Sunday, November 13, 2016

KNU ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုနှင့် အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအတွက် စိန်ခေါ်မှု

KNU ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုနှင့် အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအတွက် စိန်ခေါ်မှု
 
|| စိုင်းထွန်းအောင်လွင် ||
 
13 November 2016
 
အင်စတီကျူးရှင်းမှာ ဥပဒေမူဘောင် သဘောဆောင်တဲ့ ပြဋ္ဌာန်း လိုက်နာချမှတ်တဲ့ လူတွေပါသလို လက်တွေ့ အကောင်ထည် ဖော်သူတွေပါ ပါပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ အဖွဲ့စည်းတွေ ပါတယ်။ အဲဒီအချက်အပြင် နောက်ထပ် နောက်ပိုင်း ပညာရှင်တွေရဲ့ သတ်မှတ်ချက်တွေအရ လူတွေရဲ့ အစွဲအလမ်းတွေပါတယ်။ အင်စတီကျူးရှင်းတွေ ဖွံ့ဖြိုးဖို့ ပညာအခြေခံက အရေးကြီးလှပါတယ်။ အသစ် တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ ကာလတစ်ခု စောင့်ရပါတယ်။ စီးပွားရေး ၊ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲမှု ပညာ၊ ဥပဒေ ပညာရပ်တွေကစလို့ လူမှုဗေဒအထိ ပါဝင်တဲ့ အင်စတီကျူးရှင်းတွေ ခိုင်မာဖို့ဆိုရင် ချက်ချင်း ရေတွင်းတူ ချက်ချင်း ရေကြည်သောက် မရနိုင်သလို လူမှန်နေရာမှန်ဆိုတဲ့ ကိစ္စရပ်များကလည်း အရေးပါတယ်။
နိုင်ငံရေးအရ လူ့အဖွဲ့အစည်းရဲ့ အစွဲအလမ်း ကျင့်သုံးမှုတွေ အားကောင်းလား၊ အားနည်းလား ဆိုတာကလည်း အင်စတီကျူးရှင်းတွေကို ဘယ်လို ကောင်းမွန်အောင် တည်ဆောက်သလဲ၊ လက်တွေ့ကျင့်သုံးမှုက ဘယ်လိုလဲ ဆိုတဲ့အပေါ် မူတည်တာပါ။ ဥပမာအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ မိမိတို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာဆိုရင် ပြည်ထောင်စု ဆိုတာကို ပြည်သူပြည်သားတွေက တကယ် ယုံကြည်လက်ခံလာအောင် ၊ ဒီမိုကရေစီ စနစ်ဆိုတာကို တကယ် ယုံကြည်အောင် အဆက်ဆက်သော တိုင်းပြည် ခေါင်းဆောင်တွေက စိတ်ရှည်သည်းခံစွာ ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်အောက်က လွတ်လပ်ရေးရတဲ့ နှစ်ချင်းမကွာတာ အတူတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်တည်းကိုပဲ စွဲစွဲမြဲမြဲကျင့်သုံးပြီး စိတ်ရှည်သည်းခံစွာနဲ့ အခက်ခဲတွေကို ကျော်ဖြတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေနဲ့ လွတ်လပ်ရေး ရကတည်းက အခြေခံဥပဒေတွေ မကြာခဏပြောင်း၊ လိုသလို ပုံဖော်ခဲ့ တဲ့ မြန်မာရဲ့ အခြေအနေတွေက ဘယ်နိုင်ငံက ကျင့်သုံးမှုမှန်လို့ ဘယ်နိုင်ငံက မှားခဲ့တယ်ဆိုတာ အခုအချိန်မှာ အထူးတလည် ပြောနေစရာတောင် လိုမယ် မထင်ပါ။ နိုင်ငံရေးမှာ အရေးကြီးတာကတော့ အိုဒီအိုလိုဂျီပဲဖြစ်ပြီး နိုင်ငံရေး အသင်းအဖွဲ့ အဖွဲ့အစည်းတွေကလည်း မိမိတို့ ကျင့်သုံးမယ့် စနစ်အပေါ် အခြေခံလို့ အဖွဲ့အစည်းတွေကို တည်ဆောက်ရတာဖြစ်ပြီး အဖွဲ့အစည်းအတွင်းမှာပါ မိမိကျင့်သုံးမယ့် သဘောတရားနဲ့ စနစ်ကို အခြေခံလို့ အဖွဲ့စည်းကို တည်ဆောက်ခြင်းဟာ အဖွဲ့အစည်းအတွင်း အင်စတီကျူးရှင်း အားကောင်းဖို့သာမက နိုင်ငံရေးအရပါ ဂုဏ်သိက္ခာရှိစေနိုင်တဲ့ အရေးပါသော အချက်ပဲဖြစ်ပါတယ်။ ကမ္ဘာနဲ့အ၀ှမ်း ယေဘုယျအားဖြင့် အင်စတီကျူးရှင်းတွေ က အသစ်တည်ဆောက်ရာမှာ ကာလတစ်ခု စောင့်ရတဲ့အတွက် အစွဲတွေများနေတဲ့ လူ့အဖွဲ့အစည်းမှာ အစွဲတွေက ထပ်ကာတလဲလဲ ပြန်ပေါ် မလာအောင်လည်း လေ့ကျင့်ပေးဖို့ လိုပါလိမ့်ဦးမယ်။ အင်စတီကျူးရှင်းတွေ မှာ နိုင်ငံရေးနဲ့ စီးပွားရေးကတော့ ပြုပြင်ပြောင်းလဲရာမှာ အတိမ်းအစောင်း မခံဆုံး ကဏ္ဍတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒီမိုကရေစီ အားကောင်းမောင်းသန်ဖြစ်ဖို့ အင်စတီကျူးရှင်းတွေ သန်စွမ်းဖို့လိုတယ်လို့ နိုင်ငံရေးသိပ္ပံ ဆရာများက ဆိုကြတယ်။ အင်စတီကျူးရှင်းလို့ ဆိုရာမှာ ဘယ်အဖွဲ့စည်းတွေ ပါသလဲလို့မေးရင်တော့ -
(၁) လွှတ်တော်
(၂) အစိုးရဌာနတွေ
(၃) တရားစီရင်ရေး အဖွဲ့တွေ
(၄) သတင်းမီဒီယာတွေ
(၅) အရပ်ဘက် အဖွဲ့အစည်းတွေ
(၆) စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေ
(၇) နိုင်ငံရေးအဖွဲ့စည်းတွေ
(၈) ပညာရေးနဲ့ သုတေသန အဖွဲ့အစည်းတွေ
(၉) ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ ကို ရည်ညွှန်းတယ်လို့ ဆိုနိုင်ပါတယ်။
ဥပဒေအားနည်းမှု အခွင့်အရေးယူတာ ဒီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်ပါဘူး။ ဥပဒေလိုက်နာရမှာ ဆိုပေမယ့် တည်ဆဲဖြစ်နေတဲ့ ဥပဒေတွေဟာ တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ရပ်အတွက်သာ ကာကွယ်ဖို့ ရေးဆွဲ ထားတာ ဖြစ်ပြီဆိုရင် ဒါဟာ ဗဟိုချုပ်ကိုင်မှု များစေဖို့အတွက် ရည်ရွယ်တာ ပဲ ဖြစ်တဲ့အတွက် ပြုပြင်ရမှာဖြစ်ပါတယ်။ ဥပဒေ အားနည်းမှုကို အကာကွယ် ယူပြီး ရှိပြီးသား ဒီမိုကရေစီကို အလွဲသုံးစား လုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ဒါဟာ ပြောဖွယ်မရှိတော့ပါဘူး။ အများဆန္ဒအရ အဓိကလို့ ဆိုထားတဲ့ ဒီမိုကရေစီမှာ နားထောင်လိုစိတ်ရှိမှု ၊ ကွဲပြားမှုအပေါ် သဘောထားကြီးမှု ၊ ညှိနှိုင်းဆောင်ရွက်မှု ၊ အရှုံးသမားကောင်း အဖြစ် ခံယူနိုင်မှု ၊( ဒီမိုကရေစီကို ယုံကြည်ကျင့်သုံးသူသည် လွတ်လပ်သော ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်မည့် အရေးကို ကြိုတွေးပြီး အများစု၏ ဆုံးဖြတ်ချက်ကို ငြိမ်းချမ်းစွာ လေးစားလိုက်နာ ရန် အမြဲပြင်ဆင်ထားဖို့ လိုသည်။ ) ၊ ခုခံရဲတဲ့စိတ်ဓာတ် ( ဒီမိုကရေစီကို ကျင့်သုံးသူသည် မိမိ၏ အခွင့်အရေးကို ငြင်းပယ်ဖို့အတွက် အစိုးရ၏ မည်သည့် ကြိုးပမ်းမှုကိုမဆို ခုခံတိုက်ပွဲဝင်ရန် အမြဲအသင့်ရှိနေရမည်။ လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် အစိုးရ ဖြစ်ပေါ်လာသည်အထိ မည်သည့်အခါမျှ မရပ်မနားတမ်း ခုခံတိုက်ပွဲဝင်နေရမည် ။ ) လို့ ယေဘုယျ ဆိုထားကြပါတယ်။ မြန်မာမှာလို ဒီမိုကရေစီ ကျင့်သုံးမှုအရ အားနည်းပြီး အခုမှ အစပြုဖို့ ကြိုးစားတဲ့ နိုင်ငံမျိုးမှာ ဒီမိုကရေစီ ရင့်သန်ဖို့ဆိုတဲ့ ကိစ္စက အစိုးရ ၊ အာဏာရပါတီ အဖွဲ့စည်းတွေသာမက ၊ တိုင်းရင်းသား အင်အားစုတွေ ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပညာတတ် ပြည်သူတွေမှာလည်း တာဝန်ရှိပါ တယ်။ နိုင်ငံရေးအရ ဒီမိုကရေစီ အ၀န်းအ၀ိုင်းက ရာခိုင်နှုန်းအားဖြင့် ရာနှုန်းပြည့် မရသေးရင်တောင် အဖွဲ့အစည်းလိုက် ပါတီလိုက် ကျင့်သုံးမှုတွေနဲ့ အတူ တဖြည်းဖြည်း ဘောင်ချဲ့သွားရမှာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ လက်ရှိ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် စပ်ကြား ဒီမိုကရေစီ စနစ်နဲ့အတူ တစ်ချိန်ချိန်မှာ ဒီမိုကရေစီကို သွားဖို့ဆိုတဲ့ ကိစ္စတွေက ကြိုတင်စဉ်းစားကြရ မှာပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ရွေးချယ်မှုတွေ က တပ်ဖွဲ့တွင်း အားလုံးပါဝင်မှုကို အခြေခံသလား၊ အပေါ် ကော်မတီ အဆင့်တွေကနေပဲ သီးသန့်ရွေးတာလား ၊ အဖွဲ့အတွင်း အာဏာသိမ်း ပွဲတွေ ဖြစ်တတ်သလား စတဲ့ အချက်တွေက အဖွဲ့အတွင်း ဒီမိုကရေစီ ကျင့်သုံးမှု ဘယ်လောက်ရှိမရှိဆိုတဲ့ အချက်ကို တိုင်းတာနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီကနေ တစ်ဆင့်မြင့်ရင်တော့ တပ်ဖွဲ့အတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေမှာ မှန်ကန်တရားမျှတမှု ရှိရဲ့လား ၊ ကွန်ဂရက် ( သို့မဟုတ် ) ပါတီ ညီလာခံကနေ ခေါင်းဆောင် ရွေးချယ်မှုအ တွက် ရွေးချယ်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းတွေရဲ့ အဆင့်အတန်း ၊ အဲဒီစည်းမျဉ်းတွေကို လိုက်နာမှု ရှိမရှိ ၊ စည်းမျဉ်းတွေရဲ့ အားနည်းချက်က ဘာလဲ ၊ ညီလာခံနဲ့ ကွန်ဂရက်ဆိုင်ရာ ရွေးချယ်မှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ၊ လေ့လာသူတွေနဲ့ မီဒီယာတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက ဘယ်လိုဆိုတဲ့ အချက်တွေကလည်း တပ်ဖွဲ့တွင်း ဒီမိုကရေစီ နည်းကျ ရွေးချယ်မှု အဆင့်အတန်းက ဘယ်လောက်ဆိုတာကို တိုင်းတာနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကြည့်ရင် အင်စတီကျူးရှင်းနဲ့ နိုင်ငံရေးအရ တခြား လက်နက်ကိုင်တွေထက် ဖွဲ့စည်းမှု မဆိုးလှတဲ့ အဖွဲ့တွေထဲမှာ KNU ကရင်အမျိုးသား အစည်းအရုံး၊ KIO၊ KNPP ကရင်နီ တို့ပါဝင်ပါတယ်။ အားလုံးဟာ သက်တော်ရှည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေအားလုံးမှာ ဗဟိုကော်မတီတွေ အောက်ခြေ ကနေ ခေါင်းဆောင်တွေကို ရွေးချယ်တင်မြောက်တဲ့ အလေ့အထ ရှိပါတယ်။ သက်တမ်း နှစ်နှစ်ဆယ်လောက်သာ ရှိသေးတဲ့ RCSS/SSA လို အဖွဲ့တွေမှာ လည်း ဗဟိုကော်မတီဝင်တွေနဲ့ ထိပ်တန်း ရာထူးတွေကို ငါးနှစ်တစ်ကြိမ် ညီလာခံကျင်းပပြီး ရွေးချယ်တဲ့ အလေ့အထ ကျင့်သုံးနေပါတယ်။ အကြပ်အဆင့်ကနေ တပ်မှူးအဆင့်အထိ မဲပေးရွေးချယ်မှုတွေက တစ်ဆင့်ပါ။ ပါတီ ကွန်ဂရက်ပုံစံသီးသန့် ကျင့်သုံးပြီး စနစ်အကျဆုံး ကျင့်သုံးမှု သက်တမ်း အကြာဆုံး အဖွဲ့အစည်းကတော့ KNU လို့ဆိုနိုင်ပါတယ်။ တစ်ခေတ်တစ်ခါက နာမည်ကျော် ခဲ့တဲ့ KNU ခေါင်းဆောင်တွေ တော်တော်များများဟာ ကရင်အမျိုးသား အစည်းအရုံး ကွန်ဂရက်ကနေ တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ KIO ကတော့ လက်ရှိ အာဏာရထားတဲ့ အုပ်စုတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်တုန်းက KIA အာဏာရ ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌတွေကို အာဏာ သိမ်းခဲ့ဖူးတဲ့ ကိစ္စကတော့ ရှိခဲ့ဖူးပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ကိုကြည့်ရင် မြောက်ပိုင်းက ကိုးကန့် ၊ "၀" ၊ မိုင်းလားတို့ဟာ အဖွဲ့စည်းအတွင်း စနစ်ကျနမှုထက် ဂိုဏ်းဂဏနဲ့ နီးစပ်မှုကို အခြေခံသလားဆိုတာ တွေးစရာရှိပါတယ်။ ဆွေမျိုးနီးစပ် နေရာယူထားမှုတွေ များလွန်းလှတဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စစ်ဘုရင်လို ၀ါဒတွေ ပိုမို ထွန်းကားဟန်လည်း ရှိပါတယ်။
ခြုံကြည့်မယ်ဆိုရင်တော့ အဖွဲ့အားလုံးဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ် တာနဲ့အညီ အနည်းနဲ့အများဆိုသလို ဂိုဏ်းဂဏ ကိစ္စတွေကတော့ ရှိကြ တာတွေချည်းပါပဲ။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကပဲ KIO ထိပ်တန်း တာဝန်ရှိသူတွေ အကြား ရားထူးအရ ထုတ်ပယ်နေရာချထားမှု အချို့ဖြစ်ခဲ့ပြီး ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းအချို့ရဲ့ ထိန်းညှိမှုကြောင့် သာ ပြသ၁နာတွေ ပြေလည်ခဲ့ရပါတယ်။ အဲတုန်းကလည်း ကချင်လူထုတွေ အကြား ပူပန်မှု အချို့ ဖြစ်ခဲ့ပါသေးတယ်။ KIO မှာ ခေါင်းဆောင်ချင်း အာဏာသိမ်းတဲ့ အစဉ်အလာက ရှိခဲ့ဖူးတဲ့အတွက်ကြောင့် ပဲဖြစ်ပါတယ်။ KNU ကတော့ အဖွဲ့အစည်းအတွင်း DKBA နဲ့ KNU ကွဲသလို ကိစ္စတွေ ဖြစ်ခဲ့ ဖူးပေမယ့် အာဏာသိမ်းတဲ့ ကိစ္စမျိုးကိုတော့ ရှောင်ရှားလေ့ရှိတဲ့ အဖွဲ့ ဖြစ်ပါ တယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ KNU ကွန်ဂရက်ကနေ ခေါင်းဆောင်တွေ ကို ရွေးချယ်တာ အစဉ်အလာလိုတောင် ဖြစ်နေပါပြီ။ ယုတ်စွအဆုံး KNU နဲ့ DKBA ကွဲစမှာ DKBA အနေနဲ့ ဒုက္ခသည်စခန်းတွေကို မီးရှို့တာအထိ လုပ်ခဲ့ပြီး တင်းမာမှု အရှိန်မြင့်ခဲ့ပေမယ့် KNU ခေါင်းဆောင်ပိုင်းက ဖဒိုမန်းရှာတို့ အုပ်စု တိုက်ခိုက်ရေး နည်းလမ်းကို ဦးစားမပေးဘဲ မြိုင်ကြီးငူဒေသမှာ သွားရောက် ညှိနှိုင်းခဲ့ဖူးတာတွေ လုပ်ခဲ့ပါတယ်။ ခေတ္တဖမ်းချုပ်ခံရမှုတွေ ဖြစ်ခဲ့ တယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဖဒိုမန်းရှာတို့ အုပ်စုဟာမြိုင်ကြီးငူကနေ KNU ဆီကို ပြန်ခဲ့ရပါတယ်။ KNU ရွေးကောက်ပွဲဟာ အဖွဲ့အစည်းအတွင်း ပါတီတွင်း ရွေးကောက်ပွဲ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် အာဏာရ NLD ပါတီရဲ့ ရွေးကောက် တင်မြှောက်မှုတွေ ထက်တောင် သာပါတယ်။ NLD မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ ပါတီ ညီလာခံကနေ ရွေးကောက်ထားတာ မဟုတ်ပါဘူး။ KNU မှာတော့ အဆင့်အားလုံးဟာ ခရိုင်ကနေ ဗဟိုကော်မတီ ၊ ဗဟိုအလုပ်အမှုဆောင် ယုတ်စွအဆုံး ဥက္ကဋ္ဌ ရာထူးအပါအ၀င် ရာထူးအားလုံးဟာ လေးနှစ် တစ်ကြိမ် ကျင်းပတဲ့ KNU ကွန်ဂရက်ကနေ ရွေးချယ်ရတာ ဖြစ်ပါတယ်။
လတ်တလော ကြားရတဲ့ KNU နဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် အံ့သြမှင်တက်မှုတွေလည်း ဖြစ်မိပါတယ်။ ဒါကတော့ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ KNU ကွန်ဂရက် ( ရွေးကောက်ပွဲ ) တွေကို ရွှေ့ဆိုင်းဖို့ ပြင် ဆင်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် မပြီးပြတ်သေးတာကြောင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ခဲ့ရင်ဆိုတဲ့ သဘောနဲ့ လက်ရှိ အာဏာယူထားတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဆိုလိုတဲ့ သဘောက ငြိမ်းချမ်းရေးရမှ ကွန်ဂရက် (ရွေးကောက်ပွဲ) ဆက်ကျင်းပဆိုတဲ့ သဘောပါ။ အဲဒီ အချိန်မှာပဲ ခရိုင်အလိုက် ကွန်ဂရက်တွေတောင် ကျင်းပပြီးစီးနေခဲ့ပါပြီ။ KNU ရဲ့ ရွေးကောက်ပွဲ စည်းမျဉ်းမှာက အကြောင်းအမျိုးမျိုးကြောင့် ကွန်ဂရက်ကို ရွှေ့ဆိုင်းလို့ရတယ် ဆိုတဲ့ အချက်လည်းပါပါတယ်။
အမှန်ဆိုရင်တော့ ပုံမှန် ကျင်းပရမယ့် ကွန်ဂရက်က အခု နိုဝင်ဘာလမှာ ကျင်းပရမှာပါ။ ကွန်ဂရက်ရွှေ့ဆိုင်းဖို့ တင်ပြမှုကြောင့်ပဲ နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ KNU ဗဟိုကော်မတီ အစည်းဝေးကို ကျင်းပခဲ့ရပါတယ်။ အဲဒီမှာ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ကွန်ဂရက် မရွှေ့ဆိုင်းသင့်တဲ့ အကြောင်း ကနဦးမှာတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အစည်းအဝေးက ရွှေ့ဆိုင်းလိုတဲ့အုပ်စုနဲ့ မရွှေ့လိုတဲ့အုပ်စုအကြား လွန်ဆွဲနေတာကြောင့် နောက်ဆုံးမှာ နောက် ခြောက်လအကြာမှာ ဆက်လက် ကျင်းပမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ကေအန်ယူ ကွန်ဂရက်ကိစ္စကို သမ္မတရုံးက လူအချို့လည်း စိတ်ဝင်စားဟန် ရှိကြပါတယ်။ KNU ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေတုန်း သမ္မတရုံးက လူအချို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ KNU ဥက္ကဋ္ဌက ငြိမ်းချမ်းရေးကို လိုလားကြောင်း ပိုစ့်တစ်ပို့စ်ကို ရှဲနေတာတောင် တွေ့ရပါတယ်။
ကရင်အသိုင်းအ၀ိုင်း တချို့ကတော့ ဒီကွန်ဂရက်ရွှေ့တာ KNU လက်ရှိ ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ တာဝန်ရှိသူ တချို့က ဖိအားပေးလို့လား ဆိုတာ သံသယ၀င်နေခဲ့ပါတယ်။ ဒါကလည်း သဘာဝကျပါ တယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ တော်တော်များများက မြန် မာနိုင်ငံ မြောက်ပိုင်းမှာ ရှိနေပြီး KNU က မြန်မာနိုင်ငံ တောင်ပိုင်းမှာ ရှိနေတဲ့ အတွက် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ခဲ့ရင် အန်စီအေ ထိုးပြီးသား ပျက်သွားမလား ၊ စစ်မျက်နှာ ပြင်ဆင်မှု ပိုဖွင့်လာရမလား (ဒါမဟုတ် ) အားလုံးစုမိပြီး နိုင်ငံရေးအရ ပိုပြီး အားကောင်းမောင်းသန် တောင်းဆိုလာကြ မလား ဆိုတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပါတယ်။ နောက်ပြီး လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ် ဖွဲ့ထဲမှာ နိုင်ငံရေး အစဉ်အလာအရ မြင့်တာဆိုလို့ ကေအန်ယူပဲ ပါတဲ့အတွက် ဖြစ်ပါတယ်။
KNU မှာလည်း အားလုံး သိကြတဲ့အတိုင်းပဲ နိုင်ငံရေးအရ မတူညီတဲ့ အုပ်စုတွေ ရှိကြတာပါပဲ။ လက်ရှိ ဥက္ကဋ္ဌ မူတူးစေးဖိုးတို့ အုပ်စုဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မကြာခဏ သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ လာတွေ့ခဲ့တဲ့ အုပ်စုတွေ ဖြစ်ပါတယ်။ သူတို့ဟာ UNFC တပ်ပေါင်းစုကနေလည်း နုတ်ထွက်ခဲ့ပါသေးတယ်။ ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အုပ်စုကတော့ UNFC တပ်ပေါင်းစု မူဝါဒကို လက်ခံသလို KIO ၊ "၀" စတဲ့ အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေးတွေကိုလည်း သွားတက်ခဲ့သူ ဖြစ်ပါတယ်။ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုး လိုက်တဲ့ KNU အဖို့ကတော့ တာဝန်ရှိသူအချို့ဟာ အစိုးရနဲ့ ပူးတွဲဖွဲ့စည်းထား တဲ့ နှစ်ဖက်ပူးတွဲ ကော်မတီတွေမှာ ပူးတွဲထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလူတွေ ကွန်ဂရက်မှာ ပြန်လည် အရွေးမခံရရင်ဆိုတဲ့ ကိစ္စမျိုးတွေကလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် NCA အပစ်ရပ်ထားပြီး သေနတ် သံတွေ ကရင်နယ်မြေတွေမှာ တိတ်နေခဲ့ပေမယ့် တစ်ဖွဲ့ချင်းစီအရ သဘောတူထားတဲ့ အပစ်ရပ် စာချုပ်ပါအချက်တွေ၊ ရွာနီးချုပ်စပ်နဲ့ တစ်ဖက်နဲ့ တစ်ဖက် စစ်ရေးအရ စိုးမိုးမှုအတွက် နေရာယူထားတဲ့ တပ်စခန်းတွေ က ရွှေ့ဆိုင်းခြင်း မပြုရသေးပါဘူး။ ဒါ့အပြင် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် သဘောတူညီထားမှုတွေကလည်း အကောင်ထည် ဖော်နိုင်စွမ်း လျော့ နည်းနေခဲ့ပါတယ်။ ဒုက္ခသည် အချို့ စမ်းသပ်အနေနဲ့ ပြည်တော်ပြန်ခဲ့ပေ မယ့် နေစရာနေရာတွေလည်း အဆင်သင့် မဖြစ်သလို ပြန်လည်နေရာချ ထားရေးနဲ့ ဆက်စပ်ဖွံ့ဖြိုးမှု လုပ်ငန်းတွေဖြစ်တဲ့ မြေယာခွဲဝေရေး ၊ အစဉ်အဆက်ပိုင် မြေယာတွေကို အသိမှတ်ပြုရေးတွေလို ကိစ္စတွေမှာ အစိုးရဘက်က ဆောင်ရွက်ပေးမှုနဲ့ မြေယာ ပေါ်လစီတွေက အားနည်းနေဆဲပါပဲ။
ဒါတွေက ခြုံကြည့်ရင် KNU ခေါင်းဆောင်ပိုင်း အပြောင်းလဲ ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတွေပါ။ အရေးကြီးတဲ့ အချက်ကတော့ အစဉ်အဆက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ဦးဆောင်သူ အခန်းကဏ္ဍမှာရှိခဲ့တဲ့ KNU အနေနဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး လက်ထက်မှာ နိုင်ငံရေး ၀ိတ်အရ အတော်လေးကို ကျသွားခဲ့တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ဥက္ကဋ္ဌ လုပ်နေတဲ့ အုပ်စုတွေ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ KNU ကွန်ဂရက်မှာ မဲစာရွက် မီးလောင်တဲ့ ကိစ္စတွေဖြစ်ခဲ့တယ်လို့ ဧရာဝတီ သတင်းတစ်ပုဒ် မှာလည်း ဖော်ပြထားပါတယ်။
အင်စတီကျူးရှင်းတွေမှာ နောက်ပိုင်းမှာ အစဉ်အလာတို့ အစွဲတို့ကို ထည့်သွင်းလာကြပါတယ်။ ဒါကလည်း အစဉ်အလာနဲ့ အစွဲတွေရှိနေ ရင် ပြောင်းလဲဖို့ ခက်တတ်တဲ့အတွက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် KNU ကွန်ဂရက်က ခြောက်လ ရွှေ့ဆိုင်းလိုက်ပါပြီ။ ကာလအကြာကြီး ရွှေ့ဆိုင်းတာ မဟုတ်တဲ့အတွက် တော်သေးတယ် ဆိုနိုင်ပေမယ့် ဂိုဏ်းဂဏနဲ့ အယူအဆရေး ရာ ပြသ၁နာကြောင့် တပ်ဖွဲ့တွင်း ရှိပြီးသား ဒီမိုကရေစီ ကျင့်စဉ်တစ်ရပ် ကို ရွှေ့ဆိုင်းဖို့ အသုံးချတာကတော့ သိပ်မကောင်းလှတဲ့ ကိစ္စပါ။ အစဉ်အလာ တစ်ရပ်လို ဖြစ်သွားမှာလည်း စိုးရိမ်စရာပါ။ အဖွဲ့ရဲ့ စည်းမျဉ်းအားနည်းမှုတွေက တစ်ဆင့် မကြာခဏ ဒီလိုလုပ်နေမယ်ဆိုရင် အာဏာရှင်နဲ့ လူမျိုးကြီးဝါဒ ကို တော်လှန်နေသူတွေ ကိုယ်တိုင် စည်းမျဉ်းကို လိုသလို အသုံးချရင်း အဖွဲ့အစည်းအတွင်း ဒီမိုကရေစီကျင့်သုံးမှု အားနည်းလာ၊ အဖွဲ့အစည်းအတွင်း အားလုံးပါဝင်နိုင် အခန်းကဏ္ဍ လျော့နည်းပြီး ဗဟိုဦးစီးစနစ်ကျင့်သုံး မှုတွေ ပြန်အားကောင်း လာဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။
လူမှုပညာရှင် မက်ဝေဘာက နိုင်ငံတွေကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုး ခွဲခြားထားပါတယ်။ ဆွေမျိုးစုနိုင်ငံတွေ (Patrimonial) နဲ့ Modern State (ခေတ်သစ်နိုင်ငံ) တို့ဖြစ်ပါတယ်။ ဆွေမျိုးစုနိုင်ငံမှာ အုပ်ချုပ်သူက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို အမွေဆက်ခံသလို သဘောထားပြီး အုပ်ချုပ်ရေးယန္တရား ကို ဆွေမျိုးမိသားစု မိတ်ဆွေများနဲ့ တိုးချဲ့ကာ သူတို့ကိုလည်း နိုင်ငံထဲမှာ အကြီးအကျယ် ကောင်းစားစေပါတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေပြုတဲ့ သဘောပါ။ ခေတ်သစ်နိုင်ငံ ( Modern State ) ကတော့ ဒီမိုကရေစီနည်းကျ ကာ ပုဂ္ဂိုလ်စွဲကင်းမှုအပေါ် အခြေခံပြီး ဆွေမျိုး ၊ မိသားစုတွေနဲ့ ခင်မင်ရင်းနှီး သူတွေကို အုပ်ချုပ်ရေး ယန္တရားထဲ နေရာချထား မပေးနိုင်ဘဲ လူမှန်နေရာ မှန် ဖြစ်စေတဲ့ စနစ်မျိုးပါ။ အဖွဲ့စည်းတွေလည်း မိမိတို့အဖွဲ့အစည်းက ဘယ်လို အဖွဲ့အစည်းဆိုတာ မက်ဝေဘာရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို အခြေခံပြီး နှိုင်း ယှဉ်ကြည့်နိုင်ပါတယ်။
စိုင်းထွန်းအောင်လွင်
The Ladies News
Image may contain: one or more people

No comments: