Thursday, November 24, 2016

မောင်စွမ်းရည် - မိုးချိုသင်းရဲ့မှတ်တမ်း

တင်မိုးနဲ့ မောင်စွမ်းရည် (၂၀၀၆)

မောင်စွမ်းရည် - မိုးချိုသင်းရဲ့မှတ်တမ်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆
မိုးချိုသင်းဆိုတာ ကဗျာဆရာကြီး တင်မိုးရဲ့သားသမီးလေးယောက်အနက် အငယ်ဆုံးသမီးပါ။ အငယ် ဆုံးသားကလေးယောက်ရှိခဲ့ဖူးပေမဲ့ သဘောင်္လိုက်ရင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။ ဒီစာအုပ်မှာ သမီးထွေး မိုးချိုသင်းက သူ့ဖခင်၊ မိခင်နဲ့ မောင်နှမအားလုံး အကြောင်းကို သူသိမြင်ခံစားမိသလို စီကာပတ်ကုံးရေသား ထားပါတယ်။ သူ့မှာ တူမလေးတွေလဲ ခြောက်ယောက်ရှိသတဲ့။ အားလုံးက ဘယ်လ်ဂျီယံနဲ့ သူ့အစ်မမိုးမိုးနှင်း နဲ့ အတူနေကြတယ်။ အမလတ် မိုးအေးလဲ သူ့ကလေးတွေနဲ့အတူ ဘယ်လ်ဂျီယံ မှာပဲနေတယ်။ မိုးချိုသင်းက သူ့ခင်ပွန်းနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ လော်စ်အိန်ဂျဲလိစ်မှာ အခြေချနေတယ်။ သူ့ဖခင်က ကဗျာဆရာ ကြီး ဦးတင်မိုးက ရာသီဥတုမျှတတဲ့လော့စ်အိန်ကျဲလိစ်မှာ သမီးငယ်မိုးချိုသင်းနဲ့ အတူနေခဲ့တယ်။ ကွယ်လွန် တော့လဲ သမီးငယ်ဆီမှာပဲ ကွယ်လွန်သွားပါတယ်။

သမီးမိုးချိုသင်းက သူ့အဖေအညာသား၊ တောသားကြီးရဲ့အကြောင်းကို သူ့စာအုပ်ရှေ့ဆုံးမှာဖော်ပြ တယ်။ ''ဘလော့ဂါကြီးသို့''တဲ့။ ဗမာပြည်ကသူ့အပေါင်းအသင်းတွေကတော့ ''ငါတို့တင်မိုးဟာ ဟောလိဝုတ် မြို့ အရိပ်မှာ ကွန်ပျူတာ ခလုတ်တွေနှိပ်ရင်း တကယ့်မော်ဒန်များ ဆရာကြီးဖြစ်သွားခဲ့တာကိုး''လို့ အောက်မေ့ကြ ရှာမယ်။ သူ့သမီး ဘလော့ဂါကို အားကျလို့ သူလဲ ဘလော့ဂါလုပ်ချင်တယ်လို့ သမီးငယ်ကို ပူဆာတယ်။ သူ့သမီး ငယ်ကပဲ အားလုံးသောသူ့သမီးတွေရဲ့သဘာဝအတိုင်း အဖေလိုချင်တယ်ဆိုရင် မိုးပေါ်ကလမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ယူပေးမယ့်သမီးမျိုးဘဲ ဆိုတော့ သူ့အဖေကြီးအတွက် အာကာကို လွှာပုံပြုရအောင် ဘလော့စာမျက်နှာ ဖွင့်ပေးလိုက်တယ်။ အဖေ့ကို ကွန်ပျူတာခလုပတ် နှိပ် သင် တော့ ခလုတ်တခုပေါ် တင်လိုက်တိုင်း ဒီစာလုံးတလုံးတည်းကို တစာမျက်နှာပြည့်တာတောင်  လက်ပြန်မကြွလို့ မနည်းကြီး ဆွဲဖယ်ရသတဲ့။ ဘာပဲဖြစ်ဖြစ် သူဟာ မကွယ်လွန်ခင်မှာ ကွန်ပျူတာခလုပ်နှိပ်တဲ့ ဟောလိဝုတ်က ဘလော့ဂါ ကဗျာဆရာဖြစ်သွားကြောင်းမှတ်တမ်း တပုဒ်တော့ ဖြစ်သွားခဲပါတယ်။

ရေးသူကိုယ်တိုင်ဝန်ခံထားသလိုပဲ သူ့အတွေးအားလုံးဟာ သူ့မိသားစုအကြောင်းကိုပဲ ရေးထားတာ ပါ။ တခြားအကြောင်း လုံးဝမပါဘူး။ သူ့ ''ဘလော့''မှာ အာကာကို လွှာပုံပြုပြီး စိတ်ကူးပေါက်တိုင်း ထရေးထား တဲ့စာကလေးတွေပါ။ အားလုံးပုဒ်ရေ ၁၅၀လောက်ရေးထားတာရှိသတဲ့။ ဒီစာအုပ်ငယ်မှာတော့ပုဒ်ရေ ၄၂ပုဒ်ပါ ၀င်ပါတယ်။ စာမျက်နှာ ၁၅၀ ပဲ ရှိပါတယ်။ ထုတ်ဦးမယ်ဆိုရင် နောက်ထပ် နှစ်အုပ်တော့ ထုတ်လို့ဖြစ်ပါသေး တယ်။ ထုတ်ဖြစ်အောင်ထုတ်ပါလို့ပန်ကြားလိုက်ပါတယ်။

ဒီစာအုပ်မှာတော့ စားအုပ်အမည်ကို ''မှတ်တမ်း''လို့ပဲနာမည်ပေးထားတော့ နာမည်က ''ရင့်''နေသလို ပဲ၊ သူ့မိသားစုဝင်တွေကို လွမ်းတိုင်းရေးထားတဲ့မှတ်တမ်းလေးတွေမို့ ''လွမ်းမှတ်တမ်း''လို့ဆိုရင် ကောင်းသေးရဲ့ လို့ ဆရာလုပ်လိုက်ချင်ပါတယ်။ (ခွင့်လွှတ်ပါ) ဒီလိုစာပေမျိုးစားက ဗမာစာပေလောကမှာ ရှားပါးတယ်လို့ပြော ချင်ပါတယ်။ မိုးချိုသင်းက သူ့စိတ်ကူးပေါက်တိုင်း လွတ်လွတ်လပ်လပ်ရေးထားတာကလေးတွေဖြစ်လို့ သူ့အလှ နဲ့သူ 'အလှကိုယ်စီ' ရှိနေကြပါတယ်။ သူ့မှတ်တမ်းက 'သူ့အလွမ်းနဲ့ဇာတ်လမ်းနဲ့' လို့ဆိုရမလိုပါဘဲ။

သူ့အမျိုးအစားကို သူက ''မှတ်တမ်း''လို့နာမည်ပေးမထားရင် အက်ဆေးလေးတွေလို့ခေါ်မိမယ်ထင်ပါ တယ်။ အက်ဆေးကို ဗမာလို ဘာသာပြန်ဖူးကြတာက 'အစမ်းစာ' တဲ့ 'စာမွန်' တဲ့ ။ ဗမာပြည်မှာ ခုလိုအစမ်းစာ စာမွန်လေးတွေရေးကြတာတွေ ရှိပါတယ်။ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ဖူးကြတာတွေလဲ တွေ့ဖူးပါတယ်။ ကျနော် ဖတ်ဖူးသလောက်ကတော့ အားလုံးမဆိုးပါဘူး။ ''မဆိုးကိုယ်စီ၊ ဆိုရမည်'' လို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သိပ်ပြီး အားထုတ်ကြိုးစားမှုတွေရဲ့လက်ရာ၊ ခြေရာတွေ ထင်နေသလိုပါပဲ။ အားထုတ်မှု-ကြိုးစားမှုမှာ မမြင်ရတဲ့''ချုပ်ရိုးပျောက်'' ကလေးတွေ မဟုတ်ကြဘူး။ သဘာဝအလျောက်၊ အလိုလို ပေါ်ထွက်ဖူးပွင့်လာတဲ့လက္ခဏာ သိပ်မတွေ့ကြရဘူး။ ''ခံစားမှု''ထက် အတွေးက ပိုများနေသလား ထင်ရပါတယ်။ စာတပုဒ်မှာ ၀ါကျတွေပါတယ်။ စာပိုဒ်တွေပါတယ်။ စကားလုံးတွေပါတယ်။ ၀ါကျတွေကို အိမ်ဆောက်သလို စီပြီး တည်ဆောက်ရတာပါပဲ။ ပျဉ်ချပ်ကလေးတွေကို နေရာတကျ ဆက်ရ၊ ဖြတ်ရပါတယ်။ ဒါံကြောင့်ထင်ပါရဲ့ဆရာကြီးရွှေဥဒေါင်းက စာရေးဆရာကို ''၀ါကျလက်သမား''လို့ခေါ်ဝေါ်သုံးစွဲဖူးပါတယ်။ ရွေးချယ် စီမံမှု မကောင်းရင်၊ မကောင်းသလို၊ ကောင်းရင်ကောင်းသလို အပြင်လူက မြင်တတ်ပါတယ်။ အိမ်ကို သူကိုယ်တိုင် မဆောက်တတ်ပေမဲ့၊ စာကို သူကိုယ်တိုင် မရေးတတ်ပေမဲ့၊ အိမ်အရည်အသွေးကို သိသလို၊ စာအရေအသွေးကိုလည်း ဘေးလူက သိပါတယ်။

မိုးချိုသင်းက အင်းစိန်ရှိသူတို့အိမ်ကလေးအကြောင်းကိုလဲ ရေးထားတယ်။ ဗမာပြည် ဘယ်နေရာမှ မရှိ တဲ့ ''ကဗျာဆရာရဲ့အိမ်''ပါပဲ။ စိတ်ဝင်စားစရာကောင်းလို့ အိမ်ဆောက်ဆဲကာလမှာရော၊ အိမ်ဆောက်ပြီးတဲ့အ ခါမှာရော လူတွေ တမင်တကာ တကူးတက လာကြည့်ကြတဲ့ အိမ်ကလေးပါပဲ။ ဂျပန်မှာ ဗိသုကာပညာကို ရှစ်နှစ် ကြာအောင်သင်ယူလာခဲ့တဲ့ ဂျပန်ပြန် ဗိသုကာ ဦးရွှေရဲ့လက်ရာတဲ့ ။ ဦးရွှေဆိုသူကလဲ အညာသားပဲ။ အဖိုးအခ ပေးရင် အိမ်ရှင်တို့ဆွဲထိုးမယ်ဆိုတဲ့ လူစားမျိုး။ သူကလဲ ကဗျာဆရာကို ခင်လွန်းလို့ သူ့စိတ်ကူးနဲ့သူ ဆောက်ပေး ကာ၊ အပေါင်းအသင်းတွေက သစ်လာပေး၊ အုတ်လာပေး နဲ့ အကြွေးပေးကြတာတဲ့။ အကြွေးပေးတဲ့လူတွေကလဲ သူတို့ဖာသာလာပေးကြတာ။ ''အကြွေး'' လို့မှတ်ထားရင်း စိတ်ဆိုးမှာပဲ ဆိုတဲ့ အပေါင်းအသင်းတွေချည်းပဲ။ ကဗျာဆရာကို အဲသလိုချစ်ကြတာ။ ဒီလို နတ်စင်လိုလို၊ ရေချမ်းစင်လိုလို (သိန်းသန်းထွန်းရဲ့မှတ်ချက်) အိမ်ကလေး အကြောင်းကိုလဲ မိုးချိုသင်းက ''လွမ်းမေတ္တာ''ကဗျာတစ်ပုဒ်ကို သီကုံးထားပါတယ်။ မေတ္တာနဲ့ ဆောက်တဲ့အိမ် တဲ့။

တင်မိုးဆိုတာ အညာသား၊ တောသားကြီးပီပီ ရုံးပြင်ကနားတွေရှိ အလွန်ကြောက်ရှာတယ်။ ရွံကြောက် လို့တောင် ပြောရပါတယ်။ ဒီကြားထဲက ရုံးရော၊ ထောင်ရော ရောက်ခဲ့ရှာပါတယ်။ အလွန်ကို ရိုင်းစိုင်း ယုတ်မာ တဲ့စစ်အရိုးရခေတ်မှာ၊ အလွန်ကို ရိုးရိုးအေးအေး နေချင်ရှာသူတွေလဲ အေးအေးမနေရပါဘူး။ ကျောင်းဆရာ စာသင်တဲ့ကိစ္စနဲ့ ရုံးရောက်ရ၊ ကဗျာဆရာ ကဗျာဖွဲ့လို့ ရုံးရောက်ရတာတွေ ... မိုးချိုသင်းရေးဖြစ်သလား မသိပါ။ ဒီစာအုပ်ငယ်မှာတော့ တရားရုံးမှ လက်ထပ်တဲ့ ကိစ္စနဲ့ ရုံးရောက်ရတဲ့ကိစ္စကို မိုးချိုသင်းက ရေးထားပါ တယ်။ ''ဤလည်း တဒုက္ခ''ဆိုတဲ့ အဖြစ်မျိုးပါ။ ''ကြည် ပါတယ်လေ''ဆိုတဲ့ မှတ်တမ်းလေးကို ဖတ်ကြည့်ပါ။ တကယ့် ကို ရယ်ရအခက်၊ ငိုရအခက် ဆိုတာမျိုးပါပဲ။

မိုးချိုသင်းတို့ အဖေကြီးဟာ ကဗျာစပ်တာကလွဲလို့ ဘယ်နေရာမှ အစွမ်းအစမရှိတဲ့ လူမျိုးပါ။ မိန်းမ ဘယ် လိုရသွားသလဲတော့ မသိပါ။ သူ့မိဘနဲ့ အမ,နှမတွေ၊ သူ့ဇနီးနဲ့ သမီးရော သူ့ကို ၀ိုင်းချစ်ကြပုံကလဲ တုန်လို့ ဆိုရမှာပဲ။ သူ့တို့ဝိုင်းပြုစုယုယကြတာနဲ့ သူဘာမှလုပ်လိုက်ရတယ် မရှိ။ ထမင်းခွံပေးကြတယ်။ အကျီင်္ဝတ်ပေး၊ လုံချည် ၀တ်ပေးကြတယ်။ သမီးတယောက်က ဗီတာမင်ဆေးပြားကို သူတို့အဖေ ပါးစပ်ထဲ ထည့်ပေးရင်း၊ တခြားတယောက်က သောက်ရေခွက်ကို အဖေ့ပါးစပ်မှာ တေ့ပေးကြတယ်။ သမီးတယောက်က ခေါင်းကို အုံးဆီလမ်းပေး ရင်း၊ ကျန်တယောက်က ဘီးနဲ့ဖီးပေးပါတယ်။ သမီးတွေ အကျီင်္ဝတ်ပေးရင် အဖေလုပ်သူက ဆေးလိပ်ကို ဘယ် ညာ လက်ပြောင်းသောက်ရင်း လက်လျှိပေးရတယ်။ အဲဒီတုန်း တယောက်က အကျီင်္ကြယ်သီး တပ်ပေး တယ်။ သူ့သူငယ်ချင်းတွေကလဲကျောင်းမှာဆိုရင် အ၀တ်လျော်ပေးကြ၊ အ၀တ်လဲပေးကြတယ်။ သူ့တပည့်တွေ ကလဲ ဒီလိုပါပဲ။ ဘေးကဓါတ်မသိသူတွေက မြင်ရင် ဘယ်လိုမှတ်ချက် ချမလဲမသိ။

သူ့သူငယ်ချင်းတဦးကတော့ သူဆေးလိပ်သောက်တာ မကြိုက်လို့နဲ့ဆေးလိပ် ၀ှက်ထားဖူး သတဲ့။ အဲဒီတော့ သူ့ကို အဖေကဗျာဆရာကြီးက ဓါးနဲ့ လိုက်ထိုးသတဲ့။ ဆေးလိပ်သောက်ရင် ဒီတနှစ်အတွင်းသေမယ်လို့ ဆရာဝန်ကပြောတော့လဲ  သူ့သူငယ်ချင်းတစ်ဦးက ငိုယိုပြီး တောင်းပန်ရှာတယ်။ သူ့သမီးတွေက ဘာပြောတယ် မှတ်သလဲ ... ''ဦးရယ်' ... အဖေကြီးသနားပါတယ်။ သောက်ပါစေ" တဲ့။ သမီးတွေကလဲ အဲ့လိုသမီးတွေ၊ အဖေကလဲအဲလိုအဖေကြီး။

ဒီအကြောင်းတွေဟာ သူ့သမီးတွေ မကြားရက်တဲ့ အကြောင်းတွေပါ။ ဒါကြောင့် အဖေနဲ့ပတ်သတ်ရင် ထိလွယ် ခိုက်လွယ်တဲ့ သမီးတွေက မှတ်တမ်းလည်း တင်ကြမှာမဟုတ်ပါလို့ ထင်ထားတဲ့အတိုင်း မိုးချိုသင်းရဲ့မှတ်တမ်းမှာ မပါပါ။

ဒါပေမဲ့ ဒီစာအုပ်ဟာ ကဗျာဆရာအဖေကြီးအကြောင်း သက်သက်မဟုတ်ပါ။ အမှာစာမှာ ပါတဲ့အတိုင်းပဲ သူ့မိသားစုဝင်တွေအားလုံးအကြောင်း ပါဝင်ပါတယ်။ သူ့မှာ သားသမီးမရှိတော့ ကြောင်ကလေး၊ ငှက်ကလေးတွေကိုပဲ သားသမီးလုပ်ရပါတယ်။ သူတို့အဖေကိုလည်း ကြောင်လေးလို အမွှေးသတ်နေချင်ပုံရပါတယ်။ သူတို့အဖေက ကလေးမရှိတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ဇနှီးမောင်နှံတွေကို တွေ့ရင်ပြောလေ့ရှိတာကို သူပေါင်းအသင်းတွေ သတိရကြတယ်ထင်ပါတယ်။ 'ငါ့ကို မွေးစားပါလား' တဲ့။ သူ့သမီးတွေကတော့ သူတို့အဖေကြီးကို သူမျာျးမွေးစားတာကို လက်ခံကြမှာ မဟုတ်ပါ။ သူတို့အဖေကို ''ဆီဖြူဖန်းခါး ဆိုရင်'' ငုံလို့များတောင် ထားချင်ကြရှာတာပါ။ သူတို့ အဖေကို မွေးစားဖို့ကြံတဲ့ ကာတွန်းဆရာတဦးကတော့ လူတော့မွေးစားချင်တယ်၊ ဆေးလိပ်ကို မ မွေးစားနိုင်လို့ မွေးစားခွင့်ကို လက်လွှတ်ခဲ့ရပါသတဲ့။ အဖေနဲ့ဆေးလိပ်၊ အဖေနဲ့တယော၊ အဖေကို ၀ယ်မပေးလိုက်ရတဲ့  ဒိုးပတ် (ဗုံ)၊ အဖေနဲ့ ဘုန်းကြီး စတဲ့အကြောင်းအရာတွေ သမီးဖြစ်သူ 'ဘလောဂါ' စာရေးအုံးမယ် ထင်ပါ တယ်။

စာဆိုတာ မေတ္တာနဲ့၊ ခံစားမှုနဲ့ရေးမှ အရသာ ပိုပါတယ်။ မေတ္တာရနံ့သင်းနေတော့ ဖတ်ကောင်းပါတယ်။ မိုးချိုသင်းက သူ့အဖေလိုပဲ အမုန်းထက် အချစ်ကိုပဲ ရေးဖွဲ့လိုပုံရပါတယ်။ အမုနုးနဲ့ ကင်းအောင်နေတဲ့ကြားက စစ်အစိုးရရဲ့ (ဓမ္မရံကြီး ဘုရားတည်သလို အပ်ဖျား ထောက်စရာ မကျန်)  ရှာရှာဖွေဖွေနှိပ်စက်မှုတွေကို ခံရရှာတော့မှသာ အမုန်းကဗျာတွေရေး ဖြစ်ခဲ့ရှာပါတယ်။ အဖေရဲ့မေတ္တာ၊ စေတနာအမွေတွေကို ခံယူထားတဲ့ သမီးမိုးချိုသင်းလဲ ဗမာပြည် မပြန်သမျှ တော့''အမုန်း''တွေနဲ့ တွေ့ရမှာမဟုတ်ပါ။

မိုးချိုသင်းရဲ့မှတ်တမ်းတွေဟာ ခံစားမှုကိုသာ လွတ်လွတ်လပ်လပ် ရေးဖွဲ့ သီကုံးထားတာဖြစ်လို့ စာထဲမှာ ''ခြေရာလက်ရာတွေ'' မတွေ့ရပါ။ စာရေးရာမှာ အခက်ဆုံးဖြစ်တဲ့ ဟာသဓါတ်ကလေးပါ ရေးနိုင်တဲ့အစွမ်းလဲ မိုးချိုသင်းမှာ ရှိနေပါတယ်။ ဒါကလဲ မေတ္တာဓါတ်ခံကြောင့်ပါပဲ။ မေတ္တာဓါတ်ခံဟာ အစွမ်းပြချင်စိတ်များကိုပဲ မထွက်ပြူစေနိုင်ပါ။ စာကို လှစေပါတယ်။ စာလှလှလေးတွေ ရေးနိုင်ပါစေ။ ဆက်ရေးပါ ... သမီး။ 'အဖေနဲ့ သူရဲ့သူငယ်ချင်းများ' ဆိုတဲ့ ခေါင်းစီးလဲ ပါပါစေ။

(မိုးချိုသင်း အဖေရဲ့ သူငယ်ချင်းတစ်ဦး)

မိုးချိုသင်းစာအုပ်အကြောင်းက သည်မှာပါ -
http://moemaka.com/archives/39665

No comments: