Saturday, November 12, 2016

'အစိုးရပြောင်းသွားပေမယ့် ပြည်သူတွေကိုယ်တိုင်က မပြောင်းလဲဘူးဆိုရင် နောင်အနှစ် ၅၀ လည်း မပြောင်းလဲပါဘူး'

'အစိုးရပြောင်းသွားပေမယ့် ပြည်သူတွေကိုယ်တိုင်က
မပြောင်းလဲဘူးဆိုရင် နောင်အနှစ် ၅၀ လည်း မပြောင်းလဲပါဘူး'

Saturday, November 12, 2016

------ ------ ------ ------ ------
မေး-ဆရာကြီးရဲ့ ဂျပန်နာမည်နဲ့ မြန်မာနာမည်၊ နောက်ပြီးတော့ အခုတာဝန်ယူထားတဲ့အဖွဲ့အစည်းမှာ ဘယ်လိုတာဝန်ထမ်းဆောင်သလဲဆိုတာ သိချင်ပါတယ်။
ဖြေ-ကျွန်တော့်နာမည်က ဟီရာနိုနိုဘုယုခိ၊ မြန်မာနာမည် ဦးစေတနာလို့ခေါ်ပါတယ်။ ကျွန်တော့်အဖွဲ့က ARTIC (Assoc-iation for Regein Tanjoji International Cooperation) အဖွဲ့ရဲ့ Project Director ဖြစ်ပါတယ်။
မေး-ARTIC အဖွဲ့က ဘယ်လိုအလုပ်မျိုးတွေကို လုပ်ဆောင်နေပါသလဲ။
ဖြေ-ဒီအဖွဲ့က ဗုဒ္ဓဘာသာ NGO အဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အပေါ်မှာ ဂျပန်ဘုန်းကြီးကျောင်းတွေရှိတယ်။ ဗုဒ္ဓဘာသာ ၄၀၀၀ ကျော်က ဒီကျောင်းတွေကို အလှူငွေတွေ လှူဒါန်းပါတယ်။ အဲဒီအလှူငွေတွေကို တခြားနိုင်ငံက လူတွေကို လှူဒါန်းပေးပါတယ်။ ဒါပေမဲ့ မြန်မာပြည်အတွက် ကျွန်တော်တို့အခုလုပ်နေတဲ့ စီမံကိန်းကိုတော့ နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးပြီး ကျွန်တော်တို့အဖွဲ့စာသင်ကျောင်းတွေ ဆောက်ပေးနေပါတယ်။ အရင်သမ္မတဦးသိန်းစိန်က ကျွန်တော်တို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကို သူ့ရဲ့ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ကျွန်တော်အခုလုပ်နေတဲ့ ဒီစီမံကိန်းကို လုပ်ပေးဖို့ အကူအညီတောင်းတယ်။ ဒါကြောင့် နီပွန်ဖောင်ဒေးရှင်းကနေတဆင့် ကျွန်တော့်ကိုဖုန်းဆက်ပြီး မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းတာနဲ့ ရောက်လာဖြစ်တာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသားဦးသန့်ကို သိပ်ပြီးတော့ လေးစားအားကျပါတယ်။
မေး-အရင်တုန်းက မြန်မာပြည်ကို ရောက်ဖူးလား။
ဖြေ-ကျွန်တော် မြန်မာပြည်ပထမဆုံးရောက်တဲ့နှစ်ဆိုရင် အနှစ် ၂၀ ရှိပါပြီ။ ပထမက ၁၉၉၆ ခုနှစ်မှာ Visit Myanmar Year လို့ ခေါ်တဲ့ မြန်မာခရီးသွားနှစ်ရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် ၁၀ လပိုင်း ၃ ရက်ကနေ ၂၄ ရက်နေ့အထိ ၃ ပတ် မြန်မာပြည်ကို လေ့လာတယ်၊ ဘာရည်ရွယ်ချက်နဲ့လေ့လာသလဲဆိုရင် ဒုတိယကမ္ဘာစစ်မှာဂျပန်စစ်သားတွေ မြန်မာပြည်မှာ အများကြီးသေသွားတယ်။ သူတို့တွေကို ဆုတောင်းပေးဖို့ လာတယ်။ နောက်တခုက မြန်မာပြည်ဆိုရင် ဘုရားအများကြီးရှိတယ်လို့သိထားတော့ ဘုရားလည်း လာဖူးတာ။ အဲဒီမှာ ထူးဆန်းတာက ကျွန်တော်က အဲဒီအချိန်က ယိုးဒယားမှာနေတယ်။ ယိုးဒယားကနေ မန္တလေးကို လေယာဉ်စီးပြီးလာတယ်။ Air Mandalay လေယာဉ်နဲ့ လာတယ်။ တစင်းလုံးမှာ ကျွန်တော်တယောက်တည်း။ နောက်တခုက ပုဂံကို ဘုရားသွားဖူးတော့ ကျွန်တော့်လွယ်အိတ်မှာ သော့ချိတ်လေးပါတယ်။ ပုဂံက ဘုရားတဆူကိုရောက်တော့ ဘုရားရှေ့မှာ အိန္ဒိယရူပီးတွေကို ကလေးတယောက်က ရောင်းနေတယ်။ သူက ကျွန်တော့်ဆီက သော့ချိတ်ကိုတောင်းတယ်။ ကျွန်တော်က ပေးလိုက်တယ်။ အဲဒီကလေးက သူရောင်းနေတဲ့ ရူပီးပြားတွေထဲက တခုကိုယူပါတဲ့။ ကျွန်တော်လည်း သူ့စီးပွားရေးကို မထိခိုက်စေချင်လို့ သူရောင်းတဲ့အထဲက အကောင်းဆုံးကို မရွေးချင်ဘူး။ အညစ်ပတ်ဆုံး ရူပီးပြားလေးတပြား ယူလာခဲ့တယ်။ အဲဒီ ရူပီးပြားကို တည်းခိုခန်းရောက်တော့ ရေဆေးပြီး ဘရက်နဲ့တိုက်လာတာ။ အမေရိကန်ဒေါ်လာ ၁၀ ပြားဖြစ်နေတယ်။ ၁၈၉၈ ခုနှစ်က အမေရိကန်သုံးနေတဲ့ ရွှေနဲ့လုပ်ထားတဲ့ အမေရိကန် ၁၀ ဒေါ်လာဖြစ်နေတယ်။ မြန်မာပြည်က ရွှေနိုင်ငံဆိုတာကို ကျွန်တော်ယုံကြည်သွားတယ်။
မေး-နောက်ပြီးတော့ရော ဘာများထူးထူးခြားခြားကြုံရသေးလဲ။
ဖြေ-ကျွန်တော် သာမညဆရာတော်ကို ဖူးခဲ့ရသေးတယ်။ နာရီဝက်လောက်တွေ့ခွင့်ရတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကလွတ်ပြီး သာမညဆရာတော်ကို လာဖူးပြီးတဲ့အချိန်ပေါ့။ ဆရာတော်က ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဒီမိုကရေစီခရီးလမ်းကြောင်း သာမညတောင်ကနေ စတင်လိမ့်မယ်တဲ့။ အဲဒီအချိန်ထဲက ကျွန်တော်မြန်မာပြည်မှာ အလုပ်လုပ်ရရင်ကောင်းမှာပါလို့ အမြဲတွေးပြီး မြန်မာပြည်မှာ အလုပ်လုပ်မယ့် NGO တွေကို လိုက်ရှာတယ်။ ဒါပေမဲ့ မတွေ့ဘူး။ ကျွန်တော် ထိုင်းနိုင်ငံကို ပြန်သွားပြီး ၅ လ ၆ လလောက် ကြာတော့ ကျွန်တော်နဲ့သိတဲ့ NGO အဖွဲ့ခေါင်းဆောင်က မြန်မာပြည်မှာ ၁၀ နှစ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဖို့ သွားပေးပါလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်အဲဒီအဖွဲ့ရဲ့ အစီအစဉ်နဲ့ ၁၉၉၈ မှာ တောင်ကြီးမြို့ကို ရောက်ခဲ့တယ်။ ၁၀ နှစ်ဆိုပေမယ့် NGO က ဂျပန်ရုံးချုပ်နဲ့ ပြဿနာတက်တော့ ၄ နှစ်ပဲ လုပ်လိုက်ရတယ်။ ဒါပေမဲ့ ၄ နှစ်ပြီးတဲ့အခါ နီပွန်ဖောင်ဒေးရှင်းက ကျွန်တော့်ကို အတူတူအလုပ်လုပ်ပေး ပါလို့ မေတ္တာရပ်ခံတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မှာ စေတနာဆိုတဲ့ နာမည်နဲ့ အဖွဲ့ဖွဲ့ပြီး ရှမ်းပြည်နယ် စာသင် ကျောင်းတွေဆောက်ပေးခဲ့တယ်။ အခုလည်း အဲဒီအဖွဲ့က ရှမ်းပြည်မှာ ရှိတယ်။ ကျောင်းပေါင်း ၃၀၀ ကျော် တည်ဆောက်ပြီးပြီ။ စေတနာအဖွဲ့ကို ကျွန်တော်နဲ့ နောက်တယောက်နဲ့ပူးပေါင်းပြီး တည်ထောင်တယ်။ နီပွန်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့တယ်။ ဒါကြောင့် ကျွန်တော့်နာမည်ကို ဦးစေတနာလို့ ပေးထားတာ။ နောက်တော့ ကျွန်တော့် ကလေးကျောင်းတက်ဖို့အတွက် ၂၀၀၄ မှာဂျပန်ပြန်သွားတယ်။ ရှစ်နှစ်ခွဲလောက် ဂျပန်မှာနေပြီး ၂၀၁၃ မှာ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တာပါ။
မေး-ဆရာကြီးတို့အဖွဲ့အနေနဲ့ မြန်မာပြည်ကိုလာပြီး စာသင်ကျောင်းတွေ ဆောက်ပေးနေရတဲ့ အဓိကရည်ရွယ်ချက်ကို သိချင်ပါတယ်။
ဖြေ-ကျွန်တော်တို့ရည်ရွယ်ချက်ကကျောင်းဆောက်ပေးဖို့အဓိကမဟုတ်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပေးဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူမျိုးဆိုတွေကတော့ အခုလို ပြောမှာကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ ပြောရမယ်။ မြန်မာလူမျိုးက လူလိမ်နဲ့ သူခိုးပဲရှိတယ်။ ဒါ ကျွန်တော်ပြောတာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေကိုယ်တိုင်က ဒီစကားကိုပြောတာ။ ကျွန်တော်လည်း ခံစားရပါတယ်။ ကျွန်တော်အခု အလုပ်လုပ်နေတဲ့အချိန်မှာလည်း ဒီပြဿနာတွေရှိတယ်။ ၃ ရွာ ၄ ရွာလောက်မှာ ပြဿနာရှိနေတယ်။ ၄ လပိုင်းမှာ NLD အစိုးရတက်တယ်။ အစိုးရတော့ ပြောင်းသွားတယ်။ ဒါပေမဲ့ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေ ကိုယ်တိုင်က မပြောင်းလဲဘူးဆိုရင် လုံးဝမပြောင်းလဲဘူး။ နောက်ထပ် နှစ် ၅၀ လည်း မပြောင်းလဲဘူး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပြောင်းလဲဖို့ ကျွန်တော်ဒီအလုပ်ကို လုပ်ခြင်းဖြစ်ပါတယ်။
မေး-ဧရာဝတီတိုင်းဒေသကြီးမှာ စာသင်ကျောင်းတွေဆောက်ပေးနေတယ်ဆိုတော့ ဘယ်နှမြို့နယ်မှာ ကျောင်းပေါင်း ဘယ်လောက်ဆောက်ပြီးသွားပြီလဲ။
ဖြေ-၂၀၁၃ ခုနှစ်မှာ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ ၂၀၁၄ မှာ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ လေးမျက်နှာ၊ ၂၀၁၅ မှာ ကျုံပျော်၊ ရေကြည်၊ မြောင်းမြ၊ အိမ်မဲ။ အခု ၂၀၁၆ မှာ ကြံခင်း၊ မြန်အောင်၊ ပန်းတနော်၊ မအူပင် နောက်နှစ်အတွက်ကျတော့ တိုင်းပညာရေးမှူးရုံးနဲ့ ဆွေးနွေးပြီးတော့ ညောင်တုန်း၊ ကျိုက်လတ်၊ ၀ါးခယ်မနဲ့ ကျောင်းကုန်းမြို့မှာဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အခုဆိုရင် ဧရာဝတီတိုင်းမှာ ကျောင်းပေါင်း ၄၃ ကျောင်းဆောက်လုပ်လှူဒါန်းပြီးပါပြီ။ ၁၄ ကျောင်းကတော့ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။
မေး-ကျောင်းဆောက်တဲ့အခါမှာ မုလတန်းကျောင်းတွေကို ဦးစားပေးပြီး ဆောက်ပေးတာလား။
ဖြေ-မူလတန်းကျောင်းတွေချည်းပဲ မဟုတ်ပါဘူး။ မူလွန်ကျောင်းရော၊ အလယ်တန်းကျောင်းခွဲရော ရှိတယ်။ အလယ် တန်းကျောင်းခွဲက အများဆုံးပဲ။ ဘာဖြစ်လို့လဲဆိုရင် ဧရာဝတီတိုင်းမှာ အများစုက ကျောင်းနဲ့ဝေးတဲ့အတွက် အထက်တန်းပညာကို မသင်နိုင်တဲ့လူများတယ်။ မူလတန်းကျောင်းဆိုရင် ဘယ်ရွာမဆိုရှိတယ်။ အလယ် တန်းကျောင်းဆို သိပ်မသွားနိုင်တော့ဘူး။ အထက်တန်းကျောင်းဆို ပိုဆိုးသွားတာပေါ့။ ဒါကြောင့် အလယ်တန်း ကျောင်းအဆင့်ကနေ အထက်တန်းကျောင်းဖြစ်ပေါ်နိုင်တဲ့ ကျောင်းတွေကို ဦးစားပေးပြီး ဆောက်နေတယ်။ ဆောက်တဲ့အခါ မှာလည်း တချို့တွေက ကားလမ်းဘေးလိုနေရာမျိုးမှာ ဆောက်ချင်ကြတယ်။ ကျွန်တော်ကတော့ ဝေးလံပြီး ချောင်ကျတဲ့နေရာတွေမှာ ဆောက်ပေးရတာကို ပိုပြီးတော့သဘောကျပါတယ်။
မေး-ဆရာကြီးတို့အနေနဲ့ကျောင်းဆောက်တဲ့အခါမှာ ကုန်ကျငွေရဲ့ လေးပုံတပုံကို ရွာသားတွေကို ကျခံစေတယ် ဆိုပြီးတော့ သိရပါတယ်။ အဲဒီစနစ်ကလေး အကြောင်းလည်း ရှင်းပြပေးပါ။
ဖြေ-ကျောင်းရွေးတဲ့အခါမှာ ခရစ္စမတ်နေ့မှာ စန်တာကလော့က လက်ဆောင်ပေးသလို ကျောင်းကို လက်ဆောင်ပေးတဲ့စနစ်မဟုတ်ဘူး။ ရွာမှာက ကျောင်းဆောက်လုပ်မယ့် ကုန်ကျစရိတ်ရဲ့လေးပုံတပုံကို စုခိုင်း တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလကားရတဲ့ ပစ္စည်းဆိုရင် တန်ဖိုးမထားမှာစိုးလို့။ ကိုယ့်ကျောင်းလို့ သူတို့စိတ်ထဲမှာ စွဲနေအောင် ဒီလိုလုပ်တာပါ။ သူတို့ရဲ့ ထည့်ဝင်ငွေကိုလည်း ကျောင်းဆောက်ပြီးတာနဲ့ ရွာရဲ့ ရန်ပုံငွေအဖြစ်ထားပြီး စီးပွားရေးလုပ်ငန်းတခု လုပ်စေပါတယ်။ အဲဒီစီးပွားရေး လုပ်ငန်းကရတဲ့ အကျိုးအမြတ်ကို ရွာရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစေပါတယ်။ မူလ ပိုက်ဆံကိုတော့ အထိမခံပါဘူး။ ဒါပေမဲ့ တချို့ရွာတွေက ပိုက်ဆံမထည့်ချင်ကြဘူး။ ကွမ်းယာစားတယ်။ ဆေးလိပ်သောက်တယ်။ ကျောင်းဆောက်ဖို့ကျတော့ ပိုက်ဆံမရှိဘူးဆိုပြီး မထည့်ကြဘူး။ မြန်မာပြည်ပြောင်းလဲဖို့အတွက် မကောင်းတဲ့အကျင့်တွေကို ပြင်ရမယ်။ ယိုးဒယားလည်း အရင်တုန်းက ကွမ်းစာတာပဲ သူတို့ဘုရင်ကြီးက ကွမ်းစားတာ မကောင်းဘူးလို့ပြောတော့ မစားကြတော့ဘူး။ အဲဒီတော့ ယိုးဒယားတိုး တက်သွားတယ်။ မြန်မာပြည် တိုးတက်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို အားကိုးနေလို့ မရဘူး။ မြန်မာလူမျိုးတယောက်ချင်းဆီက ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့အချက်ကို ပြင်မှ တကယ်ပြောင်းလဲမှာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ရွာတရွာရဲ့ အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲဆိုတော့ ကျောင်းဖွင့်ပွဲနေ့နဲ့ တိုင်းတာပါတယ်။ တကယ်ကို ပူးပေါင်း ဆောင်ရွက်တဲ့ ရွာတွေဆိုရင် ကျောင်းဖွင့်ပွဲနေ့မှာ ရွာသားတွေအားလုံး မျက်ရည်ကျကြပါတယ်။ ၀မ်းသာ ပြီးတော့ ကျတာပါ။ မပူးပေါင်းတဲ့ ရွာတွေကတော့ ကျောင်းကော်မတီဝင်လောက်ပဲလာပြီး ခြောက်ခြောက် ကပ်ကပ်နဲ့ ဖွင့်ပွဲကို အဆုံးသတ်လိုက်ကြပါတယ်။
မေး-ဖြည့်စွက်ပြီး ပြောချင်တာရှိရင်လည်း သိချင်ပါတယ်။
ဖြေ-ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံဟာ ပြာပုံဘ၀ကိုရောက်သွားပါတယ်။ ဂျပန်နိုင်ငံတခုလုံးမှာ စားစရာ မရှိတော့ပါဘူး။ အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ ဆန်ပို့ပေးတယ်။ ဒါကြောင့် ဂျပန်လူမျိုးက အခု အသက် ရှင်နေရတာဖြစ်ပါတယ်။ အဲဒီကျေးဇူးတွေကိုဆပ်ဖို့အတွက် မြန်မာပြည်ကို ကျွန်တော်လာခဲ့ခြင်း ဖြစ်ပါတယ်။ (ငိုရှိုက်လျက်ပြောသည်)
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
(နှင်းမောင်ဦး တွေ့ဆုံမေးမြန်းသည်။)
 

No comments: