုင်းရှိတယ်..။

လဲကျနေတဲ့ ကမ္ဘာကို လက်မြှောက်ခိုင်းပြီး
ပူလောင်နေတဲ့ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို ခြိမ်းခြောက်
ဖွင့်ထားတဲ့ အလင်းတံခါးတွေ ပြန်ပိတ်
အမှောင်ထဲ တယောက်ထဲ စီးပွားရေးပုတီးစိတ်လေမလား..
အမေရိကန် သမ္မတဟောင်း အိုဘားမားက စက်ဆုပ်ပြီး
ရုရှားသမတ္တ ပူတင်က ကောင်းကောင်း လက်ခုပ်တီးတဲ့ ထရန့် ..။

ဆိုးရက်တွေမှာ ကြာရှည်လောင်ကျွမ်းခဲ့
ချိုးငှက်တကောင်ရဲ့ မရေရာတဲ့ လွမ်းချင်း
တောတောင်အကြောင်းတွေးတော့ ရင်လေး
မြို့ ပြအကြောင်းတွေးတော့ မွန်းကြပ်
အနီးကပ်မျှော်လင့်ခြင်းတွေ ဝေးသထက်ဝေးအောင် ပျံသန်း
အိပ်မက်တွေ ကမ်းမကပ်ခင် အမေရိကန်ကို ကယ်တင်ရမဲ့ ကမ္ဘာ..။

ငါတို့ ကတော့
ငါးပါးသီလ မလုံသူတွေရဲ့ 
ဒို့ တာဝန်အရေးသုံးပါးနဲ့ နှစ်ပါးသွားခဲ့
လောကဓံတရားနဲ့ ရန်သူမျိုးငါးပါးအောက် ပြားပြားမှောက်ခဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲ နေသားကျ
ခေတ်သစ်ကမ္ဘာဆိုတာ နယ်မြေတလက်မမှ မကျူးကျော်ပဲ
နည်းပညာနဲ့ ဒေါ်လာတွေ နယ်ချဲ့ လို့ 
 အတွေးအခေါ် တွေ ချိနဲ့ နဲ့ ဖြစ်နေရင်တော့
 ထရန့် ကို လန့် နေရဦးမဲ့ ကမ္ဘာ..။

ဘုရားဟောလို
ပုထုဇနော ဥမ္မတကောတဲ့
လူသားအားလုံးဟာ အရူးဆိုတော့ကာ
စူပါ ပါဝါဆိုတာ
စူပါအရူးဆိုတာ ကောင်းကောင်းသိခဲ့ပြီ ကမ္ဘာ..
အတ္တာဟိ အတ္တနော နာထော
မိမိကိုသာ မိမိကိုးကွယ်ရာဆိုတော့ကာ..
ကိုယ့် အမိမြေငြိမ်းချမ်းရေးဆိုတာ ဘယ်သူမှ အားမကိုးပဲ
ကိုယ်တွေအချင်းချင်း ရင်ခုန်လက်တွဲတည်ဆောက်ရမယ်ဆိုတာ
ပင်လုံခင်ဗျာ ၊ ဘ၀ပေး သင်ခန်းစာ ရလိုက်ပြီ ကမ္ဘာ..။


အောင်ခိုင်မြင့်

၂၀ နိုဝင်ဘာလ ၂၀၁၆


No comments: