Sunday, November 13, 2016

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား အများစု လုပ်ကိုင်နေသည့် စက်ရုံ အလုပ်ရုံ အချို့ အရှုံးပေါ်နေသောကြောင့် အစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား အများအပြား ရှိလာ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား အများစု လုပ်ကိုင်နေသည့် စက်ရုံ အလုပ်ရုံ အချို့ အရှုံးပေါ်နေသောကြောင့် အစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား အများအပြား ရှိလာ

Sunday, November 13, 2016
 
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား အများစု အလုပ်လုပ်ကိုင်နေကြသည့် စက်ရုံ အလုပ်ရုံ အချို့ အရှုံးပေါ်နေသဖြင့် ၀န်ထမ်းများ လျှော့ချရာတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား အများအပြားရှိ လာကြောင်း သတင်းရရှိသည်။
...
ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံ အချို့မှာ စီးပွားရေး အခြေအနေကြောင့် အရှုံးပေါ်လျက် ရှိပြီး အချို့စက်ရုံများမှာ ၀န်ထမ်းအင်အား လျှော့ချလျက်ရှိကာ ယင်းတို့အနက် မြန်မာလုပ်သား အများအပြားလည်း ပါဝင်နေကြောင်း မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းထံမှ သိရသည်။
“အခု လောလောဆယ်တော့ ထိုင်းမှာဆိုရင် ကျွန်တော်တို့ အဖွဲ့ကို ဆက်တိုက် အကူအညီတောင်းတာက အလုပ်သမားတွေ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်တာတွေ တော်တော် များနေတယ်။ လာမယ့် အပတ်တွေမှာ ဒီကိစ္စကို ဆက်တိုက် ဖြေရှင်းပေးရမယ်။ အလုပ်ရုံတစ်ခု ဆိုရင် မြန်မာအလုပ်သမားပေါင်း ၃၄၀ ကို အလုပ်ဖြုတ်တော့မယ်။ အလုပ်ရုံ အရှုံးပေါ်တဲ့အတွက် ဒီလကုန်ဆို ဖြုတ်မယ်။ နောက်ပြီး ဆေးဆိုးပန်းရိုက် အလုပ်ရုံ တစ်ခုမှာ ဆိုရင် မြန်မာလုပ်သား ၇၀ ကျော် ထပ်ပြီး အလုပ်ဖြုတ်ဦးမယ်။ ကျွန်တော်တို့ကို သတင်းပို့ထားတာပေါ့။ အလုပ်ရုံတွေ အရှုံးပေါ်တဲ့အတွက် အလုပ်သမား အင်အားကို လျှော့ချတာလို့ လောလောဆယ် ကောက်ချက်ချထားတယ်။ ဘာလို့လဲဆိုတော့ ဒီလထဲမှာကို သိသိသာသာ အလုပ်ရုံတွေက အလုပ်သမားတွေကို လျှော့ချနေတာဆိုတော့ ထိုင်းစီးပွားရေးက နည်းနည်းလေး လှုပ်လာတယ်လို့ သုံးသပ်မိတယ်” ဟု ကိုရဲမင်းက နိုဝင်ဘာ ၁၂ ရက်က ပြောကြားသည်။
ထိုင်းနိုင်ငံ မဟာချိုင် နေ၀တ်အွန်ကော်ခဆီးစွန်း အအေးခန်းစက်ရုံမှ အရှုံးပေါ်သဖြင့် အလုပ်သမားများ လျှော့ချရာတွင် နိုဝင်ဘာ ၉ ရက်က မြန်မာလုပ်သား ၁၂၆ ဦးအား ရာခိုင်နှုန်း ၅၀ လျော်ကြေးပေး အလုပ်ဖြုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားများကို ယခင်က လုပ်ငန်းရှင်က လျော်ကြေးမပေးဘဲ အခြားအလုပ်ရုံ အသစ်သို့ ပြောင်းရွှေ့ပေးမည်ဟု ပြောကြားခဲ့သော်လည်း မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC အဖွဲ့နှင့် မြန်မာသံရုံးတို့အား သတင်းပို့ တိုင်ကြားထားသည်ကို သိရှိသည့်အတွက် ထိုသို့ လျော်ကြေးငွေ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုရဲမင်းက ပြောကြားသည်။
“အခု လျော်ကြေးရသွားတာက ၁၂၆ ယောက်ပေါ့။ နောက်ထပ် အယောက် ၂၀ လောက် ကျန်သေးတယ်။ အဲဒီ လူတွေက သူတို့ လျော်ကြေးပေးတဲ့ အချိန်မှာ မရှိလို့ မပေးဘူးလို့ ပြောတယ်။ သူတို့က ခွင့်နဲ့ နေရပ်ပြန်သွားတာတို့ ပတ်စ်ပို့ သွားလုပ်တာတွေကြောင့်ပါ။ ဘာပဲပြောပြော သူတို့က ဒီက အလုပ်သမားတွေ ဖြစ်တဲ့အတွက် လျော်ကြေးရအောင် ကျွန်တော်တို့က အလုပ်သမားတွေဘက်က ရပ်တည်ပြီး ဖြေရှင်းပေးမှာပါ။ သူတို့အတွက် လျော်ကြေးတောင်းပေးရဦးမှာပါ” ဟု ကိုရဲမင်းက ပြောကြားသည်။
အဆိုပါ အရှုံးပေါ်ခဲ့သည့် ငါး ပုစွန် အအေးခန်း စက်ရုံတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၁၂၆ ဦးအတွက် လျော်ကြေးငွေ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် ဘတ်ငွေ သိန်း ၄၀ ခန့်အား အလုပ်ရှင်က အလုပ်သမားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဉာဏ်ဝင်းရှိန်
Eleven Media Group
ထိုင်းနိုင်ငံ နေ၀တ်အွန်ကော်ခဆီးစွန်း အအေးခန်းစက်ရုံမှ အလုပ်ရပ်နားခံရသည့် အလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-AAC)
Image may contain: one or more people and outdoor

No comments: