Tuesday, November 1, 2016

ခေတ်ခါးခါးကို အလျားလိုက်ဖြတ်ကူးခြင်း

ခေတ်ခါးခါးကို အလျားလိုက်ဖြတ်ကူးခြင်း

• သူ့ အကြောင်းသိချင်ရင်
သူ့ ကို အာဏာပေးကြည့်လိုက်တဲ့။
• ဒီမိုကရေစီ တကယ်မရသေးဘူး ပြောသူတွေပဲ
မှော်ရုံတောမှာ ရေစုန်မျော...

ခြေစုန်ကန်ကာ ရွာလွန်ရွက်တိုက်
မျက်လုံးထဲ သဲပက်ခံလိုက်ရတယ်။
• တဖိတ်ဖိတ်တောက်နေတဲ့
ကြယ်စင်တွေကိုမှ အားမနာ
ဒါကိုများ-- မုသားလင်္ကာနဲ့ ဘုန်းတော်ဘွဲ့ တွေဖော်ကျူး
ဘယ်သူတွေ ပျှော်မြူးလို့ 
ဘယ်သူတွေကို မော်ဖူးရမလဲ။
• ဂျာအေးကို သူ့ အမေပဲရိုက်ရိုက်
ကုလားသိုက်ပဲ ကျားဝင်ကိုက်ကိုက်
အချောင်နှိုက်လက်တွေ
တိုက်ပွဲတရာ အောင်ပွဲတရာနဲ့ 
အမှောင်ထဲမှာ အလံမလဲတဲ့
အသံမစဲ နိုင်ငံရေးပဌာန်းတွေက တမှောင့်။
• မုန့် လုံးကို စက္ကူကပ်
အနာဂတ်ဟာ အပ်တဖျားစာ လွဲမှားနေရင်
နဖူးပဲကွဲမလား
ဒူးပဲပြဲမလား
နှဲကျိုးကြီး တက်နင်းသံ ညံနေတယ်။
• မိုက်တလုံးဟာ
ဆိုင်ကလုန်း မုန်တိုင်းကို ဖြစ်စေသလို
လော်ခေတ်မှာ စကားလုံးတွေနဲ့  လမ်းခင်းပေးတယ်။
• ဖုန်တထောင်းထောင်းထနေတဲ့မြေ
နူရာဝဲစွဲ လဲရာသူခိုးထောင်းခံနေရတဲ့ အဖြစ်တွေ
လက်ပံတောင်းတောင် ကအစ
ရိုးမ မှန်သမျှ
သံယံဇာတဟူသမျှ
ယူကြပါကုန်လော
ဖြောင်ကြပါကုန်လော
အိတ်သွန် ဖါမှောက်မကျန်
ငါတို့ ကံကြမ္မာ က
သံသရာပါမယ့် ဒဏ်ရာဒဏ်ချက်တွေဖြစ်တယ်။ ။


 ဧရာ
၃၀၊၁၀၊၂၀၁၆

No comments: