Tuesday, November 8, 2016

ခရိုနီစီးပွားရေးလုပ်ငန်းများရဲ့ လုံခြုံမှုကို ဒေါ်အောင်ဆန်းစုကြည် အာမခံတာ ဘာကြောင့်လဲ

ခရိုနီစီးပွားရေးလုပ်ငန်းများရဲ့ လုံခြုံမှုကို ဒေါ်အောင်ဆန်းစုကြည် အာမခံတာ ဘာကြောင့်လဲ
Tuesday, November 8, 2016
------ ------ ------ ------ ------
ပြီးခဲ့တဲ့လ (၂၂) ရက်က နေပြည်တော် MICC II ခန်းမမှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်လို့ခေါ်နေတဲ့ ခရိုနီအုပ်စုရယ်၊ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ပုံကို ရုပ်မြင်သံကြားလိုင်းအသီးသီးနဲ့ နေ့စဉ်ထုတ် သတင်းစာများမှာ ဖော်ပြခဲ့လို့ ပြည်သူ အများသိရှိခဲ့ရပြီး အချို့ကလည်း ဒီအပေါ်မှာ ကျေနပ်အားရမှုရှိသလို အချို့ကလည်း အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ခရိုနီတို့ကို လမ်းဖွင့်ပေးရမလားဆိုပြီး မကျေမနပ်ဖြစ်နေကြတဲ့သူများလည်း ရှိပါတယ်။
မြန်မာပြည်က ခရိုနီအကြောင်းကို သမင်လည်ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာနဲ့ စီးပွားရေး Export လိုင်စင်၊ Import လိုင်စင်တွေ ဖောဖောသီသီချပေးခဲ့တဲ့ ပါလီမန်ဒီမိုကရေစီခေတ် ၀န်ကြီးချုပ်ဦးနုအစိုးရထံကနေ ဗိုလ်ချုပ်ကြီး နေ၀င်းက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး စီးပွားရေးကုမ္ပဏီတွေအားလုံး ဖျက်သိမ်းခဲ့တယ်။ ၁၉၆၃- ၆၄ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းအားလုံးနဲ့ ကုန်စုံဆိုင် အငယ်လေးများပါမကျန်အောင် ပြည်သူ ပိုင်သိမ်းခဲ့တယ်။ အသိမ်းခံလိုက်ရတဲ့အချို့ဆိုရင် နေ့ချင်းညချင်းပဲ သူကြွယ်ဘ၀ကနေ ကုန်းကောက်စရာမရှိ တဲ့ဘ၀ကို ရောက်သွားစေခဲ့တယ်။ ဒါပေမဲ့ အရှေ့တောင်အာရှမှာ ဗိုလ်နေ၀င်းက ဘီလီယံနာတဦးဖြစ်ခဲ့တယ်။ ဒီကနေ့တိုင် ဗိုလ်နေ၀င်းရဲ့ ချမ်းသာကြွယ်ဝမှုစာရင်းကို မဖော်ထုတ်နိုင်ခဲ့ဘူး။
၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ မြန်မာနိုင်ငံအစိုးရဘဏ်များရဲ့ ၀န်ထမ်းများသမဂ္ဂအဖွဲ့က ထိုစဉ်က သုံးစွဲခဲ့တဲ့ မြန်မာကျပ်ငွေများအတွက် ဆွစ်ဇာလန်ဘဏ်မှာ အာမခံအဖြစ် တင်သွင်းထားတဲ့ ရွှေတန်ချိန် ၂၆ တန်ကို ဗိုလ်နေ၀င်းက သူ့ပိုင်ဆိုင်မှုထဲ ပြောင်းခဲ့တာကို ဖော်ထုတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ၁၉၈၉ ခုနှစ် န၀တစစ် အစိုးရတက်လာပြီးနောက် ဒီကိစ္စက တိမ်မြုပ်သွားပါတယ်။ ဗိုလ်နေ၀င်းလက်ထက်မှာပြောရရင် လယ်သမား တွေကို ဗိုလ်သန်းရွှေလောက် မဖိနှိပ်ခဲ့ဘူး။ လယ်သိမ်းမြေသိမ်းလည်း မရှိခဲ့ဘူး။ ၀န်ထမ်းတွေဆိုရင် လခ ၁၂၄ ကျပ်နဲ့ မိသားစုတစုလုံး ထိန်းထားနိုင်ခဲ့တယ်။ ဦးစီးအရာရှိက လခအဖြစ် တလကျပ်ငွေ ၄၂၀ ပဲရတယ်။
စာရေးတယောက်အတွက် လာဘ်ငွေပဲခေါ်ခေါ်၊ အောက်ဆိုဒ်ပဲခေါ်ခေါ် တနေ့ငွေ ၂၀ ကျပ်ရရင်ပဲ အတော်ပျော် နေရတဲ့ခေတ်ပါ။ ဗိုလ်နေ၀င်းခေတ်မှာ တိုင်းမှူးဆိုတဲ့သူလည်း လူလတ်တန်းစားအဆင့်အတန်း လောက်ပဲရှိတယ်။ ဗိုလ်နေ၀င်း ဖန်တီးပေးတဲ့ခံစားမှုကိုပဲ ရရှိကြတာဖြစ်တယ်။ ကိုယ်ကိုယ်တိုင် လာဘ်ပေးလာဘ်ယူ လုပ်လို့မရပါဘူး။ ဆိုလိုတာက ဗိုလ်နေ၀င်းက သူနဲ့တန်းတူချမ်းသာတာ မလိုချင်ဘူး။ သူ့ထက်နိမ့်နေရမယ်လို့ဆိုလိုတာပါ။ အားလုံးဟာ ဗိုလ်နေ၀င်းရဲ့ လက်ဝေခံအဆင့်သာ ဖြစ်တယ်။
ဗိုလ်နေ၀င်းခေတ်မှာ ခရိုနီဆိုတဲ့ ဝေါဟာရမရှိခဲ့ဘူး။ မှောင်ခိုဆိုတဲ့ ဝေါဟာရပဲရှိခဲ့တာပါ။ မှောင်ခို ရာဇာဆိုတာတွေကလည်း ဗိုလ်သန်းရွှေခေတ်ရဲ့ တောသူဌေးအဆင့်လောက်ပဲရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက တဒေါ်လာပေါက်ဈေးက ၃၅ ကျပ်ပဲရှိခဲ့တယ်။ ဒါက မှောင်ခိုဈေးနှုန်း ဖြစ်တယ်။ တရားဝင်ဈေးနှုန်းက ပုံသေ တဒေါ်လာ ၆ ကျပ်နှုန်းပဲ ရှိခဲ့ပါတယ်။ ရွှေဈေးဆိုရင်လည်း တကျပ်သားက ကျပ် (၁၀,၀၀၀)အောက်မှာ ပဲ ရှိခဲ့ပါတယ်။
ဗိုလ်နေ၀င်းက သူဘတ်လို့ရတဲ့ငွေထဲက သူ့တပည့်တွေကို သူ့အဆင့်နဲ့သူ ဝေခြမ်းပေးခဲ့တာပါ။ တပည့်တွေကိုတော့ မဟုတ်မဟတ်တာတွေ လုပ်ခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ ဗိုလ်နေ၀င်းအသက်ရလာတဲ့အခါ ပါတီဥက္ကဋ္ဌနေရာလောက်ပဲ ရယူခဲ့တယ်။ အဲဒီအချိန်မှာ သူ့တပည့်တွေက ၀ိုင်းလိမ်လည်ခဲ့လို့ သူလည်း နိုင်ငံရေးဇာတ်ခုံပေါ်က အပြီးတိုင်ကျဆုံးခဲ့ရခြင်းဖြစ်တယ်။
ဗိုလ်သန်းရွှေကတော့ ဗိုလ်နေ၀င်းရဲ့ အားနည်းချက်ကို သင်ခန်းစာအဖြစ် ရယူခဲ့တယ်။ သူကိုယ်တိုင်ကလည်း နိုင်ငံတော်ဘဏ္ဍာကို မတော်မတရားရယူခဲ့တဲ့အပြင် တပည့်တွေဖြစ်တဲ့ တိုင်းမှူးအားလုံးကိုလည်း လုပ်ပိုင်ခွင့် အပြည့်အ၀ပေးခဲ့တယ်။ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းဒေသမှာ တိုင်းမှူးတွေက နယ်စားပယ်စားတွေလို ဖြစ်ခဲ့ တယ်။ ဒါကြောင့်ဆရာနဲ့တပည့်တွေ အပေးအယူမျှခဲ့ကြတယ်။ ဒါကြောင့်တိုင်းမှူးတွေအားလုံးဟာ ဘီလီယံနာကြီးများ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ သူတို့ရဲ့ငွေကြေးဥစ္စာအားလုံးက တရားမ၀င်ရခဲ့တာဖြစ်လို့ ငွေမည်းများသာဖြစ်တယ်။ အဲဒီအချိန်မှာ မဆလ ခေတ်တလျှောက်လုံး ကြံရည်ဖန်ရည်ရှိပြီး အခွင့်မသာလို့ ဟိုမရောက် ဒီမရောက်ဖြစ်ခဲ့ကြတဲ့ လူလည်အချို့ဟာ တိုင်းမှူးတွေနဲ့ ပေါင်းမိကြတယ်။ ဒီလူလည်ကြီးတွေက ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး စစ်အစိုးရကာလတလျှောက်လုံးလုပ်စားလာခဲ့တာ အခုတော့ ခရိုနီဆိုတဲ့ လူတစုအဖြစ် ကျော်ကြားခဲ့တယ်။
အဲဒီခရိုနီတွေက မြန်မာပြည်က စိုက်ပျိုးရေးအကြောင်း ဘာမှမသိဘဲနဲ့ ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး လယ်သိမ်းမြေ သိမ်းခဲ့ကြတာဆိုရင် ခရိုနီတဦးချင်းစီမှာ လယ်မြေဧကသောင်းနဲ့ချီ ပိုင်ဆိုင်ခဲ့ကြတယ်။
မူလ လယ်သမားတွေက လယ်မဲ့ယာမဲ့တွေဖြစ်ခဲ့ရပြီး လယ်ကူလီအဆင့်လောက်တောင်မရတော့ဘဲ သူတပါးနိုင်ငံမှာ ကျွန်သွားခံနေရတယ်။ ခရိုနီလူတန်းစားထဲမှာလည်း အုပ်စု(၃)အုပ်စုလောက်ခွဲ ချင်ပါတယ်။ နယ်စပ်က ဘိန်းရောင်းပြီး ချမ်းသာလာကြတဲ့ တိုင်းရင်းသားအမည်ခံ တရုတ်လူမျိုး ခရိုနီအုပ်စုပါ။ သူတို့ကလည်း စစ်အစိုးရနဲ့ပေါင်းပြီး အစိုးရကချပေးတဲ့ လုပ်ငန်းမှန်သမျှ လက်ဝါးကြီးအုပ်ရယူထားနိုင်တယ်။ နောက်တအုပ်စုက အိန္ဒိယလူမျိုး မြန်မာနိုင်ငံသား ခရိုနီများဖြစ်တယ်။ သူတို့လည်း လူလည်တွေဖြစ်တယ်။ နာမည်ကျော်ကြားမှုကို လုံးဝရှောင်ကွင်းလေ့ရှိတယ်။ အစိုးရအခမ်းအနားတွေကို တက်ရောက်လေ့မရှိဘူး။ ဒါပေမဲ့ စစ်အစိုးရခေါင်းဆောင်ပိုင်းအားလုံးနဲ့ ရွှေလမ်းငွေလမ်းဖောက်ထားတယ်။ အိန္ဒိယလူမျိုး ခရိုနီတွေက သူတို့ရဲ့ငွေကြေးအားလုံးကို အိမ်၊ ခြံ၊ မြေအဖြစ် အသွင်ပြောင်းထားတယ်။ ဆိုလိုတာက ငွေမည်းအားလုံးကို မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းအဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်တယ်။
အခွန်ငွေတွေဆိုရင်လည်း ရှောင်တိမ်းခဲ့တယ်။ ဒါကြောင့်လည်းဒီခရိုနီအုပ်စုက အလယ်အလတ် အခွန်အထမ်းအုပ်စုမှာပဲရှိနေပြီး အကြီးတန်းအခွန်ထမ်းအဖြစ် မပါဝင်ရလေအောင် နည်းမျိုးစုံသုံးပြီး ကွင်းရှောင်ခဲ့တယ်။ နောက်တအုပ်စုက တိုင်းရင်းသားများနဲ့ ဗမာလူမျိုးခရိုနီအုပ်စုဖြစ်ပါတယ်။ ဒါပေမဲ့ဒီအုပ်စုက လူမျိုးခြားခရိုနီအုပ်စုတွေနဲ့စာရင် နည်းနည်းတော်သေးတယ်။ နိုင်ငံအပေါ်မှာ ချစ်စိတ်ရှိပါသေးတယ်။ နိုင်ငံတော်အတွက် အရေးတကြီး ကိစ္စကြုံတိုင်းလက်မနှေးကြပါဘူး။ တတ်နိုင်တဲ့အဆင့်ကနေ ငွေအင်အား၊ လူအင်အား ပါဝင်ခဲ့ကြတာကို မုဒိတာပွားမိပါတယ်။ ဒါပေမဲ့ ခရိုနီဟာခရိုနီပါပဲ။
သည်နေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ဗမာလူလည် ခရိုနီတယောက် အကြောင်းပြောပြချင်ပါတယ်။ သူကတော့ တောသားလူလည် မြို့ရောက်ပြီးမှ ဗိုလ်ချုပ်တွေရဲ့ မြှောက်စားမှုကြောင့် ခရိုနီဖြစ်ခဲ့သူပါ။ ဗိုလ်ခင်ညွန့် ဘုန်းတန်ခိုးကြီးထွားနေတဲ့အချိန် ဗိုလ်ခင်ညွန့်ရဲ့တပည့်ဖြစ်ခဲ့တဲ့ အဲဒီတောသားလူလည် ခရိုနီကို နိုင်ငံခြားမှ လူလိမ်တစုက စီးပွားရေးဘက်မှာ အလွန်တော်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ သူတို့တက္ကသိုလ်ကနေ ဂုဏ်ထူး ဆောင်ပါရဂူဘွဲ့ကို မြန်မာပြည်မှာလာပြီး အခမ်းအနားနဲ့ပေးအပ်ချင်ပါတယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါကို ဆရာတပည့်နှစ်ယောက်က လက်ခံခဲ့ပါတယ်။
အဲဒီ လူလိမ်အဖွဲ့က ဒေါ်လာသိန်းချီရယူပြီး ဂုဏ်ထူးဆောင်ဘွဲ့အတုကို ပေးအပ်ခဲ့တယ်။ မူရင်း တက္ကသိုလ်ကသိလို့ အဲဒီလူတွေက လူလိမ်အဖွဲ့ဖြစ်ပြီး သူတို့တက္ကသိုလ်က ဘယ်နိုင်ငံမှလိုက်ပြီး ဘွဲ့ထူးဂုဏ် ထူးပေးလေ့မရှိဘူး။ ဒီဘွဲ့က အတုသာဖြစ်ပြီး သူတို့တက္ကသိုလ်က အသိအမှတ် မပြုဘူးလို့ ကြေညာခဲ့တဲ့အတွက် နှစ်ဦးစလုံးအရှက်ကွဲခဲ့တယ်။ ဒါပေမဲ့ ဒီတော သားလူလည်ခရိုနီကတော့ ဂုဏ်ထူးဆောင် ဘွဲ့အတုကြီးကို မစွန့်လွှတ်ဘဲ အခုထိတိုင် ဒေါက်တာဘွဲ့တပ်ပြီး အရသာခံနေရတုန်းပဲ ဖြစ်ပါတယ်။
ဒေါ်စုအကြောင်း အနည်းငယ်တင်ပြလိုပါတယ်။ ဒေါ်စုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီး ကတည်း က ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံ ကျင်းပနိုင်ခဲ့လို့ ငြိမ်းချမ်းရေးအလင်းရောင် ပေါ်ထွန်းခဲ့ ပါတယ်။ တပ်မတော်နဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံမှုဖြစ်ထွန်းလာခြင်းကလည်း လူထုအတွက စိတ်သက်သာရာရခဲ့တယ်။ အခုကျင်းပခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ တွေ့ဆုံပွဲမှာ ခရိုနီအားလုံး၊ ပြည်ထောင်စုဝန်ကြီးအား ပညာရှင်များအပြင် ထူးထူးခြားခြား ဗိုလ်သန်းရွှေရဲ့မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်တက်ရောက်လာတာကိုလည်း သတိပြုမိတယ်။
သည်ကလေးက ဗိုလ်သန်းရွှေခေတ်တုန်းက ထိန်းမရအောင်ဆိုးခဲ့ပေမယ့် အခုအခါ အလွန်သိမ်မွေ့ပြီး လူကြီး ဆန်လာတာကို သတိပြုမိပါတယ်။ ဒေါ်စုကိုလည်း သူ့အဘိုးနဲ့ချိတ်ဆက်ပေးနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဒေါ်စု တယောက် သွားလိုတဲ့ခရီးလမ်းကြောင်း ဖြောင့်ဖြူးခဲ့ရခြင်းဖြစ်တယ်။ အခုထိအောင် ဗိုလ်သန်းရွှေရဲ့ တပ်မတော်အပေါ် သြဇာအာဏာသက်ရောက်မှုရှိဆဲဆိုတာကို လက်ခံရမှာ ဖြစ်တယ်။
ဒေါ်စုဘာကြောင့်ခရိုနီတွေကို စီးပွားရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာလဲ။ ခရိုနီတွေရဲ့ လုံခြုံမှုကိုလည်း ဘာကြောင့် အာမခံခဲ့တာလဲဆိုရင် ငွေကြေးဓနအားလုံးက ခရိုနီလက်ထဲမှာပဲ စုပြုံနေတယ်။ ဒီငွေကြေးအားလုံး စီးပွားရေးနယ်ပယ်အသီးသီးမှာ တဟုန်ထိုးဝင်လာဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အလုပ်အကိုင်များစွာ ဖန်တီပေးလို့ရပါမယ်။ ဒီအခါလူငယ်များစွာကလည်း ကိုယ့်နိုင်ငံထဲမှာပဲ အလုပ်အကိုင်တွေ ရလာမှာမို့ သူများနိုင်ငံသွားပြီး ကျွန်ခံစရာ မလိုတော့ဘူးပေါ့ဗျာ။
သည့်အပြင် နိုင်ငံတော်အစိုးရက အခွန်ငွေပေါ်မှာပဲ ရပ်တည်နေရတဲ့အတွက် စီးပွားရေးလုပ်ငန်းအားလုံး ဖွံ့ဖြိုး တိုးတက်နေပါမှ အခွန်ငွေတွေလည်း တိုးတက်ရရှိမှာ ဖြစ်တယ်။ သည်အခါမှ နိုင်ငံတော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဆီသို့ လှမ်းလို့ရပါမယ်။
သည်နေရာမှာ ခရိုနီအားလုံးကို မေတ္တာရပ်ခံချင်တာက မိမိတို့ရယူထားတဲ့ လယ်ယာမြေများနဲ့ အခြားမြေများကို နိုင်ငံတော်ထံ သဘောထားကြီးစွာနဲ့ ပြန်လည်အပ်နှံဖို့လိုပါတယ်။ နိုင်ငံတော်မှတဆင့် မူလလယ်သမားများထံ ပြန်လည်အပ်နှံပေးနိုင်ရင် လယ်သမားများလည်း လယ်ပိုင်ယာပိုင်ဘ၀ ပြန်ဖြစ်လာမှာမို့ လယ်ယာကဏ္ဍက ကျိန်းသေဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ မြန်မာနိုင်ငံက အလုပ်သမားနဲ့ လယ်သမားထုကို အခြေပြုတဲ့နိုင်ငံ ဖြစ်တယ်။ အလုပ်သမား၊ လယ်သမားများ ကိုယ်စီချမ်းသာလာခဲ့ရင် မြန်မာနိုင်ငံကလည်း ချမ်းသာတဲ့နိုင်ငံတခုဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။
အနားသတ်ပြောရရင် ဒေါ်စုက ခရိုနီတွေအားလုံးကို လမ်းဖွင့်ပေးလိုက်တာ အမြော်အမြင်ကြီးမားတဲ့ လုပ်ဆောင်ချက်တရပ်သာဖြစ်တယ်။ ဒီနည်းစနစ်ကလည်း မြုပ်နေတဲ့ငွေကို ဆွဲထုတ်လိုက်ခြင်းဖြစ်ပြီး ဘောဂ ဗေဒထဲက သီအိုရီတခုဖြစ်တယ်။ ဒီဆောင်ရွက်ချက်အပေါ် လူထုအားလုံးက ကြိုဆိုထောက်ခံသင့်ပါတယ်။ ဒါကြောင့် ခရိုနီတွေကို လမ်းဖွင့်ပေးခြင်းနဲ့ လုံခြုံမှု အာမခံပေးခဲ့ခြင်းအပေါ် ဒေါ်စုလွန်ပါသလားဆိုလျှင် လုံးဝမလွန်ပါကြောင်းကို ရဲဝံ့စွာပြောပါရစေခင်ဗျား။
စံထွန်း
 

No comments: