Monday, November 14, 2016

ဆောင်းယွန်းလ..“စာအမှတ် ၂၃”

သူငယ်ချင်း ညီအကိုရဲဘော်တွေကို သတိရလို့ စာအမှတ် ၂၃ကို ပြန်တင်ပါတယ်။


“စာအမှတ် ၂၃”

ပြန်လာခဲ့မယ်လို့
မျှော်လင့်ချက်တွေပေးခဲ့ပြီး
ညကြီးမင်းကြီးထဲ ရေးကြီးသုတ်ပျာ
ခင်ဗျားတယောက်တည်း ပျောက်သွားခဲ့လိုက်တာ
ဟောဒီမှာ ခင်ဗျားပစ်ချခဲ့တဲ့ နှစ်ကာလတွေကို
အမှတ်တရအဖြစ် ကျနော်သိမ်းထားရစ်ခဲ့တာလေ..
ခင်ဗျားထွက်သွားပြီး တလလောက်အကြာမှာ
ကြားရတဲ့ သတင်းက
အဲဒီတုန်းက ခင်ဗျားမှာပါသွားတာဆိုလို့
အဝတ်တထည် ကိုယ်တခုရယ်
မှတ်ပုံတင်တချပ် ငါးကျပ်တန်တရွက်နဲ့
ခင်ဗျားကောင်မလေး ပေးထားတဲ့ စာတစောင်
ခင်ဗျားနဲ့ စိတ်တူကိုယ်တူပါသွားတဲ့
သူငယ်ချင်း ကဗျာဆရာနှစ်ယောက်ရယ်
ရန်ကုန်စက်မှုတက္ကသိုလ်က အကိုကြီးတယောက်…
ခင်ဗျားတို့မှာ ငွေပိုငွေလျှံမပါလို့
သေဘာၤေပၚမွာပါလာတဲ့
ကြက်ခြင်းထဲက ကြက်ဥတွေကို
ဖောက်သောက်ခဲ့ရတယ်ဆိုတာကိုလည်း
ပြန်ကြားရတယ်…
ခင်ဗျားထွက်သွားပြီး သိပ်မကြာခင်မှာ
ခင်ဗျားအမေ အရူးတပိုင်းဖြစ်သွားခဲ့တယ်
ခင်ဗျားအဖေလည်း ကျန်းမာရေးသိပ်မကောင်းဘူး
ရင်ခွဲရုံနဲ့ ရဲစခန်းတွေဟာ
ခင်ဗျားအမေသွားတတ်တဲ့ လမ်းတွေဖြစ်လာတယ်
ဗေဒင်နဲ့ အကြားအမြင် ဟောခန်းတွေဟာလည်း
ခင်ဗျားကြောင့် ဝင်ငွေပိုကောင်းလာတယ်
လှောင်အိမ်ထဲက ငှက်ကလေးတချို့လည်း
ခင်ဗျားကြောင့် လွတ်လပ်စွာ ပျံသန်းခွင့်ရသွားခဲ့ကြတယ်
ဘီဘီစီ ဗွီအိုအေ သတင်းတွေကို
ခင်ဗျား အဖေနဲ့အမေ
အရင်ကထက်ပိုပြီး နားထောင်တတ်လာတယ်
ထိုင်း မြန်မာနယ်စပ်နဲ့ အိန္ဒိယ မြန်မာနယ်စပ်အကြောင်းကို
အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြတယ်….
ခင်ဗျားကတော့ နေနိုင်လိုက်တာ
စာတစောင် ရေးဖော်မရခဲ့ဘူး
ဖုန်းတကောလ် ခေါ်ဖော်မရခဲ့ဘူး
ဒါပေမယ့်
ခင်ဗျားလည်း ခင်ဗျားအိမ်ကို လွမ်းနေရှာမှာပေါ့လို့
ကျနော်ထင်ပါတယ်လေ
ခင်ဗျားထွက်သွားခဲ့တဲ့ နှစ်ကာလတွေမှာ
ခင်ဗျား ညီအရင်းခေါက်ခေါက်နှစ်ယောက် ဆုံးသွားခဲ့တယ်
ခင်ဗျား ညီမလေးက လေးဘက်နာဖြစ်နေရှာတယ်
ခင်ဗျား ညီအငယ်ဆုံးက
မုန့်ဖိုးကို လက်ဖြန့်တောင်းတာနဲ့
ကျောင်းတတ်ရုံကလွဲပြီး ဘာမှမတတ်သေးဘူး
ခင်ဗျား အိမ်ကထွက်သွားတဲ့ အချိန်တုန်းက
အဲဒီကောင်ဟာ ငါးနှစ်သားလောက် ရှိသေးတာလေ
ခင်ဗျား အဖေနဲ့အမေလည်း
သက်ကြီးပင်စင်တွေရလို့ အရွယ်တွေတော်တော်ကျသွားခဲ့တယ်….
ခင်ဗျားတို့ မိသားစုလည်း
တခြားတခြားသော မိသားစုတွေလိုပါပဲ
ချောင်ချောင်လည်လည် မရှိကြဘူး
ခင်ဗျားအမေဆို
အိမ်ခန်းဆီးအကွယ်မှာ
သူ့မျက်ရည်တွေကို သိမ်းဖျောက်ထားရတာ
ခဏခဏဆိုပဲ
အခုနောက်ပိုင်း လိုင်းကောင်းရင်
၆လတခါလောက်ဖြစ်ဖြစ် ရှောင်တခင်ဝင်လာတတ်တဲ့
ခင်ဗျားဆီက မိနစ်၂၀လောက်ဖုန်းကောလ်ကို
အမောတကော မျှော်နေတတ်တယ်လို့ကြားရတယ်
ခင်ဗျားအမေက
ခင်ဗျားဆီက အမေရိကန်ဒေါ်လာတွေကို
မျှော်လင့်နေတာ မဟုတ်ပါဘူး
ခင်ဗျားရဲ့ သာကြောင်းမာကြောင်းနဲ့
သူ့မြေးတွေရဲ့အသံကို နားထောင်နေရရင် ကျေနပ်နေသူပါ…
ဒါနဲ့ စကားမစပ်....
ဒီစာကို ရေးနေတဲ့အချိန်မှာ
ကျနော်တို့ဆီမှာ မီးပျက်နေတယ်
အင်တာနက်က လိုင်းခဏခဏကျတယ်
ဖုန်းလိုင်းတွေကလည်း အရင်အတိုင်းပဲ
အရင်အတိုင်းတွေလည်း အရင်အတိုင်းပဲ
ထောင်တွေလည်းကြပ်တယ် ဘတ်စ်ကားတွေလည်းကြပ်တယ်
စီးပွားရေးကြပ်တယ် စားဝတ်နေရေးပြတ်တယ်
ကျန်းမာရေးငတ်တယ် ပညာရေးငတ်တယ်
အစစအရာရာ ပြတ်တခါ ငတ်တလှည့်ဆိုတော့
လူမှုရေးတွေလည်း ပျက်တယ်
စစ်ရေးနဲ့ ငွေကြေးကတော့ အရင်ကထက်ပိုပြီးဖောင်းပွလာတယ်
ဈေးပေါပေါနဲ့ ခပ်မြန်မြန်ရှောနိုင်တဲ့
အရက်တွေလည်း အရင်ကထက်ပေါလာတယ်
လူတွေရဲ့ အရောင်အသွေးနဲ့ အတွေးအခေါ်တွေက
သီချင်းသုံးပုဒ်ဆိုရင် အဝတ်သုံးစုံလဲတဲ့
အဆိုတော်နှုတ်ခမ်းနီမလေးတွေလို ပလူးပလဲဖြစ်ကုန်ကြပြီ
အာရပ်လှိုင်းမစီးရပဲ
တတိယလှိုင်းနဲ့ လှီးခွဲခံနေသူတွေလည်း များလာတယ်….
ပြောရင်းဆိုရင်း
စာလည်း တော်တော်ရှည်သွားပြီ
နောက်ဆုံးအနေနဲ့
ကျနော်မှာချင်တာလေးတချို့ကို သီးခံပြီး ဖတ်ပေးပါ
ပြီးရင် အဲဒီကျနော်မှာတဲ့ ပစ္စည်းတချို့ကို
မှတ်မှတ်ရရ ပို့ပေးလိုက်ပါ….
ကျနော်မှာချင်တာက
ခင်ဗျားတို့ဆီက ဂျော်နီဝေါ့လ်ကားမဟုတ်ဘူး
ဇစ်ပိုမဟုတ်ဘူး မာလ်ဘိုလ်ရိုလ်မဟုတ်ဘူး
ခင်ဗျားတို့ဆီက အိုင်ဖုန်းနဲ့ အိုင်ပေါ့တ်လည်းမလိုဘူး
ဂျယ်လီနဲ့ ရှယ်လ်ဗွီလည်းမလိုဘူး
ခင်ဗျား ရောက်နေတဲ့ နေရာကနေ
ခင်ဗျား သုံးနေကျ ဒီမိုကရေစီကို
ကျနော့်ဆီ နဲနဲလောက် မျှပေးလိုက်ပါ
ခင်ဗျားဘာသာ ပါကင်ပဲထုပ်ထုပ် ပလာစတာနဲ့ပဲအုပ်အုပ်
ဒီမိုကရေစီ လက်တဆုပ်စာလောက်ပေါ့ဗျာ….
ဟောဒီမှာ
ကျနော်က ဒီမိုကရေစီကို ဆာလောင်ငတ်မွတ်
လွတ်လပ်မှုကို ရူးသွပ်နေရတာဆိုတော့
ခင်ဗျား ကျနော့်ဆီကို အပြီးပြန်လာတဲ့နေ့ကျမှ
ခင်ဗျားနဲ့ ကျနော် ဒီမိုကရေစီဘုရား အတူတူဖူးပြီး
ဒီမိုကရေစီ လိပ်ဥတွေလည်း တူးကြတာပေါ့.....။

ဆောင်းယွန်းလ (သြဂုတ် ၇ရက်၊ ၂၀၁၁)

No comments: